ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆက်ဒမ်ဟူစိန်ခေတ်က ပိုကောင်းတယ်လို့ အီရတ်အများစု ယူဆ - လေ့လာမှု
အီရတ်မှာ ကောက်ယူခဲ့တဲ့ နောက်ဆုံး လေ့လာမှု စစ်တမ်းတခုအရ အီရတ်လူမျိုး အများစုက သူတို့ တိုင်းပြည်ဟာ ၂၀၀၃ ခုနှစ်က အမေရိကန် ဦးဆောင်တဲ့ ကျူးကျော်မှု နောက်ပိုင်း အခြေအနေပိုဆိုးသွားတယ်လို့ ယူဆကြပါတယ်။
ရေနံ သယံဇာတ ကြွယ်ဝတဲ့ အီရတ်မှာ သမ္မတ ဆက်ဒမ်ဟူစိန်ရဲ့ အစိုးရကို ဖြုတ်ချခဲ့တာ နှစ်ပေါင်း ၂၀ ပြည့်တဲ့ အချိန်ကာလမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်ပါတယ်။
Gallup International လို့ခေါ်တဲ့ အဖွဲ့အစည်းက ကောက်ယူခဲ့တဲ့ စစ်တမ်းဖြစ်ပြီး အီရတ်ပြည်နယ် ၁၈ ခုမှာ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီလအတွင်းမှာ ကောက်ယူခဲ့တာာ ဖြစ်ပြီး လူထုကိုယ်စားပြု အရွယ်ရောက်ပြီးသူပေါင်း ၂၀၂၄ ယောက်ရဲ့ သဘောထား အမြင်တွေ ဖြစ်ပါတယ်။
အီရတ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ အမေရိကန်ကျူးကျော်မှု မတိုင်ခင် ကာလကို နှိုင်းယှဉ်ပြီး မေးမြန်းခဲ့ရာမှာ ၆၀ ရာခိုင်နှုန်းက အခြေအနေ ပိုဆိုးလာတယ်လို့ ယူဆပြီး ၄၀ ရာခိုင်နှုန်းကတော့ ပိုတိုးတက် ကောင်းမွန်လာတယ်လို့ ယူဆပါတယ်။
အီရတ်က ရှီယာ အာရပ်လူမျိုး အများစုဟာ ၂၀၀၃ နောက်ပိုင်း ပိုမို အင်အားကောင်းလာခဲ့သလို အီရတ်အတွင်းက ဆွန်နီ အာရပ်တွေ၊ ကာ့ဒ်တွေနဲ့ တခြား လူနည်းစုတွေ အပေါ် မကျေနပ်မှုတွေလည်း ပိုကျယ်ပြန့်လာခဲ့ပါတယ်။
ဒီလို သဘောမညီမျှမှုတွေဟာ အခု လေ့လာမှုထဲမှာ ပိုပြီး ထင်သာမြင်သာ ရှိလာပါတယ်။ ၅၄ ရာခိုင်နှုန်းသော ဆွန်နီ မွတ်စလင်တွေက ဆက်ဒမ် ဟူစိန်လက်ထက်က သူတို့ လူနေမှု ဘဝတွေ ပိုကောင်းမွန်ခဲ့တယ်လို့ ယုံကြည်ယူဆကြတာကို တွေ့ရပါတယ်။
ဒီလို ယူဆမှုတွေ ရှိသလို တဖက်မှာလည်း အပေါင်းလက္ခဏာ ပြတဲ့ တိုးတက်မှုတချို့လည်း တွေ့ရပါတယ်။ စစ်တမ်းကောက်ယူခဲ့သူ တွေထဲက ၃ ပုံ ၁ ပုံကသာ အီရတ်ဟာ အရင်ကထက် ပို ဆင်းရဲသွားတယ်လို့ ယူဆကြတာကို တွေ့ရပါတယ်။
Gallup International က သူတို့ရဲ့ မှတ်တမ်းတွေထဲမှာ ပြန်လည် ရှာဖွေကြည့်ရာမှာလည်း ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကလည်း ဒီမေးခွန်းကိုပဲ အီရတ်လူမျိုး ၃ ပုံ ၂ ပုံနီးပါးက ဒီအဖြေအတိုင်းပဲ ဖြေခဲ့ကြတာကို တွေ့ရပါတယ်။
အန်ဘာ ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် အီရတ် အမျိုးသား တဦးကတော့ အရင်ကထက် ပိုကောင်းလာသား၊ ပိုဆိုးသွားသလား ဆိုတာ ဆုံးဖြတ်ဖို့ ခက်တယ်လို့ စစ်တမ်းကောက်ယူတဲ့ အဖွဲ့ကို ပြောပါတယ်။
သူက အပြောင်းအလဲတွေကြောင့် မျှော်လင့်ချက်တွေ ရှိလာပြီး အတိတ်ကို မေ့သွားတတ်ကြတယ်၊ စီးပွားရေး အခြေအနေက တိုးတက်ကောင်း တိုးတက်လာနိုင်ပေမယ့် ထုတ်လုပ်မှုပိုင်းနဲ့ လုံခြုံရေးအခြေအနေတွေမှာတော့ အဆုတ်ဘက်ကို ပြနေတယ်လို့ ဆိုပါတယ်။
၂၀၀၃ ခုနှစ်က အမေရိကန်က အီရတ်မှာ (WMDs) လို့ခေါ်တဲ့ လူအများအပြားကို သေစေနိုင်တဲ့ လက်နက်တွေ ရှိနေတယ်၊ ဆက်ဒမ်ဟူစိန်ရဲ့ အစိုးရဟာ ကမ္ဘာ့လုံခြုံရေးအတွက် အန္တရာယ်ရှိတယ် ဆိုပြီး ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ အဲဒီ (WMDs) တွေကိုလည်း မတွေ့ခဲ့ရပါဘူး။ စစ်ကြောင့် အီရတ်လူမျိုး ထောင်ပေါင်းများစွာသာ သေကြေ ပျက်စီးခဲ့ရပြီး နိုင်ငံလည်း မတည်မငြိမ် ဖြစ်သွားခဲ့ပါတယ်။
အမေရိကန် အစိုးရဘက်က ကျူးကျော် တိုက်ခိုက်ခဲ့ရတာနဲ့ ပတ်သက်လို့ ဘယ်လိုပဲ အကြောင်းပြနေပါစေ အီရတ်လူမျိုး အများအပြားကတော့ စစ်ရဲ့ နောက်ကွယ်က တကယ့် ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ သံသယ ရှိနေကြဆဲ ဖြစ်ပါတယ်။
အီရတ်လူမျိုး ၅၁ ရာခိုင်နှုန်းက အမေရိကန်ဟာ သူတို့ တိုင်းပြည်က သယံဇာတတွေကို မက်မောပြီး ကျူးကျော်ခဲ့တာလို့ ယူဆကြပါတယ်။ အထူးသဖြင့် နိုင်ငံအရှေ့တောင်ပိုင်း ပြည်နယ်တွေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ အန်ဘာ ပြည်နယ်တွေ ဘက်မှာ အများဆုံးဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ၂၉ ရာခိုင်နှုန်းက ဆက်ဒမ်ဟူစိန်ရဲ့ အစိုးရကို ဖြုတ်ချဖို့အတွက် တိုက်ခဲ့တာလို့ ယူဆကြပါတယ်။ တစ်ခါ အမေရိကန်က ကာကွယ်ရေး လုပ်ငန်း ကန်ထရိုက်တွေရဲ့ အကျိုးစီးပွားအတွက်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ အီရတ်မှာ ဒီမိုကရေစီ ထွန်းကားရေးစတဲ့ အယူအဆတွေလည်း ရှိကြပေမယ့် သိပ်တော့ မများလှပါဘူး။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံစုံတပ်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ပြီးဆုံးပြီး နောက်မှာ လက်နက်ကိုင် အဖွဲ့တွေလည်း ပေါ်လာခဲ့ပါတယ်။ အထူးသဖြင့် ဆက်ဒမ်ဟူစိန် လက်ထက်မှာ ဖိနှိပ် ခံခဲ့ရတဲ့ နိုင်ငံလူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ရှိတဲ့ ရှီယာ မွတ်စလင်တွေကို အကြောင်းပြုပြီး အီရန်ကလည်း ချယ်လှယ်ဖို့ လမ်းစ ရခဲ့ပါတယ်။
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ပေါ်လာတဲ့ အခါမှာလည်း နိုင်ငံမြောက်ပိုင်းက အခွင့်အရေး ဆုံးရှုံးနေတဲ့ ဆွန်နီ တွေရဲ့ ထောက်ခံမှုတွေကို ရခဲ့ပြီး ၂၀၁၄ အတွင်းမှာ အီရတ်ကို ထိန်းချုပ်နိုင်ဖို့ စစ်ပွဲသစ်တွေ စခဲ့ပါတယ်။ ဘဂ္ဂဒက်အတွက် အမေရိကန်နဲ့ မဟာမိတ်တွေက စစ်ရေး အကူအညီတွေ အမြောက်အများ ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ IS တွေကို တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံတွင်း အခြေအနေတွေ ပြန်လည် တည်ငြိမ်လာခဲ့ပါတယ်။
အနာဂတ်မှာ သူတို့ နိုင်ငံအတွင်း အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုနဲ့ သက်ဆိုင်တဲ့ အပိုင်းမှာတော့ အီရတ်လူမျိုးတွေအကြား အမြင်အမျိုးမျိုး ရှိနေတာကို တွေ့ရပါတယ်။ လေ့လာမှုတွေအရ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် အတွင်းက အီရတ်မှာ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၁၇၀,၀၀၀ နီးပါးအထိ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၂၅၀၀ လောက်ပဲ ရှိတော့တာကို တွေ့ရပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ အထဲက အီရတ်တောင်ပိုင်း ဒေသတွေမှာ နေထိုင်ကြသူတွေက အမေရိကန်တွေ ချက်ချင်း ထွက်ခွာသွားတာကို မြင်ချင်ကြပါတယ်။ ဒါပေမဲ့ ကာဒစ္စတန် ဒေသအပါအဝင် အီရတ်မြောက်ပိုင်း ဒေသတွေမှာတော့ အမေရိကန်တွေ ဆက်ရှိနေဖို့ လိုအပ်တယ်လို့ ယူဆကြပါတယ်။
စစ်တမ်းကောက်ယူခဲ့တဲ့ အီရတ် ရှီယာတွေထဲက ၇၅ ရာခိုင်နှုန်းက အမေရိကန်နဲ့ နိုင်ငံစုံ ညွန့်ပေါင်း တပ်တွေ ဝင်ရောက်လာခဲ့တာကို အဆိုးအဖြစ် ရှုမြင်ကြပါတယ်။ သူတို့ ရုရှားကို သူတို့ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ မိတ်ဖက်အဖြစ် ထောက်ခံကြပါတယ်။ တဟီရန်နဲ့ မော်စကိုအကြား နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် ဒီလို ယူဆကြတာဟာ အဆန်းတော့ မဟုတ်ပါဘူး။
စီးပွားရေး ကဏ္ဍမှာတော့ မကြာသေးခင် နှစ်တွေအတွင်းက စပြီး တရုတ်ဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ပိုပြီး နေရာ ရလာတာကို တွေ့ရပါတယ်။ ဒီဒေသတွေဟာ အစဉ်အလာအားဖြင့် အမေရိကန်ရဲ့ လုံခြုံရေး ထီးရိပ်အောက်မှာ နေရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ အီရန်နဲ့ ဆော်ဒီအာရေဗျ အကြား တင်းမာမှုတွေ လျော့ပါးသွားပြီ ဖြစ်ကာ သံတမန်ဆက်ဆံရေးတွေ ပြန်လည်စတင်တော့မယ်လို့ တရုတ်က ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ လူငယ်တွေအတွက် အနာဂတ်ကတော့ သိပ်အားရစရာ မရှိလှပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ က ဘဂ္ဂဒက်က လမ်းတွေပေါ်မှာ စခဲ့တဲ့ Tishreen ခေါ် အောက်တိုဘာ လူထု လှုပ်ရှားမှုဟာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရတာကို တွေ့ရပါတယ်။
အီရတ် လူမျိုး ၄၇ ရာခိုင်နှုန်းက သူတို့ တိုင်းပြည်ထဲမှာ ဆက်နေလိုကြသလို နိုင်ငံသစ် တည်ဆောက်လိုကြပါတယ်။ ဒါပေမဲ့ ၄ ယောက်မှာ ၁ ယောက် တနည်းအားဖြင့် ၂၅ ရာခိုင်နှုန်းကတော့ တိုင်းပြည်ထဲကနေ ထွက်သွားချင်နေကြပါပြီ။ အီရတ် လူငယ်တွေထဲက အထူးအဖြင့် ဘဂ္ဂဒက်မှာ နေကြတဲ့ အမျိုးသားတွေက သူတို့ အနာဂတ်ဟာ ပြည်ပမှာ ပိုမို တောက်ပနိုင်မယ်လို့ ယူဆကြတဲ့ အကြောင်း အမည်မဖော်လိုသူ တယောက်က ပြောပါတယ်။
ဒါကိုပဲ အသက်အပိုင်းအခြား ထပ်ပြီး ကြည့်မယ်ဆိုင်ရင် ပိုကွဲပြားစွာ သိလာနိုင်ပါတယ်။ ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား အီရတ်လူငယ်တွေထဲက ၃ ယောက်မှာ ၁ ယောက်ဟာ ပြည်ပထွက်လိုကြပါတယ်။ အီရတ် နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ ကာလရှည် စွဲကပ်နေတဲ့ အဂတိလိုက်စားမှု ပြဿနာတွေကြောင့် ဒီလို ထွက်ချင်ကြတာပါ။
ဒါပေမဲ့ အီရတ်ရဲ့ အခက်အခဲတွေကို ကိန်းဂဏန်းအချက်အလက်တွေကိုပဲ အခြေခံပြီး ကြည့်နေလို့ မရပါဘူး။ အီရတ် ပြည်သူ သန်းပေါင်းများစွာဟာ ကသောင်းကနင်းနဲ့ ဒုက္ခသုက္ခတွေကို ဖြတ်သန်းခဲ့ရတာ ဆယ်စုနှစ် ၂ ခုစာ ရှိခဲ့ပါပြီ။
အခု အဲဒီ ပြဿနာတွေကို ဆက်ခံရင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခု တည်ဆောက်လိုတဲ့ မျိုးဆက်သစ်တွေလည်း ပေါ်လာနေပါတယ်။ အီရတ် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက်ဖြစ်ပါတယ်။ အဲဒီ မျိုးဆက်သစ် လူငယ်လေးတွေက စီးပွားရေး အခြေအနေ လုံခြုံမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာစေဖို့နဲ့ နိုင်ငံ အခြေအနေ တည်ငြိမ် အေးချမ်းဖို့ကိုလည်း လိုလားကြတာကို တွေ့ရပါတယ်။
အဲဒီ မျှော်လင့်ချက်တွေကို အီရတ် ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက ကူညီပေးနေသူတွေက အကောင်အထည် ဖော်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။