ရွေးကောက်ပွဲ လူဦးရေစာရင်း စကောက်တဲ့နေ့ လုံခြုံရေးယူတဲ့ ဒုရဲအုပ်တစ်ဦး အသတ်ခံရ

မြန်မာပြည်တွင်းမှာ စစ်ကောင်စီက နိုင်ငံအနှံ့ လူဦးရေစာရင်းကောက်ယူတာကို ဒီနေ့ကစလို့ သီတင်း သုံး ပတ်နီးပါးကြာ စတင်နေပြီဖြစ်ပါတယ်။

 ၂၃ ရက်အတွင်း နိုင်ငံအနှံ့ လူဦးရေစာရင်း အပြည့်ကောက်မယ့်အစီအစဥ်ကို နိုင်ငံအနှံ့က မြို့နယ်အချိ့မှာ ဇန်နဝါရီလ ၉ ရက်မှာ စတင်နေတာလို့ ဆိုပါတယ်။

အခုလို စာရင်းကောက်ယူတာဟာ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူဖို့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲအတွက် အခုလို မြေပြင်လူဦးရေစာရင်း စကောက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကမြောကင်းရွာမှာ လုံခြုံရေးလိုက်ပေးတဲ့ ဒုရဲအုပ်တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

 အခုကောက်ယူတဲ့ လူဦးရေ စာရင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ခဲ့တဲ့ အိမ်ထောင်စုစာရင်းဖြစ်ပါတယ်။

အဲဒီတုန်းက အချက်အလက်တွေကို လဝက ဘက်က မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး အခုတော့ အဲဒီ အိမ်ထောင်စုစာရင်း မှတ်တမ်းတွေကို အခြေခံကာ မြေပြင်အချက်အလက်နဲ့ ပြန်လည် တိုက်ဆိုင်စစ်ဆေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီလက်အောက် လဝက ဌာနက ပရဟိတအသင်းတွေပါ ပါဝင်တဲ့ ရပ်ကျေးအဆင့် လူပုဂ္ဂိုလ်တွေကို မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေး သင်တန်းပေးခဲ့အပြီး အခုလို လူဦးရေစာရင်း ကောက်ယူတဲ့အစီအစဥ် ပေါ်လာတာဖြစ်ပါတယ်။

လောင်းလုံးမှာ လူဦးရေစာရင်းကောက်နေစဥ် အသတ်ခံရတဲ့ ဒုရဲအုပ်ဟာ ကမြောကင်းရွာ စာသင်ကျောင်းအနီးမှာ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပစ်ခတ်ခံလိုက်ရတာဖြစ်ပြီးပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီက စုံစမ်းမြေးမြန်းရသလောက် အခုလို အချက်အလက်ကောက်ယူတာကို စစ်ကောင်စီဟာ နယ်မြေတည်ငြိမ်တဲ့နိုင်ငံ့နေရာအတော်များများမှာ မြို့ ရွာ ရပ်ကွက် အလိုက် တစ်ရက်ကြိုတင်သတိပေးတာမျိုးပြုလုပ်ပြီး ဒေသခံတွေကို အသိပေးတာမျိုး ရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတဲ့ တိုင်းမြို့တော် မုံရွာမှာတော့ရပ်ကွက် အချို့ကို စာရင်းကောက်ဖို့ အသိပေးတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အခုလို လူဦးရေစာရင်းကောက်ယူမှုကို မပူးပေါင်းဖို့ စစ်အာဏာသိမ်း ဆန့်ကျင်ရေးအင်အားစုတွေက တိုက်တွန်းမှုတွေရှိနေတယ်လို့ မုံရွာမြို့၊ နန္ဒဝန် ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီဘက်က အခုလို စာရင်းကောက်ယူမှုကို မပူးပေါင်းဖို့ဆိုတာ လက်နက်မဲ့လူထုအတွက် ခက်ခဲတဲ့အခြေအနေဖြစ်ပြီး စာရင်းပေးတာကိုလည်း စစ်တပ်နဲ့ ပူးပေါင်းတယ်လို့ တံဆိပ်တပ်မယ်ဆိုရင် လူထုကြား အက်ကြောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်မှာ လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုပြီး လပေါင်း ၃၀ ကြာ စီမံချက်ကို စတင်နေတာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကတည်းက ဖြစ်ပါတယ်။

အရင်တုန်းက မဲစာရင်းပြုစုကောက်ယူတာနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ် တစ်လျှောက်လုံးမှာ အင်အားအဖြစ်အသုံးပြုခဲ့တဲ့ ဆရာမ ဆရာမတွေ CDM ပြုလုပ်လို့ အင်အားနည်းပါးနေချိန် အဲဒီအင်အားမှာ အစားထိုးဖို့ စစ်ကောင်စီဘက်က ပရဟိတ အသင်းတွေဘက်ဆီ ဦးတည်ခဲ့ပါတယ်။

 စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ကော်မရှင်ဟာ လူဦးရေစာရင်းပြုစုတာတွေ ပြီးနေပြီဖြစ်ပြီး ပြန်လည်စစ်ဆေးတဲ့ အဆင့်ရောက်နေပြီလို့ ကော်မရှင်နဲ့ နီးစပ်သူတွေကနေ သိရပါတယ်။

လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ်အဆင့်၊ ခရိုင်နဲ့မြို့နယ်အဆင့် ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲတွေ ဖွဲ့စည်းဖို့လည်း ခြေလှမ်းပြင်နေတယ်လို့ သိရပါတယ်။

လောင်းလုံက ရွေးကောက်ပွဲလူဦးရေစာရင်းကောက်နေသူတွေ ပစ်ခတ်မှုကို Guerrilla Revolutionary Force –DGRF(ထားဝယ်-ပကဖ)နဲ့ ပူးပေါင်းရှင်းလင်းခဲ့တာလို့ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ အတူ မဲစာရင်းလိုက်ကောက်နေတဲ့ အဖွဲ့ကို ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် မောင်းပြန်သေနတ်တစ်လက်နဲ့ ကျည်ဆံများကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကျင်းပဖို့ကြိုးစားနေတဲ့ ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေခြင်းကို လက်ပိုက်ကြည့်နေမှာ မဟုတ်တဲ့ အတွက် မဲစာရင်းဆက်ကောက်နေမယ်ဆိုပါက နောက်ဆက်တွဲဖြစ်စဉ်တွေကို လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 စစ်ကောင်စီဘက်ကတော့ ဒီပတ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။