တစ်တော့ရဲ့ ဘော့စ် ရှိုဇီချူးက ဘယ်လိုလူလဲ

နီကိုလပ်စ် ယန်း

ဘီဘီစီ သတင်း၊ စင်ကာပူ

တရုတ်ထုတ် တစ်တော့ အက်ပ်ကို အမေရိကန်က ပိတ်ပင်တော့မယ်ဆိုတဲ့ မှန်းဆချက်တွေ ကမ္ဘာတဝန်းမှာ ထွက်နေပြီး ကုမ္ပဏီ ရဲ့ ပဟေဠိဆန်ဆန် အကြီး အကဲဖြစ်သူ ရှိုဇီချူးက ဘယ်သူလဲ ဆိုတာကို အများက စိတ်ဝင်စားနေကြပါတယ်။

အသက် ၄၀ အရွယ် စင်ကာပူနိုင်ငံသားဖြစ်တဲ့ သူဟာ ဒီအက်ပ်ရဲ့ အချက်အလက် ပိုင်းဆိုင်ရာ လုံခြုံရေး၊ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ထိန်းသိမ်းတဲ့ စည်းမျဉ်း၊ တရုတ်နိုင်ငံနဲ့ ချိတ်ဆက်နေတယ်ဆိုတဲ့ စွပ်စွဲချက် အထောက်အထား စတာတွေနဲ့ ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော် စွမ်းအင်နဲ့ ကုန်သွယ် စီးပွား ကော်မတီ ရဲ့ ရှေ့မှောက်မှာ ကြာသပတေးနေ့မှာ စစ်ဆေးခံရပါတယ်။

တစ်တော့ရဲ့ မူလကုမ္ပဏီက ပုဂ္ဂလိကပိုင်ဖြစ်ပြီး တရုတ်အစိုးရပိုင်မဟုတ်ကြောင်း သူက ဆိုပါတယ်။

တစ်တော့ရတဲ့ အချက်အလက်တွေကို တရုတ် အာဏာပိုင်တွေဆီ တခါမှ မပေးခဲ့ကြောင်းနဲ့ တရုတ်ဥပဒေအရ ဒါမျိုးပေးဖို့ တောင်းဆိုတာလည်း မရှိကြောင်း မစ္စတာ ချူး ပြောကြားခဲ့ပါတယ်။

မစ္စတာချူးက ကုမ္ပဏီကို ဘယ်လိုထိန်းကျောင်းတယ်၊ ကုန်ကုန်ပြောရရင် သူ့ကုမ္ပဏီမှာ သူက သြဇာအာဏာ ဘယ်လောက်ရှိတယ် ဆိုတာမျိုးတွေကအစ သိနိုင်တဲ့သူအ‌ရေအတွက် အနည်းအပါးသာ ရှိတာပါ။

အမေရိကန်က အချက်အလက်တွေကို တရုတ်ကို ဘယ်လို ပို့လိုက်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး တစ်တော့ရဲ့ လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာ အကြီးအကဲ ဗန်နက်စာ ပက်ပါစ်တယောက် လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ကွန်ဂရက်က ခက်ခက်ထန်ထန် မေးတာကို ခံရပြီးပါပြီ။

တစ်တော့နဲ့ ဘိုက်ဒန့်စ် (ByteDance) အကြီးအကဲဟောင်း တွေကို ကိုးကားပြီး မစ္စတာချူး လုပ်နိုင်တဲ့ ဆုံးဖြတ်ချက်တွေက တစ်တော့ ကုမ္ပဏီမှာ အကန့် အသတ်ရှိတယ်၊ တကယ်က ဘိုက်ဒန့်စ် တည်ထောင်သူ ဂျန် ယင်မင်းက ကုမ္ပဏီကို အုပ်ချုပ်နေတာလို့ နယူးရော့ခ်တိုင်းမ်က စက်တင်ဘာလအတွင်းမှာ ရေးပါတယ်။

တစ်တော့ဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ ဆန်းစစ်မှုတွေရဲ့ အလယ် မစ္စတာချူးကို အခုတော့ ရှေ့ထွက်စေပြီး အမေးတွေကို ဖြေဖို့ တွန်းလွှတ်ခဲ့ပါတယ်။

တစ်တော့ဟာ မိခင် ကုမ္ပဏီဖြစ်တဲ့ ဘိုက်ဒန့်စ်နဲ့ သီးခြား ကိုယ့်ဘာသာကို လွတ်လွတ် လပ်လပ် စီမံခန့်ခွဲနေတာပါလို့ ကုမ္ပဏီကနေ အမေရိကန် အမတ်တွေ ဆီကို ပြီးခဲ့တဲ့ ဇွန်လက ပို့တဲ့ စာထဲမှာ ရေးသားထားပါတယ်။ ဒီကုမ္ပဏီဟာ တရုတ်က မဟုတ်ဘဲ “စင်ကာပူမှာ အခြေစိုက်တဲ့ စင်ကာပူ ကုမ္ပဏီ” လို့လည်း ဆိုပါတယ်။

မစ္စတာ ချူးဟာ စင်ကာပူမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး တရုတ်ဘာသာနဲ့ သင်တဲ့ ထိပ်တန်းကျောင်း တကျောင်းမှာ တက်ခဲ့ကာ အင်္ဂလိပ်ရော မန်ဒရင်းဘာသာပါ ကျွမ်းကျင်ပါတယ်။ သူ စစ်မှုထမ်းရတဲ့ ကာလမှာ စင်ကာပူ စစ်တပ်က ဂုဏ်ရှိတဲ့ အရာရှိ ရာထူးတခု ကို ရခဲ့ပါတယ်။

သူက University College London မှာ စီးပွားရေး ဘွဲ့ရပြီး ဟားဗတ် စီးပွားရေး တက္ကသိုလ်မှာ MBA ရပါတယ်။ ဖေ့ဘွတ် ကုမ္ပဏီ စတည်ထောင်တဲ့ အချိန်တုန်းက လည်း သူ အလုပ်သင် ဝင်လုပ်ခဲ့ဖူးပါတယ်။

၂၀၁၃ ခုနှစ်ကျတော့ ဘိုက်ဒန့်စ် မှာ အစောဆုံး ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့မှာ သူက ခေါင်း ဆောင်ပါ။ Goldman Sachs ဘဏ်မှာလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်အရာရှိ အဖြစ် ၂ နှစ်လောက် သူ လုပ်ခဲ့ဖူးပါတယ်။

တရုတ် စမတ်ဖုန်း ကုမ္ပဏီကြီး Xiaomi မှာလည်း သူက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင် ခဲ့တဲ့ သူပါ။ အဲဒီမှာ သူက ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ်နဲ့ နိုင်ငံတကာ စီးပွားရေး ဥက္ကဋ္ဌပါ။

၂၀၂၁ မတ်လမှာတော့ သူက ဘိုက်ဒန့်စ်ကို ကူးလိုက်ပြီး ဘဏ္ဍာရေးအရာရှိချုပ် ဖြစ်လာပါတယ်။

နောက် ၂လ အကြာမှာတော့ ထရမ့် အစိုးရက အမေရိကန်က တစ်တော့ ရှယ်ယာတွေကို ရောင်းထုတ်ဖို့ ဖိအားတွေနဲ့အတူ တစ်တော့ အလုပ်အမှုဆောင် အရာရှိချုပ် ကက်ဗင် မေယာ ရုတ်တရက် နုတ်ထွက်သွားပြီး သူက အဲဒီနေရာ ကို ဝင်လာပါတယ်။

အကြီးမားဆုံး စိန်ခေါ်မှု

အမေရိကန် အမတ်တွေက ကုမ္ပဏီက အမေရိကန်မှာ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးရင် ပေး၊ မပေးရင် ကုမ္ပဏီကို ပိတ်မယ်ဆိုတဲ့ တောင်းဆိုချက်တွေရဲ့ အလယ်မှာ မစ္စတာ ချူးတယောက် တစ်တော့ နဲ့ပတ်သက်ပြီး သူ့ အလုပ်သက်တမ်း တလျောက် အကြီးမားဆုံးသော စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအရေးကို တရုတ်အစိုးရကလည်း အထူးအလေးထား ကြည့်နေတာပါ။

တရုတ်အစိုးရပိုင် ဂလိုဘယ် တိုင်းမ်က ဆောင်းပါးတခုမှာ “အဆိပ်ဖြစ်နေတဲ့ အမေရိကန် နိုင်ငံရေး ဝန်းကျင်” ကနေ တစ်တော့ကို ပိတ်ပင်ဖို့ သ‌ဘောထားတွေကို ဖြစ်စေနေတာလို့ ထည့်ရေးပါတယ်။

ဒါဟာ လွတ်လပ်တဲ့ စျေးကွက် အခြေခံမူတွေ ကို ဖောက်ဖျက်တာလို့လည်း ဆောင်းပါးရှင်က ဆိုပါတယ်။ “အမေရိကန် အစိုးရ အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ မျက်စိထဲမှာ တစ်တော့ဟာ တရုတ်က ဆိုတဲ့ အချက်က “အပြစ်ရှိနေတာ” လို့ လည်း ဆိုပါတယ်။

နှစ်ဖက်စလုံးကနေ အထူးကြည့်နေကြတော့ မစ္စတာ ချူးဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း သူ့အပေါ် အထင်အမြင် မမှားရအောင် ကြိုးပမ်းတာတချို့ လုပ်ခဲ့ပုံပါ။

သူ့ကိုယ်ပိုင် တစ်တော့ အကောင့် @shou.time ကို ဖေဖော်ဝါရီလက ဖွင့်ပြီး သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝတွေကို တင်ပါတယ်။ မစ္စတာ ချူးမှာ ပရိသတ် ၁၈,၀၀၀ ရှိပြီး သူက အမေရိကန်က Super Bowl တို့ NBA ပွဲတို့ သွားတာတွေကို လည်း တင်ပါတယ်။ ဆယ်လီ တွေ ဥပမာ ဘေလ် မာရေး နဲ့ တွေ့တာ အဆိုကျော် စီယာရာနဲ့ သူတွဲကဖို့ ကြိုးပမ်းတာ စတာတွေလည်း တင်ပါတယ်။

မီဒီယာတွေနဲ့ တွေ့ပြီး သူဟာ ဂေါက်ရိုက် ဝါသနာရှင်ဖြစ်တာ နာမည်ကျော် ဟာသ ပညာရှင် ကက်ဗင် ဟတ် ရဲ့ ပရိဿတ်တယောက် ဖြစ်တာကိုလည်း သူက ထုတ်ဖော် ပြောပြပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အကြီးအကဲ ဗီဗီယံ ခေါင်က သူ့ဇနီးဖြစ်ပြီး သူတို့မှာ ကလေး ၂ ‌ယောက်ရှိကြောင်း ကလေးတွေက သိပ်ငယ်သေးတဲ့အတွက် သူတို့ ကလေးတွေကို တစ်တော့ သုံးဖို့ ခွင့်မပြုသေးတဲ့ အကြောင်းတွေလည်း သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သူက အမေရိကန်က အဓိက မီဒီယာတွေ နဲ့ လှည့်ပတ် တွေ့ပြီး တစ်တော့ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို မခြိမ်းခြောက်ဘူး ဆိုတာကို ထပ်ခါ ထပ်ခါ အာမခံ နေပါတယ်။

ဒီအက်ပ်ကို သုံးနေတဲ့ အမေရိကန်နိုင်ငံသူနိုင်ငံသားတွေကိုလည်း ကူညီကြဖို့ သူက ပန်ကြားပါတယ်။ တစ်တော့ရဲ့ တရားဝင်အကောင့်ကနေ သူက အမတ်တွေကို ဘာပြော စေချင်သလဲ လို့တောင် သူက ဗီဒီယိုဖိုင်မှာ ပြောရင်း ဖိတ်ခေါ် ပါတယ်။

အဲဒီ ဗီဒီယို ကလစ် က လိုက်ခ် ၅ သိန်းကျော် ရခဲ့ပြီး အဲဒီဖိုင်ထဲမှာ သူက “အခု တို့ အားလုံးအတွက် အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ၊ သန်း ၁၅၀ သော အသင် တို့ဆီကနေ တစ်တော့က ခွဲခွာသွားရတဲ့ အထိ ဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။