ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇွန် ၁၅ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - သံတွဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
တောင်ကုတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက ငပလီမြို့အနီး ဂေါ့ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ) အကြားတိုက်ပွဲဆက်ပြင်းထန်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကပြောပါတယ်။
နှစ်ပတ်ကြာလာတဲ့ အထိ တိုက်ပွဲဆက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးကပြောပါတယ်။
မနေ့ ဇွန် ၁၄ ရက်မှာလည်း သံတွဲ(ငပလီ)လေဆိပ်အနီးမှာ လက်နက်ကြီးပစ်ခတ်တာတွေရှိခဲ့ပြီး ငပလီလေဆိပ်ကိုလည်း ဇွန် ၃၀ ရက်အထိ ဆက်ပြီးပိတ်ထားတယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ပွဲစတင်တဲ့ ဇွန်လ ပထမအပတ်ကတည်းက ဂေါ့ကျေးရွာအပါအဝင် အနီးနားရွာက ဒေသခံ ထောင်နဲ့ချီလည်း စစ်ဘေးရှောင်နေကြရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
သံတွဲမြို့နဲ့ ၄၅ မိုင်ခန့်ကွာဝေးတဲ့ တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ အေအေကြား စစ်ရေးတင်းမာနေပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“တောင်ကုတ်မြို့နားက မီးချောင်းထိုး၊ မောင်းကန်နဲ့ ကင်းတောင်ရွာတွေဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ” လို့ ဒေသခံကပြောပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
တောင်ကုတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) နဲ့ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ - ၅၄၄)နဲ့ (ခမရ-၃၄၆) တပ်ရင်းတွေ အခြေစိုက်တပ်စွဲထားတာဖြစ်ပါတယ်။
ဒေသတွင်းမီဒီယာတချို့မှာတော့ အေအေက စစ်ကောင်စီတပ်ရင်းနဲ့ တပ်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားတဲ့အခြေအနေလို့ ဖော်ပြထားပါတယ်။
တောင်ကုတ်-ရန်ကုန်ကားလမ်းကိုလည်း စစ်ကောင်စီက ရခိုင်မှာ တိုက်ပွဲတွေစတင်တည်းက ပိတ်ဆို့ထားတာဖြစ်ပြီး မြို့ကနေ ဝင်ထွက်သွားလာဖို့ လိုအပ်တဲ့ဒေသခံတွေအနေနဲ့ ရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာအပြင် သွားလာမယ့်ကိစ္စရပ်အလိုက် တခြားထောက်ခံစာတွေလိုအပ်တယ်လို့ ဒေသခံတချို့က ပြောပြပါတယ်။
အေအေကတော့ သံတွဲ၊ အမ်းမြို့နဲ့ မောင်တောက စစ်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မနေ့ ဇွန် ၁၄ ရက်မှာ ကြေညာထားပြီး စစ်ကောင်စီကတော့ သံတွဲနဲ့တောင်ကုတ်က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
အာဏာရှင်စနစ်မှန်သမျှ မိတ်ဖက်တွေနဲ့အတူ တိုက်ဖျက်မယ် လို့ PNLA ထုတ်ပြန်
အာဏာရှင်စနစ်မှန်သမျှ တိုက်ဖျက်ရေးမှာ မိတ်ဖက်တွေနဲ့အတူ ဆက်လက်ပါဝင်လက်တွဲသွားမယ် လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က တပ်ဖွဲ့တည်ထောင်ခြင်းအခမ်းအနား ၁၇ နှစ်ပြည့်အခမ်းအနားမှာ ထုတ်ပြန်ပါတယ်။
ကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကာလ ၁၇ နှစ်မှာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ် လို့ PNLA က ဆိုပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ဟာ ရန်သူ့ထံ လက်နက်ချ အညံ့ခံခြင်း ၊ ရန်သူနဲ့ပူးပေါင်းခြင်း ၊ ရန်သူ့လက်အောက် ခိုဝင်သွားခြင်း စတဲ့ အမျိုးသားသစ္စာဖောက်လုပ်ရပ်ကို ဘယ်အခြေအနေမှာမှ မလုပ်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
PNLA က တပ်ဖွဲ့တည်ထောင်ခြင်းအခမ်းအနားမှာ တော်လှန်ရေးကာလအတွင်း သေဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေကို အလေးအနက်ထားဂုဏ်ပြုချီးမွမ်း အလေးပြုခဲ့ကြပါတယ်။
ကျိုက်မရောအကျဉ်းထောင်က နိုင်ကျဉ်း ၁၅၀ ကျော်ကို ထောင်ပြောင်းရွှေ့
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၅၀ ကျော်ကို ဒီနေ့ ဇွန် ၁၅ ရက် မနက်အစောပိုင်းမှာ ထောင်ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။
“ပြောင်းလိုက်တဲ့အထဲ နိုင်ကျဉ်းက ၉၀ ရာခိုင်နှုန်းလောက်ပါတယ်။ အမျိုးသမီး ၆၀ ဝန်းကျင်နဲ့ အမျိုးသား ၁၀၀ ဝန်းကျင်လောက်ပါတယ်” လို့ သူကဆက်ပြောပါတယ်။
အဲဒီအကျဉ်းသားတွေကို ဘယ်ထောင်ကို ရွှေ့လိုက်လဲ ဆိုတာ အတိအကျမသိရသေးပေမယ့် အင်းစိန်ထောင်၊ဒိုက်ဦးထောင် နဲ့ သာယာဝတီထောင်တွေကို ပြောင်းရွှေ့လိုက်ဖွယ် ရှိတယ် လို့ အကျဉ်းဦးစီး နဲ့ ထောင်ဝန်ထမ်းတချို့ဆီကရတဲ့ သတင်းကို ကိုးကားပြီး လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်တုန်းက အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အကျဉ်းသားတစ်ဦးကို ငြမ်းဆင်ပြီး ဝရိန်ဆော်ဖို့ အလုပ်ခိုင်းစေရာမှ ဓာတ်လိုက်ပြုတ်ကျသတိလစ်မေ့မြောခဲ့ပြီး ဆေးရုံပို့ဖို့နှောင့်နှေးခဲ့တာကြောင့် အကျဉ်းသားတွေက ဆေးရုံပို့ဖို့ ညွန်ကြားရေးမှူးကို ဝိုင်းဝန်းတောင်းဆိုခဲ့ပြီးနောက် ဒီလို ထောင်ပြောင်းရွှေ့လိုက်တာလို့ သိရပါတယ်။
“ပြုတ်ကျတဲ့အချိန်မှာ ဆေးရုံကိုချက်ချင်းမပို့ပေးဘူး။ ၁ နာရီခွဲလောက်ကြာမှ မော်လမြိုင်ဆေးရုံကိုပို့လိုက်တာ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
ဒါ့အပြင် အလုပ်ခိုင်းစေတာက ထောင်ဦးစီးမှူးဖြစ်ပြီး ညွှန်ကြားရေးမှူးနဲ့မဆိုင်ဘူးလို့ ဦးစီးမှူးက ကျန်တဲ့အကျဉ်းသားတွေကို ရှင်းပြတဲ့အကြောင်း သိရတယ်လို့ ကိုသိုက်ထွန်းဦးက ထည့်ပြောထားပါတယ်။
ဓာတ်လိုက်ပြုတ်ကျခဲ့တဲ့ အကျဉ်းသားက လွတ်ဖို့ ၃ လလောက်ပဲ လိုတော့တာဖြစ်ပြီး အခုချိန်မှာတော့ သေလားရှင်လား ဆိုတာကိုလည်း ထောင်အာဏာပိုင်တွေက သေချာထုတ်ပြန်တာမရှိသေးဘူးလို့သိရပါတယ်။
ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားတွေထဲမှာထောင်ထဲမှာ သပိတ်မှောက်တဲ့တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းတွေ အများဆုံးပါဝင်တယ်လို့ ကိုသိုက်ထွန်းဦးက အတည်ပြုပါတယ်။
ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀ ထက်မနည်းရှိတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီကတော့ ထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးဘဲ ဘီဘီစီကလည်း ဆက်သွယ်မေးမြန်းနေပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာလည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင် ကို ရေကြည်အိုင်ကိုရွှေ့
မြေယာအဂတိမှုနဲ့ နေပြည်တော်မှာဖမ်းဆီးခဲ့တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမြင့်လှိုင်ကို ရန်ကုန်မြို့က ရေကြည်အိုင် စစ်ကြောရေးမှာ ပြောင်းရွှေ့စစ်ဆေးနေတယ် လို့ မိသားစုနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။
တစ်ပတ်ကိုနှစ်ရက် ရုံးထုတ်တယ်လို့ အဲဒီအရင်းအမြစ်က ပြောပါတယ်။
ဦးမြင့်လှိုင်လိုအပ်တဲ့ ပစ္စည်းတချို့ကို နေပြည်တော်ကနေ လာယူသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်း ဦးမြင့်လှိုင်ကို သူ ရာထူးရှိချိန်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေဧက ၁၇၀၀ ကျော်ကို သားမက်ဖြစ်သူနဲ့ အတူ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဦးမြင့်လှိုင်ကို ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာပဲ နေပြည်တော်က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ကားဆယ်စီးဝန်းကျင်နဲ့ စစ်သားတွေရော အရပ်ဝတ်တွေပါ ပါဝင်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ စစ်အစိုးရလက်ထက်က လူဟောင်းဖြစ်သူ ဦးသိန်းစိန်အစိုးရလက်ထက်ဝန်ကြီးတစ်ဦး ပထမဆုံးနောက်ကြောင်းပြန် အရေးယူခံရတာလည်း ဖြစ်ပါတယ်။
လန်ချန်း-မဲခေါင် အထူးရန်ပုံငွေစာချုပ် တရုတ်နဲ့စစ်ကောင်စီ လက်မှတ်ရေးထိုး
တရုတ်နဲ့ စစ်ကောင်စီတို့ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်တဲ့ အထူးရန်ပုံငွေ စီမံကိန်း သဘောတူစာချုပ်ကို ဇွန် ၁၄ ရက်မှာ နှစ်နိုင်ငံ ချုပ်ဆိုခဲ့ကြပါတယ်။
ဒီစာချုပ်အရ ဝန်ကြီးဌာန (၆) ခုက စီမံကိန်း (၁၂) ခု ဖော်ဆောင်ဖို့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မှာဖြစ်ပါသည်။
ဒီ စီမံကိန်း (၁၂) ခုကို စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်တွေ ကာကွယ်ထိန်းသိမ်းရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ အလေ့အထနဲ့ တီထွင်ဆန်းသစ်မှုတွေဆောင်ရွက်ရေးတွေမှာ အကောင်အထည်ဖော် သွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒါအပြင် ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနဲ့ ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စတဲ့နယ်ပယ်တွေမှာလည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၁၇ ကနေ ၂၀၂၄ အတွင်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ (၃၅) သန်းခန့် တန်ဖိုးရှိတဲ့ ကဏ္ဍပေါင်းစုံ စီမံကိန်း (၁၁၈) ခုကို လက်ခံရရှိထားတာဖြစ်ပါတယ်။
စီမံကိန်းသဘောတူစာချုပ်ကို တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ နှစ်ဘက်လုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီသဘောတူစာချုပ်ဟာ စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်တဲ့ ခေါင်းဆောင်များအစည်းအဝေးက သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်တဲ့ အရေးကြီးလုပ်ဆောင်ချက်ဖြစ်တယ်လို့ တရုတ်သံအမတ် မစ္စတာချန်ဟိုင်းကဆိုပါတယ်။
ဒါ့အပြင် မြန်မာနဲ့တရုတ် ၇၄ နှစ် နှစ်နိုင်ငံသံတမန် ချစ်ကြည်ရေးသက်တမ်းတစ်လျှောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ထင်ဟပ်စေသလို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာက အရေးကြီးတဲ့ အရေးကြီးတဲ့ ပါဝင်သူ၊ တွန်းအားပေးသူနဲ့ အကျိုးခံစားတဲ့သူဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
မြန်မာနဲ့အတူ လန်ချန်း-မဲခေါင် စီမံကိန်းကနေ မြန်မာနိုင်ငံသားတွေကို အကျိုးဖြစ်ထွန်းစေလိုတယ်လို့လည်း တရုတ်သံအမတ်ကဆိုထားပါတယ်။
မောင်တော က စစ်တပ်စခန်း ၄ ခုကို အေအေသိမ်းပိုက်
ရခိုင်ပြည်နယ်၊ မောင်တော က နယ်ခြားစောင့်တပ် (၄) တပ်ရင်းဌာနချုပ် အပါအဝင် တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်) က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဇွန်လ ပထမအပတ်မှာလည်း စစ်တပ်စခန်း ၆ ခုကို အေအေက သိမ်းပိုက်ခဲ့တာကြောင့် ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီစခန်း ၁၀ ခုကို အေအေက သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။
နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာတပ်စခန်းနဲ့ နခေါင်းတိုစခန်းတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သိမ်းခဲ့တာဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အေအေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့အပါအဝင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိတဲ့ အမ်းမြို့နဲ့ သံတွဲမြို့က စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေက ကြေညာထားပါတယ်။
သံတွဲမြို့နယ်ထဲက ငပလီမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ အေအေကြား ဇွန် ၂ ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတာကြောင့် ငပလီလေဆိပ်ကို ဇွန် ၃၀ ရက်နေ့အထိ ဆက်ပိတ်ထားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနတွေက စာထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။