ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ ပါတီကြီးတစ်ခု ဖျက်သိမ်း- မေ ၂၇ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
တရုတ်ရဲ့ အတိုက်အခံတွေအပေါ် ဖြိုခွင်းနှိမ်နှင်းမှုကြောင့် ဟောင်ကောင်ရဲ့ အကြီးဆုံးပါတီတစ်ခုဖြစ်တဲ့ ဒီမိုကရေစီ ပါတီက ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နိုင်ငံသားနဲ့ဆိုင်တဲ့ ပါတီ ခေါ် Civic Party က ပြီးခဲ့တဲ့ နှစ် ၂ဝ နီးပါးကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဖျက်သိမ်းဖို့ ကြေညာခဲ့တဲ့ ပါတီ တည်ထောင်သူ အလန်လျောင်းက ပါတီ ထောက်ခံသူတွေကို မနက်ဖြန်ကို ယုံကြည်ဖို့ ပြောပါတယ်။
ကမ္ဘာကြီးက ပြောင်းလဲနေပေမဲ့ သမိုင်းက စကားပြောသွားမယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဟောင်ကောင် ဒီမိုကရက်တစ် ရည်မှန်းချက်က မပြီးပြည့်စုံသေးဘူးလို့ သူက ဝန်ခံပါတယ်။
ဒီ Civic Partyက ဒီမိုကရက်တစ် ပါတီလောက်အစွန်းမရောက်တဲ့ ပါတီဖြစ်ပြီး ရှေ့နေတွေ၊ ပညာရှင်တွေနဲ့ ငွေကြေးကဏ္ဍက ဝန်ထမ်းတွေ ပါဝင် ဖွဲ့စည်းထားပါတယ်။
တရုတ်ရဲ့ အမျိုးသား လုံခြုံရေး ဥပဒေကြောင့် ပါတီဝင် အများစုလည်း အဖမ်းခံရပါတယ်။
တရုတ်ရဲ့ စက်မှုလုပ်ငန်း အကျိုးအမြတ်တွေ ဆက်ကျဆင်း
ကိုဗစ်ကပ်ရောဂါအပြီးကာလမှာ ရုန်းထလာတဲ့ တရုတ်ရဲ့ စက်မှုလုပ်ငန်းတွေက အကျိုးအမြတ်တွေ ဆက်လျော့ကျနေဆဲ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ပထမ ၄ လပတ်အတွင်းမှာ စက်မှု ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်က ၂ဝ ရာခိုင်နှုန်းကျော် လျော့ကျနေဆဲ ဖြစ်ပါတယ်။
ပြည်တွင်းမှာ စျေးကွက် ဝယ်လိုအား လျော့ကျနေတာနဲ့ ပြည်ပ တင်ပို့မှု ကျဆင်းတာတွေက တရုတ်စီးပွားရေး အပေါ် ဖိအားတွေ ဖြစ်စေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဒီနှစ်မှာ တရုတ်စီးပွားရေး ၅ ရာခိုင်နှုန်း တိုးတက်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။
ကိုဗစ် ကန့်သတ်ချက်တွေ လျော့ပေးလိုက်ပြီးတဲ့နောက် စီးပွားရေး သမားတွေက တရုတ်ရဲ့ စီးပွားရေးက ၅ ရာခိုင်နှုန်းအထိ အလွယ်တကူ တိုးတက်နိုင်တယ်လို့ ခန့်မှန်းထားပေမယ့် အခုတော့ သူတို့ သုံးသပ်ချက်ကို ပြန်လည် သုံးသပ်ပြီး လျော့ခန့်မှန်းနေပါတယ်။
ပါကစ္စတန် ကဗျာဆရာနဲ့ပတ်သက်တဲ့ အကြောင်း အိန္ဒိယ တက္ကသိုလ် သင်ရိုးက ထုတ်
အိန္ဒိယ ထိပ်တန်း တက္ကသိုလ်က ဘွဲ့ကြို နိုင်ငံရေး သိပ္ပံ သင်ရိုးထဲကနေ ပါကစ္စတန် ကဗျာဆရာ မိုဟာမက် အစ်ဘာ နဲ့ ပတ်သက်တဲ့ အခန်းကို ဖြုတ်ချလိုက်ပါတယ်။
၁၉၃၈ ခုနှစ်မှာ အစ်ဘာက သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ သူရဲ့ "ကမ္ဘာတခုလုံးထက် ပိုကောင်းတယ်"ဆိုတဲ့ ကဗျာက လူသိများ ထင်ရှားခဲ့ပြီး အိန္ဒိယကို အင်္ဂလိပ်တို့ ကိုလိုနီ ပြုထားစဉ်က ကြွေးကြော်သံ အဖြစ် ထင်ရှားပါတယ်။
ဒါ့အပြင် ပါကစ္စတန် နိုင်ငံ ထူထောင်ဖို့ဆိုတဲ့ အတွေးအခေါ်ကို မွေးဖွားပေးတဲ့ သူတဦး အနေနဲ့လည်း ဒီအူရဒူ ကဗျာဆရာ အစ်ဘာက လူသိများပါတ်ယ်။
အိန္ဒိယရဲ့ ခေတ်သစ် နိုင်ငံရေး အတွေးအခေါ် သင်ရိုးမှာ ဒီကဗျာဆရာအကြောင်းကို မဟတ္တမဂန္ဒီ၊ ဗီဗီခန်နန္ဒာ တို့နဲ့အတူ လေ့လာစရာ မလိုဘူးလို့ ဒေလီ တက္ကသိုလ်ပညာရပ်ဆိုင်ရာ ကောင်စီက ပြောပါတယ်။
ရုရှားကို ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်ပြီလို့ ယူကရိန်း လုံခြုံရေး ထိပ်တန်း အရာရှိပြော
ယူကရိန်းနိုင်ငံက ကာလရှည် မျှော်မှန်းထားတဲ့အတိုင်း ရုရှားကို ထိုးစစ်ဆင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ထိပ်တန်း လုံခြုံရေးအရာရှိက ပြောပါတယ်။
ထိပ်တန်း လုံခြုံရေး အရာရှိ အိုလက်ဆီ ဒင်နီလာဗ့်က တိုက်ခိုက်ရေး အစီအစဉ်က ယူကရိန်း အဆုံးရှုံးမခံနိုင်တဲ့ သမိုင်းဝင်မယ့် အခွင့်အရေး တခုဖြစ်ပြီး ရုရှား သိမ်းထားတဲ့ နယ်မြေတွေ အားလုံးကို ပြန်လည် လွတ်မြောက်စေမယ်လို့ ပြောပါတယ်။
"အကောင်းဆုံး ရလဒ်တွေ ရလာနိုင်ဖို့ ဘယ်တော့ တန်ပြန် ထိုးစစ်ကို စနိုင်မလဲဆိုတာ ကျွန်တော်တို့ တွက်ချက်နေပါတယ်။ မနက်ဖြန် သန်ဘက်ခါ ဒါမှမဟုတ် တပတ်အတွင်းလည်း ဖြစ်နိုင်ပါတယ်၊ မလုပ်ရသေးဘဲနဲ့ ကျွန်တော်က သတ်မှတ်ရက်ကို ပြောလိုက်မယ်ဆိုရင် ဒါက လုပ်ရခက်သွားပါမယ်"လို့ သူက ပြောပါတယ်။
ဘယ်တော့ တိုက်ခိုက်မလဲဆိုတဲ့ ရက်ကို သူက ပြောဆိုတာ မရှိပါဘူး။ အနောက်နိုင်ငံတွေက ပေးထားတဲ့ လက်နက်ကြီးတွေ၊ တင့်ကားတွေနဲ့ ယူကရိန်း စစ်သားတွေက လေ့ကျင့်နေကြပါတယ်။
ယူကရိန်း ထိပ်တန်း ဗိုလ်ချုပ် ဗလယ်ရီ ဇာလို့နီက ယူကရိန်း တပ်ဖွဲ့တွေ ကျမ်းကျိန်ပြီး တိုက်ပွဲအတွက် ပြင်ဆင်နေတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ တင်ခဲ့ပါတယ်။
ကျွန်တော်တို့ပိုင်တဲ့အရာကို ပြန်ယူဖို့ အချိန်ကျပါပြီ၊ ခုခံစစ်ကို ကောင်းချီးပေးပါစေ ဆိုပြီး ရေးတင်ခဲ့ပါတယ်။
ဂျပန်မှာ ဝတ်မှုန်ဓာတ်မတည့်ရောဂါ သက်သာစေဖို့ ဝတ်မှုန်ကူးတာကို လျော့ချမယ်
ဂျပန်အစိုးရက ဝတ်မှုန်တွေကြောင့် ဖြစ်တဲ့ အမှုန်အမွှားဓာတ်မတည့်မှုကို လျော့ချနိုင်ဖို့ လာမယ်နှစ် ၃ဝ အတွင်း ဝတ်မှုန်ကူးတာကို တဝက်လျော့ချနိုင်ဖို့ စီစဉ်နေပါတယ်။
နိုင်ငံလုံးဆိုင်ရာ လူမှုပြဿနာကို သက်သာရာရေစဖို့ အတွက် အစိုးရက ကြိုးစားနေတယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောပါတယ်။
ဝတ်မှုန်တွေ အများဆုံး ထုတ်ပေးနေတဲ့ ဂျပန်ရဲ့ သစ်ကတိုးတောအုပ်ရဲ့ အရွယ်အစားကို လျှော့ချဖို့ အစီအစဉ်မှာ ပါဝင်နေပါတယ်။ အိမ်ဆောက်တဲ့သူတွေအနေနဲ့ ဒီသစ်ကတိုးသားတွေကို သုံးပြီး တခြား ဝတ်မှုန်ထုတ်တာ သိပ်မများတဲ့ အပင်တွေ စိုက်ဖို့လည်း အိမ်ဆောက်တဲ့သူတွေကို တိုက်တွန်းနေပါတယ်။
ဝတ်မှုန်တွေ အမှုန်အမွှားတွေကြောင့်ဖြစ်တဲ့ နှာစေး၊ နှာချေတာကို လျော့ချနိုင်ရင် ဝန်ကြီးချုပ်ရဲ့ နာမည်က သမိုင်းတွင်မယ်လို့ ဂျပန်အာဏာရ လွှတ်တော်အမတ်တွေက ပြောဆိုခဲ့ပြီးနောက် မစ္စတာ ကီရှီဒါက ဒါကို ဖြေရှင်းဖို့ အာမခံခဲ့တာ ဖြစ်ပါတယ်။