ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၈ ရက် ထိပ်တန်းသတင်းများ - TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ နမ္မတူမှာ ဒေသခံ ရာနဲ့ချီ ပိတ်မိနေ
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့မှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကရော တအာင်းတပ် - TNLA ဘက်ကပါ မြို့ဝင်မြို့ထွက်လမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ဒေသခံ ရာနဲ့ချီ စစ်ရှောင်လို့မရဘဲ ပိတ်မိနေတယ်လို့ နမ္မတူဒေသခံတွေက ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ ဘီဘီစီကိုပြောလာပါတယ်။
“ဒီဇင်ဘာ ၂၅ ရက်နေ့ တိုက်ပွဲပြင်းထန်တည်းက အဝင်အထွက်လမ်းတွေကို ပိတ်လိုက်တာ၊ ကျွန်တော်တို့ စစ်ရှောင်လို့မရတော့ဘူး။ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ” လို့ ဒေသခံတစ်ဦး ကပြောပါတယ်။
TNLA တပ်တွေက စစ်တပ်ရဲ့ နမ္မတူအခြေစိုက် ခြေမြန်တပ်ရင်း (ခလရ-၃၂၄) ကို ဒီဇင်ဘာ ၂၅ ရက်တည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားနေတာမရှိပေမဲ့ မြို့ပေါ်နေရာ အားလုံးနီးပါးကို TNLA တပ်တွေက ခြေကုတ်ယူထားနိုင်ပြီး တပ်ဖွဲ့ဝင်တွေကို နမ္မတူမြို့အနှံ့ လုံခြုံရေးအရ နေရာချတာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“ဒီမနက် ၄ နာရီလောက်တည်းက တိုက်ပွဲသံမကြားရတော့ဘူး။ မြို့ပေါ်နေရာတွေအားလုံးမှာ TNLA တွေပဲရှိတော့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံ ၂ ဦး နေရာမှာတင်ပဲ ပွဲချင်းပြီး သေဆုံးခဲ့သလို နမ္မတူမြို့ပေါ်ရပ်ကွက်က အရပ်သားနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ မြို့ခံတွေကပြောသလို ဒေသအခြေစိုက်မီဒီယာမှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။
TNLA ဘက်ကတော့ စစ်တပ်နဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ကြေညာထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နမ္မတူတိုက်ပွဲနဲ့ပတ်သက်လို့ ဒီကနေ့အထိ တစ်စုံတစ်ရာထုတ်ပြန်လာတာမရှိသေးပါဘူး။
မြဝတီမြို့ က အွန်လိုင်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ထိုင်းနဲ့ စစ်ကောင်စီဆွေးနွေး
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူးတို့တွေ့ဆုံပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးကြတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen ဟာ ဒီဇင်ဘာ ၂၇ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
နှစ်ဖက်စစ်တပ်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကိုပိုတိုးလုပ်ဖို့၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုတွေ တိုက်ဖျက်ရေးကို တိုးမြှင့်လုပ်ဆောင်ရေးဆွေးနွေးကြတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ချက်ကဖော်ပြပါတယ်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီးက အွန်လိုင်းလောင်းကစားမှုနဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းသိရှိထားတယ်လို့ဆိုပြီး အဲဒီအတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွား ရမယ့်အခြေအနေတွေ၊ နယ်စပ်ကုန်သွယ်ရေးအဆင်ပြေစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားဖို့လည်းဆွေးနွေးတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်း - မြန်မာနယ်စပ် မြန်မာဘက်ခြမ်းက မြဝတီနဲ့ ရွှေက္ကိုလ်မြို့သစ်တွေမှာ ကျားဖြန့် ( အွန်လိုင်းငွေလိမ်ဂိုဏ်း) တွေ ဆက်ရှိနေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
လူလေးဦး ပစ်သတ်ခံရတဲ့ ပင်လုံမြို့က ဖုန်းဆိုင် ဓါးပြမှု
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့ မှာ ဖုန်းဆိုင်တစ်ဆိုင် မနေ့ည ၇ နာရီ ဝန်းကျင်က ဓါးပြတိုက်ခံရပြီး ဆိုင်ရှင် နှစ်ဦး နဲ့ ဝန်ထမ်းနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
ပင်လုံစျေးအနီးက ဖုန်းဆိုင်မှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ ဆိုင်ပိတ်နေတုန်း သေနတ်သမားတစ်ဦးက ပြေးလာပြီး အမျိုးသမီးတစ်ဦးကို ကနဦး ပစ်ခတ်ခဲ့တာကို မြို့ခံတွေ ပေးပို့တဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
ဒါ့အပြင် ဆိုင်ထဲဝင်ပြီး ဆက်လက်ပစ်ခတ်နေတာကို တွေ့ရပါတယ်။သေနတ်သမားမှာ အဖော်တွေလည်းပါပြီး ဆိုင်ထဲက ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် မြို့မှာ ထိတ်လန့်တကြားဖြစ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။