ဟောင်ကောင်တရားရုံးတစ်ရုံးက အဆုံးအဖြတ်ပေးမယ့်တက်ကြွလှုပ်ရှားသူ ၄၇ ဦးရဲ့ကံကြမ္မာ

အမျိုးသားလုံခြုံရေးဥပဒေအရ အာဏာတိမ်းပါးအောင်လုပ်မှုနဲ့ တရားစွဲခံရတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ၄၇ ဦး

ဓာတ်ပုံ ရင်းမြစ်, BBC / Hong Kong InMedia

ဓာတ်ပုံ ပုံစာ, အမျိုးသားလုံခြုံရေးဥပဒေအရ အဖျက်အမှောင့်လုပ်မှုနဲ့ တရားစွဲခံရတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ၄၇ ဦး
    • ရေးသားသူ, ဗြက်တန်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ

အသက် ၆၈ နှစ်အရွယ် အတိုက်အခံလွှတ်တော် အမတ်ကနေစလို့ အသက် ၂၈ နှစ်အရွယ် ကျောင်းသားတက်ကြွလှုပ်ရှားသူအဆုံး ဟောင်းကောင်က နာမည်ကြီး ဒီမိုကရေစီလိုလားသူတက်ကြွလှုပ်ရှားသူတွေဟာ သူတို့အပေါ် စွပ်စွဲထားတဲ့ အဖျက်အမှောင့်လုပ်မှု စွပ်စွဲချက်အတွက် တရားရုံးဆုံးဖြတ်ချက်ကို အခုတစ်ပတ်အတွင်း ခံယူရဖို့ ရှိနေပါတယ်။

အမှုရင်ဆိုင်နေရသူ ၄၇ ဦးဟာ ဟောင်ကောင် ၄၇ ဦး( Hong Kong 47) လို့ သိကြပြီး တရုတ်က ကျင့်သုံးတဲ့ အမျိုးသားလုံခြုံရေးဥပဒေအောက်ကနေ အကြီးမားဆုံးနှိမ်နင်းမှုလို့ ရှုမြင်ခံရတဲ့ တရားစွဲဆိုခံရမှုကို ပြီးခဲ့တဲ့ ၃ နှစ်ကတည်းက ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ သူတို့ထဲက ၁၆ ဦးကတော့ အဲဒီတရားစွဲဆိုမှုမှာ အပြစ်မရှိတဲ့အကြောင်း ပြောထားကြပါတယ်။

တရုတ်ပြည်မကြီးအစိုးရဘက်ကတော့ ဒီမိုကရေစီလိုလားတဲ့ဟောင်ကောင်ဆန္ဒပြပွဲတွေအပြီး ၂၀၂၀ ခုနှစ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ အဲဒီဥပဒေဟာ တည်ငြိမ်မှုထိန်းသိမ်းဖို့ လိုအပ်ချက်အဖြစ် ပြဋ္ဌာန်းတာလို့ ခုခံပြောဆိုပါတယ်။ အကဲခတ်တွေကတော့ ဒီဥပဒေဟာ ဟောင်ကောင်ရရှိထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်မှုတွေကို ခွာချလိုက်ပြီလို့ ပြောပါတယ်။

ဟောင်ကောင်အရာရှိတွေဟာ အမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၃၉ ဦးပါတဲ့ ဒီလူ ၄၇ ဦးကို ဒေသတွင်း ရွေးကောက်ပွဲအတွက် အတိုက်အခံအမတ်လောင်းတွေကို ရွေးဖို့ တရားမဝင်တဲ့ကနဦးမဲဆန္ဒခံယူပွဲ ပြုလုပ်ပြီး တရုတ်အစိုးရကို ''ဖယ်ရှားဖို့''ကြိုးပမ်းတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ပါမောက္ခ - ဘန်နီ တိုင်

ဟောင်ကောင်က DCM လှုပ်ရှားမှုမှာ မြင်တွေ့ရတဲ့ ဘန်နီ တိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်နီ တိုင် တစ်ယောက် ၂၀၁၃ ခုနှစ်မှဦ နိုင်ငံရေး လောကထဲ ခြေစုံပစ်ဝင်ခဲ့ပါတယ်

နာမည်ကျော် ဟောင်ကောင်တက္ကသိုလ်မှာ ဥပဒေပညာဆိုင်ရာ အမြဲတမ်း ပါမောက္ခဖြစ်ခဲ့သူ ဘန်နီ တိုင် တစ်ယောက် နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့တာ ၂၀၁၃ ခုနှစ်တုန်းက ဖြစ်ပါတယ်။

သူဟာ နောက်ထပ် လူပုဂ္ဂိုလ် ၂ ဦးနဲ့အတူ ဟောင်ကောင်သမိုင်းမှာ အထင်ရှားဆုံးလှုပ်ရှားမှုတွေထဲကတစ်ခုဖြစ်ခဲ့ပြီး လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုတဲ့ ဒီမိုကရေစီလိုလားတဲ့ Occupy Central လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူဖြင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ အဲဒီ လှုပ်ရှားမှုတွေမှာ ပါဝင်မှုအတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အဲဒီနောက် တစ်နှစ်အကြာ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းကျင့်သုံးတဲ့အခါ မစ္စတာ တိုင်ဟာ ဆန္ဒပြပွဲတွေနဲ့ဆက်နွှယ်တဲ့ရာဇဝတ်မှုဆိုင်ရာ ကျူးလွန်မှုနဲ့ ဟောင်ကောင်တက္ကသိုလ်ကနေ ထုတ်ပယ်ခံရပါတယ်။ မစ္စတာ တိုင်ကတော့ ဟောင်ကောင်တက္ကသိုလ်ဟာ တရုတ်ဖိအားကြောင့် ခါးညွတ်ရပြီလို့ စွပ်စွဲပြီး “ပညာရေးလွတ်လပ်ခွင့်လည်းဆုံးရှုံးပြီ” လို့ သူက ပြောပါတယ်။

“ကျွန်တော် ချစ်ရတဲ့ တက္ကသိုလ် အခုလို ပျက်ပြုန်းတာကို မြင်ရတာ နှလုံးကြေကွဲရပါတယ်” လို့ အသက် ၆၀ အရွယ် မစ္စတာ တိုင်က လူမှုကွန်ရက်ဖေ့ဘွတ်ခ်မှာ နောက်ပိုင်းရေးသားပါတယ်။ သူ့ကို ရာထူးကနေ ဖယ်ရှားတဲ့ဆုံးဖြတ်ချက်ဟာ “တက္ကသိုလ်ရဲ့ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ … တက္ကသိုလ်နောက်ကွယ်က အာဏာပိုင်ရဲဆုံးဖြတ်ချက်ပါ” လို့လည်း ပြောပါတယ်။

ကျောင်းသား - ဂျိုရှုဝါ ဝေါင်း

ဂျိုရှုဝါ ဝေါင်း ဟောင်ကောင်နဲ့အတူ တွဲမြင်တဲ့ မှတ်မိနိုင်လောက်စရာ မျက်နှာတွေထဲက တစ်ခုဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂျိုရှုဝါ ဝေါင်းဟာ ဟောင်ကောင်နဲ့အတူ တွဲမြင်တဲ့ မှတ်မိနိုင်လောက်စရာ မျက်နှာတွေထဲက တစ်ခုဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး ဒီမိုကရေစီယိမ်း တက်ကြွလှုပ်ရှားသူ ဂျိုရှုဝါ ဝေါင်းရဲ့ တက်ကြွလှုပ်ရှားမှုသမိုင်းကြောင်းဟာ သူ့အသက် ၁၄ နှစ်အရွယ်ကတည်းက စတင်တာဖြစ်ပါတယ်။

၂၀၁၄ ရောက်တဲ့အခါမှာတော့ သူဟာ ထီးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လာခဲ့ပြီး အဲဒါကြောင့်ပဲ သူဟာ ထောင်ထဲရောက်ခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်မှာ သူ ထောင်ကနေ ပြန်လွတ်လာပါတယ်။ အဲဒီအချိန်ဟာ ဟောင်ကောင်က ရာဇဝတ်မှုနဲ့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းခွင့်ပေးမယ့် ဥပဒေမူကြမ်းကြောင့် အကြီးအကျယ် ဆန္ဒပြမှုတွေဖြစ်နေချိန်နဲ့ ကိုက်နေတာကြောင့် အဲဒီဆန္ဒပြပွဲတွေကို သူ ပါဝင်ခဲ့ပါတယ်။

ဝမ်ချိုင်မှာရှိတဲ့ရဲဌာနချုပ်ကို ၁၅ နာရီကြာအောင် စီးနင်း ချင်းနင်း ဝင်ရောက်ခဲ့ကြသူ ထောင်နဲ့ချီတဲ့လူတွေထဲမှာ ဝေါင်းလည်း ပါဝင်ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းကို ကြက်ဥတွေနဲ့ ပစ်ပေါက်၊ နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ဖြန်းတာတွေ လုပ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဆန္ဒပြပွဲတွဟာ “ခေါင်းဆောင်မဲ့လှုပ်ရှားမှု”လို့ ကျယ်ကျယ်ပြန့်ပြန့်သိကြပေမဲ့ အစိုးရရှေ့နေတွေကတော့ သူဟာ ဆန္ဒပြပွဲခေါင်းဆောင်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေတွေကတော့ ဝေါင်းတစ်ယောက် “ရဲဌာနချုပ်ကို အလုံးစုံ ချင်းနင်းဝင်ရောက်သိမ်း”ဖို့ ဆန္ဒပြသူတွေကို အော်ပြောနေတဲ့ရုပ်သံကို ထောက်ပြပါတယ်။

အဲဒီနောက် သူဟာ အဲဒီဆန္ဒပြပွဲတွေမှာပါဝင်မှုနဲ့ နောက်ပိုင်းမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး တိုက်ပိတ်ခံခဲ့ရပါတယ်။ တရားရုံး မထီမဲ့မြင်ပြုမှု၊ ၁၉၈၉ ခုနှစ် တီရန်နန်မန်ရင်ပြင် နှိမ်နင်းမှုအောက်မေ့ဖွယ် ဆု တောင်းမှုမှာပါဝင်မှုအပါအဝင် အခြား

၂၀၂၀ ပြည့်နှစ်မှာတော့ အဲဒီမတိုင်ခင်တစ်နှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်မှုတွေမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက်မှာတော့ ဆက်ပြီး ပြောင်ပြောင်တင်းတင်း အာဏာဖီဆန်ပါတယ်။ သူပြောတာကတော့ “ဖြစ်နိုင်တာကတော့ အာဏာပိုင်တွေဟာ ကျွန်တော့်ကို ထောင်ဒဏ်ကြိမ်ပြီးတစ်ကြိမ် ကျခံရပြီး ထောင်ထဲမှာပဲ နေစေချင်တာမျိုးပါ။ ဒါပေမဲ့ အကျဥ်းထောင်သံတိုင်တွေ၊ ရွေးကောက်ပွဲမှာ ပိတ်ပင်တာတွေ၊ အာဏာကို လိုသလိုအသုံးချတာတွေဟာ ကျွန်တော်တို့ရဲ့ တက်ကြွ လှုပ်ရှားမှုကနေ ရပ်တန့်အောင် မလုပ်နိုင်ပါဘူး”

တော်လှန်ရေး - ဦးဆံရှည်

ဆံရှည် လွမ်ကွက်ဟန်ဟာ ဟောင်ကောင်လွှတ်တော် အမတ်တစ်ဦးဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွမ် ကွက် ဟန်ဟာ ဆန္ဒပြမှုပုံစံတစ်ရပ်အနေနဲ့ လွှတ်တော်ထဲ ထီးအဝါ ဆောင်းခဲ့သူဖြစ်ပါတယ်

ဦးဆံရှည်လို့ဆိုပြီး သိကြတဲ့ အတိုက်အခံလွှတ်တော်အမတ်ဖြစ်ခဲ့သူ လွမ် ကွက် ဟန်ဟာ ဟောင်ကောင်မှာ ရှင်းရှင်းဘွင်းဘွင်း ဝေဖန်ပြောဆိုသူတွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။

သူ့ကိုယ်သူ “မာ့စ်ဝါဒီ တော်လှန်ရေးသမား”လို့ ရည်ညွှန်းသုံးနှုန်းတဲ့ အသက် ၆၈ နှစ်အရွယ် လွမ်ဟာ သူ့ရဲ့ နိုင်ငံရေးဆိုင်ရာပြကွက်တွေကြောင့်လည်း လူသိများပါတယ်။

သူဟာ ဟောင်ကောင် ဥပဒေပြုကောင်စီ(LegCo) အစည်းအဝေးမှာ ငှက်ပျောသီးနဲ့ပစ်ပေါက်တာ၊ နိုင်ငံရေးစာတန်းပါတဲ့မိုးပျံပူပေါင်းလွှတ်တင်တာ၊ လွှတ်တော်အမတ်အဖြစ် ကျမ်းကျိမ်ချိန်မှာ ထီးလှဒပ်ရှားမှုရဲ့ပြယုဂ်အဖြစ် တရားရုံးထဲ ထီးအဝါဆောင်းပြီး “ထီးလှုပ်ရှားမှု ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်” လို့ ကြွေးကြော်ခဲ့တာတွေအတွက် နာမည်ကြီးပါတယ်။

ဒါကပဲ သူ့ကို ဟောင်ကောင်လွှတ်တော်မှာ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုပြီး ဆုံးဖြတ်ခံရပါတယ်။ ၂၀၁၉ ဆန္ဒပြပွဲတွေမှာပါဝင်မှုနဲ့ သူဟာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။

သူ့ရဲ့ အိမ်ထောင်ဖက် ချန်ပိုယင်ဟာလည်း လူသိများတဲ့တက်ကြွလှုပ်ရှားသူဖြစ်ပါတယ်။ သူတို့ဟာ ဆိုရှယ် ဒီမိုကရက်ပါတီကို စတင်ဖွဲ့စည်းသူတွေထဲမှာလည်းပါဝင်ပါတယ်။

သူတို့နှစ်ဦးဟာ အသက် ၂၀ အရွယ်ကတည်းက သိခဲ့ကြသူတွေဖြစ်ပေမဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လက်ထပ်ခဲ့ကြပါတယ်။

လက်ထပ်ပြီးနောက် ရက်ပေါင်းလေး အဖျက်အမှောင့်လုပ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။

ကာလရှည်ကြာ တက်ကြွလှုပ်ရှားသူ - ကလော်ဒီယာ မို

Claudia Mo in the Hong Kong parliament in 2017

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလော်ဒီယာ မိုဟာ အရင်က တီရန်နန်မန်ရင်ပြင် နှိမ်နင်းမှုကို သတင်းထောက်တစ်ဦးအဖြစ် သတင်းယူခဲ့ဖူးသူဖြစ်ပါတယ်

နောက်တပ် ထင်ရှားတဲ့အတိုက်အခံလွှတ်တော်အမတ်ကတော့ ကလော်ဒီယာ မို ဖြစ်ပြီး ကွမ်တုံးစကားနဲ့ဆိုရင် “အန်တီ မို” လို့ လူသိများကြပါတယ်။

သတင်းထောက်ဟောင်းတစ်ဦးဖြစ်တဲ့ သူဟာ AFP သတင်းဌာနအတွက် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ၁၉၈၉ ခုနှစ် တီရန်နန်မန်ရင်ပြင် နှိမ်နင်းမှုကို သတင်းလိုက်ခဲ့သူဖြစ်ပါတယ်။ အဲဒီအခြေအနေကပဲ သူ့ကို နိုင်ငံရေးအသိနိုးထစေခဲ့တာဖြစ်တယ်လိုလည်း သူက ပြောပါတယ်။

သူမဟာ အတိုက်အခံ Civic Party ကို ၂၀၀၆ ခုနှစ်မှာဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်ရောက်တဲ့အခါ ဟောင်ကောင် ဥပဒေပြုကောင်စီမှာ အမတ်နေရာအနိုင်ရပါတယ်။ ဒါကြောင့် သူမဟာ သူ့ရှိရင်းစွဲ ဗြိတိန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၀၂၀ ပြည့်နှစ်မှာ ဒီမိုကရေစီယိမ်း လွှတ်တော်အမတ် ၄ ဦး ရာထူးကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် အသက် ၆၇ နှစ်အရွယ် အန်တီမိုဟာ တခြားလွှတ်တော်အမတ်အချို့နဲ့အတူ ဥပဒေပြုကောင်စီကနေ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကြောင့်ပဲ ဟောင်ကောင်လွှတ်တော်မှာ အတိုက်အခံ မရှိဖြစ်သွားပါတယ်။

သတင်းရင်းမြစ်တစ်ဦးရဲ့အပြောအရ “ရုတ်တရက်ရမ်းကားမှု”လို့ သုံးနှုန်းတဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် အရုဏ်တက်မှာ သူမရဲ့နေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေက စီးနင်းခံခဲ့ရတယ်လို့ Financial Times သတင်းစာက သတင်းဖော်ပြပါတယ်။ ကနဦးမဲပေးမှုတွေမှာ သူမရဲ့အခန်ကဏ္ဍနဲ့ပတ်သက်ပြီး ရဲက အခုလိုဝင်စီးတာလို့ သတင်းက ဆိုပါတယ်။

အဲဒီတုန်းက အသက် ၈၀ အရွယ် သူမရဲ့ ခင်ပွန်း ဗြိတိသျှ သတင်းထောက် ဖီးလစ် ဘိုဝင်းဟာ အတော်လေး နာမကျန်းမှုကြောင့် ဆေးရုံတက်နေခဲ့ရတာဖြစ်ပြီး မစ္စမိုဟာ အကျဥ်းထောင်ကနေ ခင်ပွန်းဖြစ်သူဆီကို သွားရောက်ကြည့်ရှုခွင့်မရခဲ့ပါဘူး။ အဲဒီနောက်မှာတော့ မစ္စတာ ဘိုဝင်းလည်း ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။

Financial Times သတင်းစာတင်ပြချက်အရဆိုရင် မစ္စမိုဟာ သူမ ဖမ်းဆီးခံရမှုမတိုင်ခင်မှာ မြေးတွေနဲ့ အတူ အချိန်ကုန်ဆုံးနိုင်ဖို့ နိုင်ငံရေးကနေ တိတ်တဆိတ် အနားယူဖို့ ပြင်ဆင်နေချိန်လို့ ဆိုပါတယ်။

LGBT အရေးလှုပ်ရှားသူ - ဂျင်မီ ရှမ်း

ဂျင်မီရှမ်းဟာ ထင်ရှားတဲ့ LGBTQ အရေးတက်ကြွလှုပ်ရှားသူဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျင်မီရှမ်းဟာ ထင်ရှားတဲ့ LGBTQ အရေးတက်ကြွလှုပ်ရှားသူဖြစ်ပါတယ်

ကာလရှည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် LGBTQ အရေးတွက်ကြသူလည်းဖြစ်တဲ့ ဂျင်မီ ရှမ်ဟာ ဟောင်ကောင်က ဒီမိုကရေစီယိမ်းလှုပ်ရှားတဲ့အဖွဲ့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Civil Human Rights Front ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခေါင်းမှာ သွေးအလိမ်းလိမ်းနဲ့ လမ်းဘေးမှာ ပုံကျသွားတဲ့အထိ တိုက်ခိုက်ခံရမှုဖြစ်ခဲ့ပါတယ်။ ဘာကြောင့် သူ သူအခုလို တိုက်ခိုက်ခံရတယ်ဆိုတာ မရှင်းလင်းပေမဲ့ အဲဒီကာလ လပိုင်းတွေအတွင်း ဒီမိုကရေစီယိမ်းတက်ကြွလှုပ်ရှားသူတွေကို ကိုယ်ထိလက် ရောက် ကျူးလွန်မှုတွေ လုပ်တယ်လို့ သံသယဝင်ခံရတဲ့ အစိုးရထောက်ခံသူတွေနဲ့ Civil Human Rights Front ရဲ့ကြာက အချိတ်အဆက်ကြောင့်ဖြစ်နိုင်တယ်လို့ ယူဆခံရပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ CHRF ဟာ တရုတ်ရဲ့နှိမ်နင်းမှုကြောင့် ဖြစ်လာနိုင်တဲ့ မမျှော်မှန်းနိုင်တဲ့စိန်ခေါ်မှုတွေကြောင့် CHRF ကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးဘဝမှာတော့ အသက် ၃၇ နှစ်အရွယ် လမ်ဟာ ၂၀၁၃ ခုနှစ်မှာ နယူးယောက်မြို့မှာ သူ့လက်တွဲဖော်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူဟာ ဟောင်ကောင်မှာ လိင်တူလက်ထပ်ခွင့်ရရှိရေး ပြည်ပရောက်ချိန်မှာ စည်းရုံးလှုံ့ဆော်ခဲ့သလို ဟောင်ကောင်အယူခံရုံးအထိ တက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ဟောင်ကောင်က အဲဒီထိပ်တန်းတရားရုံးက သူ့ရဲ့အယူခံကို ပယ်ချခဲ့ပေမဲ့ ဟောင်ကောင်မှာ လိင်တူ အတူနေထိုင်မှုကို ဥပဒေကြောင်းအရ အသိအမှတ်ပြုဖို့ မူဘောင်ဖော်ဆောင်ရေး ဟောင်ကောင်အစိုးရကို အမိန့်ထုတ်ခဲ့ပါတယ်။

ဟောင်ကောင်က အကြိုမဲပေးပွဲတွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လမ်တစ်ယောက် ထိန်းသိမ်းခံနေရချိန်မှာပဲ တရားရုံးရဲ့အခုဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူ့ရဲ့ အာမခံ ပယ်ချခံခဲ့ရပြီး တရားသူကြီးက အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့လုပ်ရပ်တွေကို ဆက်လုပ်နိုင်ခြေရှိတဲ့ ပြတ်သားတဲ့လူငယ်တစ်ယောက်ဆိုပြီး အာမခံကို ပယ်ချခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေအရ မသင်္ကာသူတွေဟာ သူတို့ဟာ အမျိုးသားလုံခြုံရေးကို ထိပါးတာမျိုး မလုပ်တော့ပါဘူးလို့ တရားသူကြီးက မယုံကြည်ရင် အာမခံရပိုင်ခွင့်မရှိပါဘူး။ ဒါကပဲ ဝေဖန်မှု ပြင်းပြင်းထန်ထန် ကြုံရတာဖြစ်ပါတယ်။

အမှုရင်ဆိုင်ရသူအများစုဟာ ထောင်ဒဏ်ချမှတ်ခံရတာ ၃ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး အချို့ကတော့ တရားရုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

ရှမ်ကတော့ အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ ၃၁ ဦးထဲမှာပါဝင်နေတာကြောင့် အများဆုံး ထောင်ဒဏ် တစ်သက် ကျခံရနိုခြေရှိပါတယ်။ ဟောင်ကောင်မှာ အပြစ်ရှိကြောင်း ဝန်ခံတဲ့အခါ ပြစ်ဒဏ်မှာ သိသိသာသာလျှော့ချတာမျိုးရှိပေမဲ့ အမျိုးသားလုံခြုံရေး ဥပဒေအောက်မှာ ဒါက အကျုံးဝင်မလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

သတင်းထောက် - ဂွမ်းနက် ဟို

ရိုက်နှက်ခံရတဲ့အချိန်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရတာကြောင့် ဂွင်းနက်သ် ဟို ကို လူသိများခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံရတဲ့အချိန်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ရတာကြောင့် ဂွင်းနက်သ် ဟို ကို လူသိများခဲ့ပါတယ်

သတင်းထောက်ဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဂွမ်းနက် ဟိုဟာ နိုင်ငံရေးလောကထဲ မဝင်ခင်မှဦ ဘီဘီစီတရုတ်ဘာသာစကားဌာနအပါအဝင် ဒေသန္တရအစိုးရအဖွဲ့ပိုင် RTHK၊ အွန်လိုင်းသတင်း Stand News အပါအဝင် သတင်းမီဒီယာအများစုမှာ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဆန္ဒပြပွဲတွေအတွင်း လူအုပ်တစ်အုပ်က သူ့ကို ရိုက်နှက်ခံရတဲ့အခြေအနေကို ရုပ်သံထုတ်လွှင့်ခဲ့တာကြောင့် လူသိများခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီရုပ်သံဟာ ကမ္ဘာတဝန်းအထိပျံ့ခဲ့ပြီး ရိုက်နှက်ခံရတဲ့အတိုင်းအဆကိုလည်း လူတွေမြင်ပြီး ထိတ်လန့်ခဲ့ကြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာတော့ ဒီမိုကရေစီလိုလားတဲ့အကြိုမဲပေးမှုတွေမှာ သူပါဝင်ခဲ့ပြီး သူ့ရဲ့မဲဆန္ဒနယ်မှာ မဲအများစုနဲ့အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်တောင်မခိုင်ခင်အတွင်းမှာပဲ သူ ဖမ်းဆီးခံခဲ့ရပါတယ်။

သူမကတော့ အဲဒီမဲပေးမှုမှာ အနိုင်ရတဲ့အမတ်လောင်း ၄၇ ဦးစလုံးဟာ အရည်အချင်းအပြည့်မီဘူးလို့ သတ်မှတ်ခံရဖို့ သေချာသလောက်ဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောထားပါတယ်။

“ တရုတ်ကွန်မြူနစ်အုပ်စိုးမှုအောက်မှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာဟာ စိတ်ကူးယဥ် အိပ်မက်ဖြစ်တယ်ဆိုတာကို ဟောင်ကောင်သူ ဟောင်ကောင်သားတွေအနေနဲ့ သူတို့ရင်ထဲ အသည်းထဲကနေ သိထားကြပါတယ်” သူကပြောပါတယ်။

အဲဒီနောက်မှာတော့ သူ့ကို တရားသူကြီး အဲလက်စ် လီက “စိတ်ထိန်းဖို့” ဟန့် ပါတယ်။

ကျန်နေသေးတဲ့အမှုရင်ဆိုင်နေရသူတွေကတော့ အိုဝင် ချော၊ ဗန်းတက်စ် လူနဲ့ တစ်ဖနီယွမ်တို့ဖြစ်ပြီး သူတို့ အားလုံးဟာ လူငယ် နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။ လောင်နဲ့ ချောတို့ဟာ ဟောင်ကောင်ရဲ့ ဥပဒေပြုကောင်စီထဲကို စီးနင်းဝင်ရောက်ခဲ့တဲ့ရာနဲ့ချီတဲ့ဆန္ဒပြသူတွေထဲ ပါဝင်ကြသူတွေဖြစ်ပါတယ်။

ဟယ်လင်နာ ဝမ်နဲ့ ကွက် ကာကီ တို့ကတော့ ဆယ်စုနှစ်ချီနဲ့ကြာအောင် အတွေ့အကြုံရှိကြတဲ့လွှတ်တော် အမတ်ဟောင်းတွေဖြစ်ကြပါတယ်။

တခြားသူတွေကတော့ လူမှုအလုပ်တွေလုပ်ကိုင်ကြတဲ့ ဟင်းဒရစ် လူ ကနေစလို့ တက်ကြွလှုပ်ရှားသူ ဝင်နီ ယု တို့လိုအဆုံးလူတွေ ပါဝင်ကြပါတယ်။

ဆန္ဒပြသူအများစုဟာ အာမခံရမှု ငြင်းဆိုခံထားရပြီး အချို့ကတော့ အမျိုးသားလုံခြုံရေး ဥပဒေနဲ့ တရားစွဲခံရသူတွေ ကြုံနေရတဲ့အတိုင်း တရားကြားနာမှုမတိုင်ခင်မှာ ထောင်ထဲမှာ ဆက်နေရတဲ့အခြေအနေပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စတင်တဲ့ လနဲ့ချီကြာအောင် နှောင့်နှေးကြန့်ကြာတာတွေနဲ့ အငြင်းပွားဖွယ် အခြေအနေတွေကြောင့် ဆက်တိုက်မပြုလုပ်နိုင်ခဲ့ပါဘူး။ အာမခံရရေး ကြားနာမှုတောင် ၄ ရက်ကြာခဲ့တာကြောင့် အမှုရင်ဆိုင်ရသူတွေဟာ အဝတ်စားလဲခွင့် ရေချိုးခွင့်တောင် မရခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ သူတို့ထဲက အများစုဟာ မူးမေ့တာနဲ့ အများစုဟာ ဆေးရုံ ပို့ခဲ့ရပါတယ်။

အဖမ်းမခံရသူတွေကတော့ အဖမ်းခံရမယ်ဆိုတဲ့ စိုးရိမ်ချက်ကြောင့် ဟောင်ကောင်ကနေ ထွက်ပြေးကြပါတယ်။

ဟောင်ကောင်ဟာ တရုတ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပေမဲ့ ဗြိတိသျှ အုပ်ချုပ်မှုအဆုံးသတ်တဲ့ ၁၉၉၇ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတိုင်းအတာတခုအထိရထားပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီကတည်းက ဒီမိုကရေစီနည်းကျ လွတ်လပ်မှုတွေဟာ တစစ လျော့နည်းလာတယ်လို့ ပြောပြီး ဘေကျင်းဘကတော့ “ပြည်ပအင်အားစုတွေ” ဟာ ဟောင်ကောင်ကနေတဆင့် တရုတ်မတည်ငြိမ်အောင် ကြားဝင်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းနေကြတယ်လို့ ပြောထားပါတယ်။

အမှုရင်ဆိုင်နေရသူ ဟောင်ကောင် ၄၇ ဦး

ဓာတ်ပုံ ရင်းမြစ်, BBC

ထိပ်ပိုင်းဓာတ်ပုံကိုတော့ ဘီဘီစီကမ္ဘာတလွှားရဲ့ အရှေ့အာရှ Visual Journalism အဖွဲ့က ဖန်တီးပြုလုပ်ပေးထားပါတယ်။