ဂျွန်လီး-သဘောထားတင်းမာတဲ့ ဟောင်ကောင်ခေါင်းဆောင်သစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင်ရဲ့ခေါင်းဆောင် အုပ်ချုပ်ရေးမှူးသစ်အဖြစ် လုံခြုံရေးအကြီးအကဲဟောင်း ဂျွန် လီး ကာချူး ရွေးကောက်တင်မြှောက် ခံခဲ့ရပါတယ်။ ဒါဟာ ဟောင်ကောင်အပေါ် တရုတ်အစိုးရက ပိုတင်းတင်းကျပ်ကျပ် ချုပ်ကိုင်ဖို့ လုပ်ဆောင်လိုက်တာလို့ အများက ယူဆနေကြပါတယ်။
ဟောင်ကောင် အကြီးအကဲ ရွေးကောက်ပွဲမှာ ကယ်ရီ လမ်းရဲ့ နေရာကို တစ်ဦးတည်းသော ပြိုင်ဘက် မစ္စတာ လီး က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရကို ထောက်ခံတဲ့ အယူစွဲကြီးမားသူအဖြစ် လူသိများတဲ့ မစ္စတာ လီးဟာ တကယ်တမ်းမှာ လူထုအကြား ရေပန်းစားလှသူတစ်ဦး မဟုတ်ဘဲ မကြာသေးခင်က လုပ်ခဲ့တဲ့ လူကြိုက်များမှု စစ်တမ်းတစ်ခုအရ ၁၀၀ မှာ ၃၄ ဒဿမ ၈ မှတ်ပဲ ရခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ခေါင်းဆောင်အကြီးအကဲကို လူထုက တိုက်ရိုက်ရွေးချယ်ခွင့် မရှိတဲ့ ဟောင်ကောင်မှာတော့ ဒါက အကြောင်းမဟုတ်ပါဘူး။ တရုတ်အစိုးရက သူ့ကို ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။
အသက် ၆၄ နှစ်အရွယ် မစ္စတာ လီး ကို တရုတ်အစိုးရအပေါ် သစ္စာစောင့်သိသူ အများစုနဲ့ ဖွဲ့ထားတဲ့ ရွေးကောက်ပွဲ ကော်မတီတစ်ခုက သူတို့သဘောနဲ့ သူတို့ စည်းဝါးရိုက် ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲပေး ရွေးကောက် တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရာထူးတွေ အဆင့်ဆင့် တက်လာခဲ့
သူ့အရင် အကြီးအကဲတွေက စီးပွားရေး အသိုင်းအဝိုင်း ဒါမှမဟုတ် အရပ်ဘက်ဝန်ထမ်း အတွေ့အကြုံတွေကြောင့် ရာထူးရခဲ့ကြတာ ဖြစ်ပေမဲ့ မစ္စတာ လီးကတော့ ဥပဒေစိုးမိုးရေး လောကကနေ လာခဲ့တာပါ။
မစ္စတာ လီးဟာ အသက် ၂၀ အရွယ် ၁၉၇၇ ခုနှစ်မှာ ဟောင်ကောင် ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့ပါတယ်။ သူအလုပ်ဝင်ကာစ ကာလတွေမှာ ရာဇဝတ်မှု နှိမ်နင်းရေးတွေကို အဓိက အာရုံထား လုပ်ဆောင်ခဲ့ပါတယ်။
ကလေးနှစ်ယောက် ဖခင် မစ္စတာ လီးဟာ ဟောင်ကောင်မှာ အမြဲ နေထိုင်ခွင့်ရထားပြီး ဗြိတိသျှ နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူ ဖြစ်ပါတယ်။ လုံခြုံရေး အငယ်တန်းဝန်အဖြစ် ခန့်အပ် မခံရခင် ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ ဗြိတိသျှ နိုင်ငံသား လက်မှတ်ကို စွန့်လွှတ်ခဲ့ပါတယ်။
ကယ်ရီလမ်းရဲ့ အုပ်ချုပ်မှုအောက်မှာ လုံခြုံရေးဝန်ကြီးအဖြစ် ရာထူးတိုးခဲ့ချိန်မှာ မစ္စတာ လီးဟာ ၂၀၁၉ ခုနှစ် တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်း အတည်ပြုနိုင်ဖို့ ဖိအားပေး ဆောင်ရွက်မှုတွေမှာ အဓိက မဏ္ဍိုင်နေရာကနေ ပါ၀င်ခဲ့ပါတယ်။ အဲဒီ ဥပဒေမူကြမ်းကြောင့် ဟောင်ကောင်မှာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း နိုင်ငံရေး၊ လူမှုရေး ကမောက်ကမ အဆိုးဝါးဆုံး ဖြစ်ခဲ့ရပါတယ်။
ဒီဥပဒေမူကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လမ်းမပေါ်ထွက် လူထုဆန္ဒပြမှုတွေ ပေါ်ထွက်လာခဲ့ချိန်မှာ မစ္စတာ လီးကတော့ ဒီဥပဒေမူကြမ်းကို ဆက်ထောက်ခံအားပေးခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာ ဟောင်ကောင် အစိုးရရဲ့ကိုယ်စား ပြောပေးသူ တစ်ဦး ဖြစ်လာခဲ့ပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကနဦး အစပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဆန္ဒပြမှုတွေက နောက်ပိုင်းမှာ ရဲနဲ့ ဆန္ဒပြသူတချို့အကြား အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။
လုံခြုံရေးအကြီးအကဲ မစ္စတာ လီးရဲ့ ကြီးကြပ်မှုအောက်မှာ ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ဆန္ဒပြလူအုပ်ကြီးကို မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့ပြီး အခါအားလျော်စွာ ကျည်အစစ်တွေကိုလည်း သုံးလာခဲ့တာကြောင့် အများရဲ့ ဝေဖန်ပြစ်တင်တာ ခံခဲ့ရပါတယ်။
ဒါပေမဲ့ မစ္စတာလီးကတော့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဟောင်ကောင်ရဲတွေရဲ့ အင်အားသုံး ဖြိုခွဲမှုတွေကို ခိုင်ခိုင်မာမာ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြသူတချို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ "အကြမ်းဖက်ဝါဒ" "အစွန်းရောက်ဝါဒ" မြောက်တယ်လို့ သူက ဆိုပါတယ်။
အဲဒီအချိန်ကစလို့ တခြား တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့အတူ မစ္စတာ လီးကို ဆန္ဒပြပွဲတွေအတွင်း ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပေါ် ထိခိုက်အောင် လုပ်ခဲ့တယ် ဆိုပြီး အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ YouTubeကလည်း သူ့ရဲ့ မဲဆွယ်စည်းရုံးတဲ့အကောင့်ကို ပိတ်လိုက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
မစ္စတာ လီးကတော့ လုံခြုံရေး ကာကွယ်ဖို့ ဆိုတဲ့ သူ့ရဲ့ တာဝန်အတိုင်းသာ ဆောင်ရွက်နေတာ ဖြစ်တယ်ဆိုပြီး သူ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကာကွယ်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လမှာ မစ္စတာ လီးကို ဟောင်ကောင်ရဲ့ ဒုတိယ သြဇာအကြီးဆုံး ရာထူးဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် ရာထူး ခန့်အပ်ခဲ့ပါတယ်။ ရာထူးရအပြီး တစ်နှစ်လောက်တောင် မရှိသေးခင်အချိန်မှာပဲ ဟောင်ကောင်အကြီးအကဲ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဧပြီလမှာ အဲဒီရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
အရာအားလုံးထက် လုံခြုံရေးကို ဦးစားပေး
၂၀၂၀ ဇွန်လမှာ ဆန္ဒပြသူတွေကို အပြစ်ပေး အရေးယူနိုင်ရေး ပိုလွယ်ကူအောင် ရေးဆွဲထားတဲ့ ဟောင်ကောင် နိုင်ငံတော်လုံခြုံရေး ဥပဒေကို တရုတ်အစိုးရက အတည်ပြုခဲ့အပြီးမှာ အဲဒီ ဥပဒေအရ အတိုက်အခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နိုင်ငံတော်လုံခြုံရေး ကိစ္စတွေကို ကြီးကြပ်ဆောင်ရွက်ဖို့ အသစ်ဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ မစ္စတာ လီးကို အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မစ္စတာ လီးက ဒီဥပဒေဟာ ဟောင်ကောင်ကို ကသောင်းကနင်း အခြေအနေကနေ တည်ငြိမ်အေးချမ်းမှု ပြန်ရလာစေရေးကို အထောက်အကူ ပြုခဲ့တယ်လို့ ဆိုပြီး ဟောင်ကောင်ရဲ့ လွတ်လပ်ရေး၊ အကြမ်းဖက်မှု၊ အစွန်းရောက်မှု အယူဝါဒတွေကို ဖယ်ရှားပစ်ဖို့ သူ့အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOPA Images
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရာထူးသက်တမ်းအတွင်း လုံခြုံရေးဥပဒေ ပုဒ်မ ၂၃ အပါအဝင် လုံခြုံရေးကိစ္စရပ်တွေကို တခြားကိစ္စတွေထက် သူ ဦးစားပေး ဆောင်ရွက်သွားမယ် ဆိုတာကို မစ္စတာ လီးက အရိပ်အမြွက် ပြောထားပါတယ်။
ဒီဥပဒေပုဒ်မဟာ ဟောင်ကောင်ရဲ့ ဖွဲ့စည်းပုံဥပဒေ အသေးစားဖြစ်တဲ့ အခြေခံဥပဒေပါ ပုဒ်မတစ်ခု ဖြစ်ပါတယ်။ တရုတ်အစိုးရအပေါ် ဆန့်ကျင်ပုန်ကန်မှု၊ ဆန့်ကျင်အောင် လှုံ့ဆော်မှု၊ ပြည်မကြီးကနေ ခွဲထွက်လိုမှု၊ အဖျက်အမှောင့် ပြုမှု စတဲ့ လုပ်ရပ်မှန်သမျှကို ပိတ်ပင်တားမြစ်ဖို့ ဟောင်ကောင်အနေနဲ့ ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းသင့်တယ်လို့ အဲဒီဥပဒေမှာ ဖော်ပြထားပါတယ်။
ဒီလိုလုပ်ဖို့ ၂၀၀၃ ခုနှစ်မှာ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မမြင် ဖြစ်ခဲ့အပြီး နောက်ပိုင်းမှာ ဟောင်ကောင် အကြီးအကဲ တစ်ယောက်တလေကမှ နောက်ထပ် မကြိုးစားခဲ့ကြတော့ပါဘူး။ ဒါပေမဲ့ အခုတော့ မစ္စတာ လီးက သူ့ရဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး သက်တမ်းကာလမှာ ဒါကို အဓိက ဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောနေပါတယ်။
မစ္စတာလီးဟာ ဟောင်ကောင်မှာ ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမှာမဆို မျိုးချစ်စိတ် ရှိသူတွေကို ဝင်ပြိုင်ခွင့်ပြုရေးမှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့ သီးခြားကော်မတီတစ်ခုမှာလည်း ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
သူဟာ မီဒီယာတွေအပေါ် တင်းမာတဲ့ သဘောထား ရှိပြီး သတင်းတု သတင်းမှားတွေကို ကိုင်တွယ်နှိမ်နင်းနိုင်ရေးနဲ့ ဒါကို နိုင်ငံတော်လုံခြုံရေး ကိစ္စတစ်ရပ်အဖြစ် ဥပဒေရေးဆွဲ ဖန်တီးဖို့ ဟောင်ကောင်အစိုးရအနေနဲ့ သုံးသပ်နေတယ်လို့ မနှစ်တုန်းက ပြောခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ပီကာချူးလေး
ဝေဖန်သူတွေအကြားမှာ မစ္စတာ လီးကို ပိုကီမွန်ကာတွန်းထဲက ဇာတ်ကောင် "ပီကာချူး" ဆိုပြီး နာမည်ပြောင် ပေးထားပါတယ်။ သူ့ရဲ့ တရုတ်နာမည် ကာချူးကို အစွဲပြုပြီး နောက်ပြောင် ခေါ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မကြီးကို သစ္စာစောင့်သိတဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် တချို့က ခိုင်းနှိုင်းလိုတဲ့ သဘောနဲ့ ခေါ်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AhTo/阿塗
မစ္စတာ လီးကို ရွေးကောက် တင်မြှောက်လိုက်တာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့ ဦးစားပေး ကိစ္စရပ် ပြောင်းလဲလာတာကို ဖော်ပြနေပြီး လက်ရှိ တရုတ်အမေရိကန် ဆက်ဆံရေးအခြေအနေ အချက်အလက်တွေကို သုံးသပ်ဖို့ လိုတယ်လို့ နိုင်ငံရေးအကဲခတ်သူတွေက ယူဆနေပါတယ်။
"တရုတ်နိုင်ငံကို ဖျက်လိုဖျက်ဆီး လုပ်ဖို့ ကြိုးစားနေတဲ့ အမေရိကန်အစိုးရဟာ ဟောင်ကောင်ကို အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးချနေတယ် ဆိုပြီး တရုတ်အစိုးရက အခုအခါ ယုံကြည်ယူဆနေပုံ ရတယ်"လို့ နိုင်ငံရေးသိပ္ပံပညာရှင် ဝီလီ ဝိုလက်ပ် လမ် က ပြောပါတယ်။
ဒါ့အပြင် မစ္စတာ လီးကို အခုလို ရွေးချယ် တင်မြှောက်လိုက်တာဟာ ဟောင်ကောင်ကို ရဲထိန်းချုပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲ ထားရှိလာမယ့် နောက်ထပ် အထောက်အထားတစ်ရပ် ဖြစ်တယ်လို့ အကဲခတ်တွေက ပြောနေကြပြီး မစ္စတာ လီးရဲ့ အုပ်ချုပ်မှုအောက်မှာ နိုင်ငံရေးဖိနှိပ်မှုတွေ ပိုတိုးလာလိမ့်မယ်လို့ သတိပေးနေပါတယ်။
"မစ္စတာ လီးကို ရွေးချယ်ခန့်အပ်ခဲ့တာဟာ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဟောင်ကောင်မှာ လုံခြုံရေးနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချမှု မရှိဘူး ဆိုတာကို ဖော်ပြနေတာပါ။ ဒါ့အပြင် တရုတ်ပြည်မ အစိုးရဟာ ဟောင်ကောင်အစိုးရနဲ့ ဟောင်ကောင်ပြည်သူတွေအပေါ် ဆက်ပြီး အယုံအကြည် မရှိဘူးဆိုတာကို အသိပေးလိုက်တာလည်း ဖြစ်ပါတယ်" လို့ သီးခြားလွတ်လပ်တဲ့ သတင်းဝက်ဆိုက် တစ်ခုဖြစ်တဲ့ Hong Kong Free Press ဝက်ဆိုက်ရဲ့ မကြာသေးခင်က တင်ခဲ့တဲ့ သတင်းပို့စ်တစ်ခုမှာ ဂျွန် ဘန်းစ် က ထောက်ပြ ရေးသားခဲ့ပါတယ်။
"တကယ့်ကို စိုးရိမ်စရာ ကောင်းတာ တစ်ခုကတော့ လူတွေရဲ့ ထုတ်ဖော်ပြောဆိုမှု ဒါမှမဟုတ် ထင်မြင်ယူဆမှုတွေကို ရာဇဝတ်မှုအဖြစ် အရေးယူတာမျိုးတွေ ရှိလာနိုင်တဲ့ အချက်ပါပဲ လို့ ဟောင်ကောင် သတင်းထောက်များအသင်းရဲ့ ဥက္ကဋ္ဌ ရွန်ဆန် ချန်း က ဘီဘီစီကို ပြောပါတယ်။ သူ့ရဲ့ အသင်းအနေနဲ့ မစ္စတာ လီးရဲ့ အစိုးရကို သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ အကြောင်း တင်ပြ ပြောဆိုဖို့ ရည်ရွယ်ထားတယ်လို့ သူက ပြောပါတယ်။
ဟောင်ကောင် နိုင်ငံတော်လုံခြုံရေး ဥပဒေအရ Apple Daily သတင်းစာတိုက်နဲ့ Stand News သတင်းဝက်ဆိုက်တို့လို သီးခြားလွတ်လပ်တဲ့ သတင်းဌာနတွေ အပိတ်ခံလိုက်ရသလို သတင်းထောက်တွေနဲ့ မီဒီယာသတင်းဌာန အကြီးအကဲတွေဟာလည်း ပြည်ပ အင်အားစုတွေနဲ့ ပူးပေါင်းကြံစည်မှု၊ သွေးထိုးလှုံ့ဆော်မှု စွဲချက်တွေနဲ့ တရားစွဲခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါ့အပြင် မစ္စတာ လီးဟာ စီးပွားရေးနဲ့ လူမှုဖူလုံရေး ကိစ္စရပ်တွေကို ကြီးကြပ်ကိုင်တွယ်ဖို့ အတွေ့အကြုံ နည်းပါးလွန်းတယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။
ကမ္ဘာ့ စီးပွားရေး ဆုံချက်နေရာဖြစ်တဲ့ ဟောင်ကောင်ဟာ ကိုဗစ်ကပ်ဘေးကြီးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင် ရုန်းကန်နေရချိန်မျိုးမှာ မစ္စတာ လီးက အုပ်ချုပ်ရေးမှူးရာထူးကို တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရာ မလုံလောက်မှု၊ ကြီးထွားလာနေတဲ့ တန်းတူမမျှတမှု စတဲ့ ပြဿနာ ကိစ္စရပ်တွေကိုလည်း မစ္စတာ လီး ကိုင်တွယ် ဖြေရှင်းရဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း သူဟာ ဟောင်ကောင်ရဲ့ အထက်တန်းလွှာ လူတန်းစားရဲ့ ထောက်ခံအားပေးမှုကိုတော့ အခိုင်အမာ ရထားပါတယ်။
သူ့ကို ဟောင်ကောင် အုပ်ချုပ်ရေးမှူးအဖြစ် အမည်တင်သွင်းအပြီး သီတင်း တစ်ပတ်အကြာမှာ မစ္စတာ လီးက ဟောင်ကောင်ရဲ့ အချမ်းသာဆုံး သူဌေးကြီး လီ ခ ရှင်းနဲ့ တရုတ်အစိုးရရဲ့ ထိပ်တန်း အကြံပေးကော်မတီဝင် ဟန်နရီ တန် အပါအဝင် အထင်ကရ ပုဂ္ဂိုလ် အတော်များများ ပါဝင်တဲ့ အကြံပေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ နာမည်ကြီး ရုပ်ရုပ်သရုပ်ဆောင် ဂျက်ကီ ချန်းတောင် ပါပါတယ်။
"မစ္စတာ လီးကို ဟောင်ကောင် ခေါင်းဆောင်သစ်အဖြစ် ရွေးချယ် တင်မြှောက်တာဟာ သင့်လျော်ကြောင်းနဲ့ ဟောင်ကောင် တည်ငြိမ် အေးချမ်းမှသာ ကြီးပွားတိုးတက်နိုင်မှာ ဖြစ်ပါကြောင်း" CK Hutchison ကုမ္ပဏီလိမိတက်ရဲ့ ဥက္ကဋ္ဌ ဗစ်တာ လီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာ လီးက ဟောင်ကောင်ကို သံစုံတီးဝိုင်းကြီး တစ်ခုအဖြစ် ဖော်ညွှန်းပြောခဲ့ပါတယ်။ ထိပ်တန်းစီးပွားရေး အချက်အချာမြို့ကြီး တစ်မြို့ကို အုပ်ချုပ်ဖူးတဲ့ အတွေ့အကြုံမရှိပေမဲ့လည်း မစ္စတာ လီးအနေနဲ့ အဲဒီ သံစုံတီးဝိုင်းကြီးရဲ့ တီးဝိုင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ကလည်း အလားတူ ဆုံးဖြတ်ချက်မျိုးကိုပဲ ချမှတ်ခဲ့ပုံ ရပါတယ်။








