ဧပြီလ ၂၄ ရက် ညပိုင်း နိုင်ငံတကာ သတင်း - သဘာဝပတ်ဝန်းကျင်အတွက် လူကို လမ်းမှာ ကော်နဲ့ ကပ်ပြီး ဂျာမနီမှာ ဆန္ဒပြကြ

Germany

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာကြီးပူနွေးလာတဲ့ ပြဿနာအပေါ် အ‌ရေးတကြီး လျင်လျင်မြန်မြန် ကိုင်တွယ်ဖို့ ဂျာမနီ အစိုးရက မလုပ်ဘဲ ပျက်ကွက်ခဲ့တယ်လို့ မြင်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှား တက်ကြွသူတွေ မြို့တော် ဘာလင်မှာ လမ်းတွေကို ပိတ်ပြီး ဆန္ဒပြကြပါတယ်။

သူတို့လက်မှာ ကော်သုတ်လိမ်းပြီး လမ်းတွေပေါ်မှာ ကပ်ကာ ဆန္ဒပြကြတဲ့အတွက် လမ်းပိတ်ဆို့တာတွေ အတော်ဖြစ်နေတာပါ။

ဆန္ဒပြပွဲကို ဖြိုခွဲဖို့အတွက် ရာနဲ့ချီတဲ့ ရဲတွေကို တာဝန်ချထားပါတယ်။

ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်နေတဲ့ ဂျာမန် အစိမ်းရောင်ပါတီ (Green Party) ရဲ့ လွှတ်တော်တွင်းခေါင်းဆောင်အမတ်က ဒီလို လမ်းပိတ်ဆို့အောင် ဆန္ဒပြကြ တာတွေက ရလဒ်ကောင်းထွက်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မြောက်ဘက် ပင်လယ် (North Sea) အတွင်း လေအား လျှပ်စစ် ထုတ်ယူမှု တိုးမြှင့်ဖို့ အတွက် ဥ‌ရောပနိုင်ငံ ၉ နိုင်ငံက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ ဘယ်လဂျီယံနိုင်ငံ အော့စတန်မှာ ဒီနေ့ မွန်းလွဲပိုင်းမှာ စုဆုံဆွေးနွေးကြဖို့ အစီအစဉ် လည်း ရှိနေပါတယ်။

ဆူဒန်ကနေ နိုင်ငံခြားသားတွေ ထွက်ခွာနေကြ

Sudan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဆူဒန်မှာ တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး စစ်ရေးအရ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး လို့ အဲဒီက စစ်ဗိုလ်ချုပ်တွေကို ရည်ရွယ်ကာ ဥရောပ သမဂ္ဂ နိုင်ငံခြား မူဝါဒဆိုင်ရာ အကြီးအကဲ ဂျိုးဇက် ဘိုရဲလ်က ပြောလိုက်ပါတယ်။

အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ စင်ပြိုင်ဗိုလ်ချုပ်ကြီးတွေ ဆွေးနွေးကြစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တွန်းအားပေးသင့်တယ်လို့လည်း သူက ဆိုပါတယ်။

အီးဒ် ပွဲတော် အခါသမယ အပစ်ရပ်ကြဖို့ဆိုတဲ့ သဘောတူချက်ကို မလိုက်နာကြဘဲ ဆက်လက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဆူဒန်ကနေ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံက အပါအဝင် နိုင်ငံခြားတိုင်းပြည် အသီးသီးက နိုင်ငံသားတွေ ထွက်ခွာနေကြပါတယ်။

လူပေါင်း ၁,၀၀၀ ကျော်လောက် လေယာဉ်နဲ့ ထွက်ခွာလာကြပြီး ချတ်ဒ်၊ အီသီယိုး ပီးယား၊ အီဂျစ် စတဲ့ နိုင်ငံတွေဘက်ကို ကားလမ်းတွေက တဆင့် ထွက်ခွာကြသူတွေ လည်း ရှိပါတယ်။

တရုတ်က ကျောက်မီးသွေးသုံး လောင်စာစက်ရုံစီမံကိန်းတွေ

China

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်က လုပ်ဖို့ စီစဉ်နေတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံသစ်တွေဟာ ရာသီဥတု ကပ်ဆိုက်ဖို့ အန္တရာယ်ကို ပိုဆိုးသွားအောင် လုပ်လိုက်တာလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရင်းပိစ် (Green Peace) အဖွဲ့က ပြောလိုက်ပါတယ်။

ဒီနှစ် ပထမ လေးလပတ်အတွင်း တရုတ်ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျောက်မီးသွေးလောင်စာသုံးပြီး လျှပ်စစ် ၂၀ ဂျီဂါ ဝပ်ဒ် ကျော် ထုတ်လုပ်ဖို့ စီမံကိန်းတွေကို အတည်ပြုထားတယ်၊ အဲဒီ ပမာဏဟာ ၂၀၂၁ ခုနှစ်က ထုတ်လုပ်တာ ထက်တောင် ပိုများနေတယ်လို့ ဂရင်းပိစ် အဖွဲ့က ပြောပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းက အပူလှိုင်း ဒဏ်တွေ ခံခဲ့ရပြီး လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်မှုနဲ့ ကြုံခဲ့ရတဲ့ တရုတ် ပြည်နယ်တွေဘက်မှာ ကျောက်မီးသွေးလောင်စာ စက်ရုံသစ် အများအပြား ဆောက်လုပ်ဖို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအတွင်းမှာ ခွင့်ပြုခဲ့ပါတယ်။

နပန်းသမားတွေကို လိင်စော်ကားတဲ့ အဖွဲ့ချုပ် အကြီးအကဲ နုတ်ထွက်ပေးဖို့ ဆန္ဒပြကြ

India

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယ နပန်း အားကစားမောင်မယ်တွေ မြို့တော် ဒေလီမှာ ဒုတိယမြောက်နေ့အဖြစ် ထိုင်သပိတ် လုပ်နေပါတယ်။

အမျိုးသမီး နပန်းအားကစားမယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စော်ကားမှုတွေ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် နိုင်ငံအဆင့် နပန်း အားကစားအဖွဲ့ ချုပ် အကြီးအကဲ ဘရစ်ချ ဘူရှန် ဆင်းနဲ့ တခြား အရာရှိတွေကို ဖမ်းဆီးဖို့ သူတို့က တောင်းဆိုနေကြပါတယ်။

မစ္စတာဆင်းနဲ့ နပန်းအဖွဲ့ချုပ်တို့က အဲဒီ စွပ်စွဲမှုတွေကို ငြင်းဆိုထားပါတယ်။

မကျေနပ်မှု တင်ပြချက်တွေကို စုံစမ်းစစ်ဆေးမယ်လို့ အစိုးရက ကတိပြုတဲ့အတွက် သူတို့ရဲ့ အရင် ဇန်နဝါရီလက ဆန္ဒပြပွဲကို နပန်းသမားတွေက ရုပ်သိမ်းပေးထားပါတယ်။

စုံစမ်းစစ်ဆေးတဲ့အဖွဲ့က အစီရင်ခံစာကို အများပြည်သူအကြား ဖြန့်ဝေဖို့ အတွက် ကိုလည်း နပန်းသမားတွေက တောင်းဆိုနေပါတယ်။