ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူမှုကွန်ရက်မှာ အကောင့်တု အကောင့်ပုန်းတွေကို ဗီယက်နမ်က ဖယ်ရှားမယ်
အွန်လိုင်းက လိမ်လည်မှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတွေ သူတို့ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်ပြောရမယ်လို့ ဗီယက်နမ်အစိုးရ ပြောပါတယ်။
ဒီလုပ်ဆောင်မှုဟာ ဥပဒေချိုးဖောက်ဖို့ရည်ရွက်ချက်နဲ့ အသုံးပြုနေတဲ့ အမည်မသိအကောင့် အသုံးပြုတွေကို တားမြစ်ဖို့ ရည်ရွယ်တာလို့ သိရပါတယ်။
ဖေ့စ်ဘွတ်ခ်တို့လို ပြည်တွင်းပြည်ပ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းပေါ်မှာ ဘယ်သူဘယ် ဝါဆိုတာမဖော်ပြထားတဲ့ အကောင့်အသုံးပြုသူတွေ စည်းမျဉ်းအသစ်တွေကို မဖြစ်မနေ လိုက်နာရတော့မှာ ဖြစ်ပါတယ်။
ဒီစည်းမျဥ်းအသစ်ကို ၂၀၂၃ နှစ်ကုန်ပိုင်းက စအကောင်အထည်ဖော်မယ်လို့ မျှော်လင့်ရပြီး ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတဲ့အချက်ကိုတော့ အသေအချာမသိရသေးပါဘူး။
ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ အမည်မသိအကောင့်တွေကို အာဏာပိုင်တွေက စောင့်ကြည့် ပိတ်ဆို့အရေးယူသွားမှာဖြစ်ကြောင်း ဗီယက်နမ်အစိုးရပိုင်မီယာကနေ ထုတ်ပြောထားပြီး ဖြစ်ပါတယ်။ ဒါဟာ လူမှုကွန်ရက်မီဒီယာအသုံးပြုသူတွေကို ဗီယက်နမ်မှာ ကန့်သတ်မှု တွေ ဆက်တိုက်ပြုလုပ်နေတဲ့အထဲက နောက်ဆုံး ကန့်သတ်မှုဖြစ်ပါတယ်။
သတင်းတုလို့ ယူဆရတဲ့ သတင်းတွေကို ၂၈ နှစ်နာရီအတွင်း ဖြုတ်ချပစ်ရမယ်လို့ အရင်က သတ်မှတ်ထားတာကနေ ၂၄ နာရီအတွင်း ဖြုတ်ချပစ်ရမယ်လို့ မနှစ်က ပြောင်းလဲသတ်မှတ် ခဲ့ပါတယ်။
ဂူဂဲလ်နဲ့ ဖေ့စ်ဘွတ်ခ်တို့လို နည်းပညာကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကို သုံးစွဲနေသူတွေရဲ့ အချက်အ လက်တွေကိုလည်း ပြည်တွင်းမှာပဲ သိမ်းဆည်းထားရမယ်ဆိုတဲ့ ဥပဒေကိုလည်း ၂၀၂၂ ခုနှစ်က အတည်ပြုထားပါတယ်။
ဒီစည်းမျဥ်းက ကုမ္ပဏီတွေကို ဖိအားပေးနိုင်တဲ့ စွမ်းရည်တွေ ဗီယက်နမ်အစိုးရကို ပိုပေး သလိုဖြစ်လာပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထောက်ပြခဲ့ပါတယ်။
နောက်ဆုံးထုတ်ပြန်တဲ့ စည်းမျဉ်းတွေဟာ ဆယ်သွယ်ရေးဥပဒေပြင်ဆင်မှု အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ မဖြစ်မနေ အတည်ပြုချက်ပေးဖို့တော့ လိုအပ်နေပါသေးတယ်။
ဒီဥပဒေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ အသက်ဝင်လာမယ်လို့ မျှော်လင့်ရပြီး အသေးစိတ် အချက်အ လက် အပြည့်အစုံကိုတော့ ထုတ်ဖော်ပြောကြားတာ မတွေ့ရသေးပါဘူး။ အကောင့်ပိုင်ရှင် ဘယ်သူ ဘယ်ဝါဆိုတာဖော်ပြရမယ့် စည်းမျဉ်းသစ်ကို ဗီယက်နမ်က နည်းပညာကုမ္ပဏီတွေ အားလုံး ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးချင်းတင်မက အဖွဲ့အစည်းတွေပါ ဒီစည်းမျဉ်းအသစ်တွေကို လိုက်နာရတော့မှာဖြစ်ပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဥပဒေချိုးဖောက်တဲ့ ဆိုရှယ်မီဒီယာအကောင့်ပိုင်ရှင်တွေကို ဖော်ထုတ်နိုင် ပေမယ့် နယ်စပ်ဖြတ်ကျော် အပလီကေးရှင်းတွေ အသုံးပြုတာတွေကိုတော့ ခြေရာခံတားဆီးနိုင်မှာ မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ငုယင်ထန်းလမ်က ဗီယက် နမ်အစိုးရပိုင် Voice of Vietnam သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
လူမှုကွန်ရက်မီဒီယာတွေပေါ်က မဟုတ်မမှန် လုပ်ကြံသတင်းတွေဖြန့်တာနဲ့ အမုန်းစကား ပြော တာတွေ မြင့်တက်လာတာဟာ အရှေ့တောင်အာရှနိုင်ငံ အစိုးရတွေအတွက် စိုးရိမ်စရာ ဖြစ်လာ ပေမဲ့ ဗီယက်နမ်အစိုးရအပါအဝင် အရှေ့တောင်အာရှ အစိုးရတွေက ဒီဂျစ်တယ် မီဒီယာလမ်းကြောင်းကို ပိုမိုထိန်းချုပ်လာနိုင်ဖို့ မရေရာတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အသုံးပြုခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
"သတင်းအတုတွေကို လက်နက်အဖြစ် အသုံးပြုနေတာက အားကောင်းတဲ့ အွန်လိုင်း သတင်း အချက်အလက်စီးဆင်းတဲ့ ပတ်ဝန်းကျင်ကို ထိန်းချုပ်ဖို့ အစိုးရတွေကို အခွင့်အလမ်းရှာပေးသလို ဖြစ်နေတယ်”လို့ ISEAS-Yusof Ishak Institute လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။
ဗီယက်နမ်ဟာ ၂၀၂၃ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆင့်သတ်မှတ်ချက် နိုင်ငံ ၁၈၀ မှာ တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ အထက် အဆင် ၁၇၈ နေရာမှာရှိနေပါတယ်။