ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှစ်နှစ်သမီးကို သတ်တဲ့ တောင်ကိုရီးယား ကျောင်းဆရာမကို ထောင်တသက်ချ
ဒီနှစ်ဆန်းက ၈ နှစ်အရွယ် ကျောင်းသူကို သေအောင် ဓားနဲ့ ထိုးခဲ့တဲ့ တောင်ကိုရီးယား ကျောင်းဆရာမ တယောက်ကို တရားရုံးက ထောင်တသက် ချမှတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလက နိုင်ငံအလယ်ပိုင်း ဒေဂျွန်းမြို့က စာသင်ခန်းထဲကို ကျောင်းသူ ကင်ဟာနိုးကို ဖျားယောင်း ခေါ်ဆောင်ပြီး ၄၈ နှစ်အရွယ် ဆရာမ မြောင်ဂျေဝန်က သတ်ခဲ့ပစ်ပါတယ်။
မစ္စမြောင်ရဲ့ ကျူးလွန်မှုက ရက်စက်လွန်း အားကြီးလို့ သေဒဏ်ပေးဖို့ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီလိုအမှုမျိုးကို ပြန်ကျူးလွန်နိုင်ခြေ များပေမဲ့ မြောင်ကို သေဒဏ်ပေးပစ်ရမယ်လို့ ကောက်ချက်ချဖို့ ခက်ကြောင်း တရားရုံးက ထုတ်ပြန်ပါတယ်။
သူ့အမှားကို ကျန်တဲ့ ဘဝတလျှောက်လုံး ပြန်သုံးသပ် ဆင်ခြင်သွားမယ်လို့လည်း မြောင်က ပြောပါတယ်။
ဓားထိုးမှု ဖြစ်ချိန်က စိတ်ရောဂါ ကုသမှု ခံယူနေရလို့ သူ့ရဲ့ ဆင်ခြင်တုံတရား အားနည်းခဲ့တယ်လို့ ဆရာမက ပြောပါတယ်။ မစ္စ မြောင်က သေဆုံးသူမိသားစုကို တောင်းပန်ခဲ့ပါတယ်။
ဒီအမှုကို စစ်ဆေးနေချိန်မှာ မြောင်ဟာ နောင်တရကြောင်း လုံးဝမပြခဲ့ဘူးလို့လည်း အစိုးရ ရှေ့နေတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒါဇင်နဲ့ချီတဲ့ နောင်တရကြောင်း ပြတဲ့စာတွေကို မြောင် တရားရုံးကို တင်သွင်းခဲ့ပါတယ်။
မြောင်ဟာ အရင်ကလည်း စိတ်ဓာတ်ကျလို့ ဆိုပြီး ခြောက်လ ခွင့်ယူခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဆရာဝန်က သူ အလုပ်လုပ်လို့ ရတယ်ဆိုပြီး ဆေးစစ်ချက် ရေးခဲ့ပြီးနောက် ရက် ၂၀ နဲ့ ကျောင်းကို ပြန်လာခဲ့တယ်ဆိုပြီး ဒေဂျွန်း ပညာရေးရုံးက ဖေဖော်ဝါရီလက ထုတ်ပြန်ပါတယ်။
ဓားထိုးမှု မဖြစ်ခင်မှာ တခြားဆရာတယောက်ကို လည်ပင်းညှစ်တာလိုမျိုး ကြမ်းတမ်းတဲ့ အမူအရာတွေကို ဒီဆရာမ ပြသခဲ့ကြောင်း ပညာရေးရုံးက ဆိုပါတယ်။
ဓားထိုးမှု ဖြစ်တဲ့ မနက်မှာပဲ ပညာရေး အရာရှိနှစ်ယောက် ကျောင်းကိုလာပြီး ဒီရန်ပွဲကိစ္စကို လာစစ်ဆေးခဲ့ကြပါတယ်။
တိုက်ခိုက်မှု ဖြစ်တဲ့နေ့မှာ လက်နက် ဝယ်လာပြီး ကျောင်းကို ယူလာကာ တွေ့တဲ့ကလေးတယောက်ကို သတ်ပြီး သူ့ကိုယ်သူ သတ်သေဖို့ စီစဉ်ခဲ့ကြောင်း မြောင်က ရဲကို ပြောပါတယ်။
ကင်ကို မသတ်ခင်မှာ မီဒီယာခန်းထဲ လာဖို့ သွေးဆောင်ခဲ့တယ်လို့လည်း ဆရာမက ရဲကို ပြောပါတယ်။
အဲဒီနေ့က ကျောင်းသူမလေး ကင် ဘတ်စ်ကား လာကြိုတဲ့ နေရာကို ရောက်မလာဘူးဆိုပြီး ကားမောင်းသူက ကျောင်းကို အကြောင်းကြားမှ ပျောက်နေမှန်း သိခဲ့ကြပါတယ်။
အဲဒီနေ့ နှောင်းပိုင်း ကျောင်းမှာ ဓားဒဏ်ရာတွေနဲ့ ကင် သေဆုံးနေတာ တွေ့ခဲ့ရပြီး မြောင်လည်း အနားမှာ ရှိနေပါတယ်။
မြောင်ရဲ့ လည်ပင်းမှာလည်း ဒဏ်ရာရခဲ့ပြီး သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်တာ ဖြစ်နိုင်ကြောင်း ရဲက ပြောပါတယ်။ ဒီဒဏ်ရာကိုတော့ ဆေးရုံမှာ ချုပ်ပေးခဲ့ပါတယ်။
ဒီလိုမှုခင်းတွေ ထပ်မဖြစ်အောင် လုံခြုံရေး ဂရုစိုက်ဖို့ အဲဒီအချိန်တုန်းက တောင်ကိုရီးယား ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြပါတယ်။
မြောင်ကို အီလက်ထရောနစ် နေရာပြ ကိရိယာ နှစ် ၃၀ တပ်ဆင်ဖို့လည်း အမိန့်ချခဲ့ပါတယ်။
မူလတန်းဆရာမတယောက်အနေနဲ့ တရားခံဟာ သေဆုံးသူကို ကာကွယ်ပေးရမယ့် အနေအထားမှာ ရှိကြောင်း တရားရုံး စီရင်ချက်မှာ ပါရှိပါတယ်။ ဒါပေမဲ့လည်း ကလေးတွေအတွက် အလုံခြုံဆုံး ဖြစ်သင့်တဲ့နေရာမှာ ဒီလို ရက်စက်တဲ့ ပြစ်မှုကို ဆရာမ လုပ်သူက ကျူးလွန်ခဲ့တယ်ဆိုပြီး စီရင်ချက်မှာ ဖော်ပြပါတယ်။