ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘန်ကောက် စျေး၀ယ်စင်တာ ပစ်ခတ်မှု အသက်၁၄ နှစ် လူငယ်ကို ရဲဖမ်းထား - အောက်တိုဘာ ၃ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီး စျေးဝယ်စင်တာ တခုထဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ အနည်းဆုံး လူ ၂ ယောက်သေဆုံးသွားပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အခုတော့ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့သူလို့ ဆိုတဲ့ ၁၄နှစ်အရွယ် လူငယ်တယောက်ကို ဖမ်းထားတယ်လို့ ရဲက ပြောပါတယ်။
ပစ်ခတ်မှုဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က နာမည်ကြီး ဆီယမ် ပါရာဂွန် စျေးဝယ် စင်တာထဲမှာ ဒီနေ့ အောက်တိုဘာ ၃ရက်နေ့ ညနေပိုင်းတုန်းက ဖြစ်ပွား ခဲ့တာပါ။
ဘာကြောင့် ပစ်ခတ်မှု ဖြစ်ရသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အမေရိကန် ဒရုန်းတိုက်ခိုက်ကြောင့်သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ထု ဘောလုံးကွင်းထဲ ချထားလို့ ဆော်ဒီနဲ့အီရန်ဘောလုံးပွဲ ရွှေ့ဆိုင်းခဲ့ရ
အာရှ ချန်ပီယံ လိဂ် ဘောလုံးပွဲမှာ အီရန်အသင်းနဲ့ ကစားဖို့ ဆော်ဒီအာရေဘီးယားအသင်းက ငြင်းဆန်နေပါတယ်။
အီရန်နိုင်ငံ အစ်ဖာဟန်မြို့က နာဂ်ဟတ်ရှ် အီ ဂျာ ဘောလုံးကွင်းထဲမှာ ဗိုလ်ချုပ်တယောက်ရဲ့ရုပ်ထု ချထားတဲ့အတွက် ဒါကို ဆော်ဒီအာရေးဘီးယားဘက်က ဆန့်ကျင်တဲ့ အနေနဲ့ ကစားဖို့ ငြင်းဆန်ခဲ့တာပါ။
ရုပ်ထုရှင် ဗိုလ်ချုပ်ကြီး ဆိုလေမန်နီဟာ ၂၀၂၀ တုန်းက အီရတ် လေဆိပ်နားမှာ အမေရိကန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ရသူ ဖြစ်ပါတယ်။
ဒီဗိုလ်ချုပ်ကြီး ဆိုလေမန်နီနဲ့ ကွာဒ် တပ်ဖွဲ့တွေ၊ ပြည်ပက အီရန်ထိပ်တန်း တော်လှန်ရေးတပ်တွေကို ၂၀၁၈ ကတည်းက ဆော်ဒီအာရေးဘီးယားက အကြမ်းဖက်သမားတွေ အဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီအသင်း အ၀တ်လဲခန်းထဲ ရှိနေခဲ့ပြီးနောက်မှာ Al-Ittihad အယ်လ် လီသီဟာ့ဒ် နဲ့ Sepahan ဆီပါဟန် ဘောလုံးပွဲစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီလို အချိန်မှာ အစ်စ်ဖာဟန် မြို့က ဘောလုံးကွင်းထဲမှာ ပရိတ်သတ် ခြောက်သောင်းလောက်က စောင့်ဆိုင်းနေခဲ့ပါတယ်။
ရုရှားကို သွားခဲ့တဲ့ ဂျပန် လွှတ်တော်အမတ် အရေးယူခံရမယ်
ဂျပန်မှာ ရုရှားကို ထောက်ခံတဲ့ လွှတ်တော်အမတ် မူနဲအို ဆူဇူကီးကို ရုရှားကို ရုတ်တရက် သွားရောက်ခဲ့တာနဲ့ ပတ်သက်လို့ ရှုတ်ချလိုက်ပါတယ်။
အခုလို ဂျပန်အမတ် ရုရှားကို ရောက်သွားတာဟာ ယူကရိန်းစစ်စတင်ပြီးနောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။
အတိုက်အခံ ပါတီတခုဖြစ်တဲ့ Japan Innovation ပါတီက မစ္စတာ ဆူဇူကီးဟာ ရုရှား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အန်ဒရေ ရူဒန်ကို နဲ့ မော်စကိုမှာ သွားရောက် တွေ့ဆုံခဲ့တာပါ။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာနကတော့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ သူတို့ကို အသိပေးခဲ့တာမရှိသလို ၊ ဂျပန်တွေ အနေနဲ့ ရုရှားမသွားကြဖို့ကိုလည်း သတိပေးထားပါတယ်။
ဂျပန်က ယူကရိန်းကို ထောက်ခံတယ်ဆိုတာဟာ အမျိုးသား အကျိုးစီးပွား မရရှိစေဘဲ ၊ ဒါဟာ ဂျပန် လူမျိုးတို့ရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတယ်လို့ မစ္စတာ ရူဒန်ကို ကို မစ္စတာ ဆူဇူကီးက ပြောကြောင်း ရုရှားဘက်က ဆိုပါတယ်။
မစ္စတာ ဆူဇူကီးရဲ့ပါတီကတော့ သူ့ကို စည်းမျဉ်းချိုးဖောက်မှုနဲ့ အရေးယူဖို့ စဉ်းစားလျက် ရှိပါတယ်။
ငွေကြေးအရောင်းအ၀ယ်လုပ်သူတွေကို စင်္ကာပူမှာ နှစ်ချီစုံစမ်းပြီး ထုတ်ဖော် ဖမ်းဆီးနေ
စင်ကာပူမှာ ငွေကြေးခဝါချမှုတခုကို စုံစမ်းစစ်ဆေးနေရာကနေ အမေရိကန် ဒေါ်လာ သန်းနှစ်ထောင်ကျော် တန်ဖိုးရှိပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိပါတယ်။
အစိုးရ ဝန်ကြီးတယောက်ကတော့ ဒါဟာ ပမာဏ အကြီးမားဆုံး ဖမ်းဆီးရမိမှုလို့ ဆိုပါတယ်။
ဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ တိုင်ကြားမှုကနေ ငွေလွှဲမှုတွေကို အခြေခံရင်း လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက စပြီး အာဏာပိုင်တွေက ခြေရာခံမိတာလို့ ပြည်ထဲရေး ဒုဝန်ကြီးက ဂျိုစဖင်း တေးရို က ပြောပါတယ်။
မိသားစု ဆက်နွှယ်မှုတွေ အပါအဝင် ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကွန်ရက် တခုကို ရဲက တနှစ်အကြာ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတေးရို ကတော့ နောက်ထပ်လည်း အဖမ်းအဆီးတွေနဲ့ သိမ်းဆည်းမှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။