ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၄ ရွှေကမ္ဘာလုံးဆု - အိုပန်ဟိုင်မာ ရုပ်ရှင် ဆုအများဆုံးဆွတ်ခူး
ရွှေကမ္ဘာလုံး ဆုပေးပွဲမှာတော့ အိုပန်ဟိုင်မာ ရုပ်ရှင်က ဆုပေးပွဲရဲ့ထိပ်တန်းဆုအပါအဝင် ဆု ၅ ခုအထိ ဆုတွေအများဆုံးရရှိသွားပါတယ်။
အဲဒီရုပ်ရှင်ကားရဲ့ ဇာတ်ဆောင်မင်းသား ခီလီယန် မာဖီနဲ့ ဇာတ်ပို့မင်းသား ရောဘတ် ဒေါင်းနေး ဂျူနီယာတို့ နှစ်ဦးစလုံး သူတို့ရဲ့သရုပ်ဆောင်ချက်တွေကြောင့် ဆုတွေရခဲ့တာဖြစ်သလို ဇာတ်ကား ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်လည်း ဒါရိုက်တာ ဆု ဆွတ်ခူးခဲ့ပါတယ်။
၄ တွဲမြောက်နဲ့ ဇာတ်သိမ်းခဲ့တဲ့ လူကြိုက်များ ရုပ်သံဇာတ်လမ်းတွဲ Succession ကတော့ ရုပ်သံဆုတွေထဲမှာ ဆုတွေအများဆုံးရခဲ့ပါတယ်။
ကမ္ဘာတဝန်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်ထောင့်လေးရာ အထိရခဲ့တဲ့ ဘာဘီရုပ်ရှင်ကတော့ ဝင်ငွေအများဆုံးရတဲ့ရုပ်ရှင်ဆုကို ရပါတယ်။
Anatomy of a Fall ၊ The Holdovers၊ Poor Things ၊ ဒါရိုက်တာ မာတင် စကော်ဆာဆီ ရိုက်ကူးတဲ့ Killers of the Flower Moon ရုပ်ရှင်တွေလည်း ဒါရိုက်တာ ဆုအပါအဝင် ဆု ၂ ဆုစီနဲ့ အသိအမှတ်ပြုခံရပါတယ်။
Killers of the Flower Moon ရုပ်ရှင်နဲ့ပဲ သရုပ်ဆောင် လီလီ ဂလက်စတုန်းက အကောင်းဆုံးဘဝသရုပ်ဖော်ဇာတ်ဆောင်မင်းသမီးဆုရခဲ့တာကြောင့် ဒီဆုကိုရရှိတဲ့ ပထမဆုံး ဌာနေတိုင်းရင်းသူတစ်ဦးဖြစ်လာသလို ဆုရှင်ကလည်း သူအခုလို ဆုရတာ ‘‘သမိုင်းဝင်’’ ဖြစ်ရပ်လို့ ရည်ညွှန်းပြောဆိုပါတယ်။
အိုပန်ဟိုင်မာ သရုပ်ဆောင် မင်းသား မာဖီကတော့ ဒါရိုက်တာ နိုလန်ကို ‘‘အာရုံမထွေမပြားဘဲ၊ တည်တည်တင်းတင်း၊ တစိုက်မတ်မတ်’’ အလုပ်လုပ်တတ်တဲ့ ရုပ်ရှင်ဖန်တီးသူလို့ သူ့ရဲ့ ဆုယူ အမှတ်တရစကားမှာ ထည့်သွင်းပြောဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၉၅၄ သန်း ဝင်ငွေရခဲ့တဲ့ ဒီရုပ်ရှင်ဟာ အကောင်းဆုံးဘဝသရုပ်ဖော်ရုပ်ရှင်ဆုကို ရခဲ့ပါတယ်။
ဆုလက်ခံစကားမှာတော့ မာဖီက ‘‘ခရစ္စတိုဖာ နိုလန်ရဲ့ ရုပ်ရှင်ရိုက်ကွင်းထဲကို ခြေလှမ်းမိမိချင်းမှာပဲ ဒီရုပ်ရှင်ဟာ ထူးခြားမယ်ဆိုတာ ကျွန်တော်သိခဲ့တယ်’’လို့ ပြောပါတယ်။
အဲဒီရုပ်ရှင်မှာ အမေရိကန်အစိုးရအရာရှိ လူးဝစ် စထရက်စ် အဖြစ် သရုပ်ဆောင်တဲ့ မင်းသား ဒေါင်းနေး ဂျူနီယာလည်း အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ရရှိပါတယ်။
ဒေါင်းနေး ဂျူနီယာကတော့ ဝင်ငွေကောင်းခဲ့တဲ့ဒီရုပ်ရှင်အောင်မြင်မှုကို သူ့ရဲ့ဆုလက်ခံစကားမှာ ထည့်ပြီး အခုလို အရွှန်းဖောက်ပါတယ်။ ‘‘နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာကွဲကွဲပြားပြားမဖြစ်တဲ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်က ဒေါ်လာသန်းတစ်ထောင်ကျော်ရခဲ့တယ်’’
မတူကွဲပြားမှု ကင်းမဲ့နေတဲ့အခြေအနေနဲ့ အဂတိလိုက်စားမှုအရှုပ်တော်ပုံတွေ အပြီးမှာ ရွှေကမ္ဘာလုံးဆုပေးအပ်ရေးမှာ အပြောင်းအလဲဖြစ်လာတာကို သူက ရည်ညွှန်းပြီး ‘‘ အပြောင်းအလဲ ပြုလုပ်ခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်’’ လို့ သူက ဆုရွေးချယ်မဲပေးရေးအဖွဲ့ကို ပြောပါတယ်။
Killers of the Flower Moon ရုပ်ရှင်နဲ့ပဲ သရုပ်ဆောင် လီလီ ဂလက်စတုန်းက အကောင်းဆုံးဘဝသရုပ်ဖော်ဇာတ်ဆောင်မင်းသမီးဆုရခဲ့တာကြောင့် ဒီဆုကိုရရှိတဲ့ ပထမဆုံး ဌာနေတိုင်းရင်းသူတစ်ဦးဖြစ်လာသလို ဆုရှင်ကလည်း သူအခုလို ဆုရတာ ‘‘သမိုင်းဝင်’’ ဖြစ်ရပ်လို့ ရည်ညွှန်းပြောဆိုပါတယ်။
‘‘ဒီဆုဟာ သမိုင်းဝင်ဆုပါ။ ကျွန်မ အနေနဲ့ ဘလက်ဖိထ် စကားကို နည်းနည်းလေး ပြောရတာနဲ့တင် အတော်လေး ကျေးဇူးတင်နေရပါပြီ။ ဒီ(ရုပ်ရှင်)နယ်ပယ်မှာ ဌာနေတိုင်းရင်းသား သရုပ်ဆောင်တွေဟာ ရုပ်ရှင်ထဲသူတို့ပြောမယ့်စကားလုံးတွေကို အင်္ဂလိပ်လိုပဲ ပြောရတာဆိုတော့လေ’’ လို့ ပြောပါတယ်။
Killers of the Flower Moon ရုပ်ရှင်မှာ ဂလက်စတုန်းဟာ ရေနံနဲ့ လောဘကြောင့် အော့ဆေ့မျိုးနွယ်စုပိုင် မြေတွေကို ရွှေ့ပြောင်းလာတဲ့လူဖြူအခြေချသူတွေကြောင့် မိသားစုဝင်တွေ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ အော့ဆေ့ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ရုပ်သံ ထူးချွန်ဆုတွေမှာတော့ မီဒီယာသူဋ္ဌေးကြီးနဲ့ သူ့ရဲ့ ကလေးတွေ မိသားစုပိုင်ကုမ္ပဏီကို အပိုင်ရရေး ပြိုင်ကြတဲ့ Succession ဇာတ်လမ်းတွဲက ဆုတွေအများကြီးရခဲ့ပါတယ်။
လေးတွဲမြောက် ဇာတ်လမ်းတွဲအနေနဲ့ ဇာတ်သိမ်းသွားပြီဖြစ်တဲ့အဲဒီဇာတ်မှာ ရိုမန် ရွိုင်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား ကီရန် ခက်လ်ခင်းက သူနဲ့အတူသရုပ်ဆောင်ဖက် မင်းသားတွေဖြစ်တဲ့ ဘရိုင်ယန် ကောက်စ် နဲ့ ဂျယ်ရမီ စတောင်းတို့ ရခဲ့တဲ့ ဇာတ်ဆောင်မင်းသားဆုကို ရပါတယ်။
‘‘ကျွန်တော် ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်ပါခဲ့တာ နှစ် ၂၀ လောက် ရှိခဲ့ပြီ’’ လို့ သူက ပြန်ပြောင်း ပြောသလို ‘’အဲဒီ တဒင်္ဂကို ကြုံခဲ့ရပြီးတဲ့နောက်မှာ ဒီဆုပေးပွဲခန်းမထဲ နောက်တစ်ကြိမ် ပြန်ရောက်မှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်’’ လို့ ပြောပါတယ်။
‘‘ဒီစင်မြင့်ထက်ကို နောက်တစ်ကြိမ် ရောက်တော့မှာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် လက်ခံခဲ့ပေမဲ့ အခုတော့ Succession ဇာတ်လမ်းတွဲကြောင့် ရောက်ခဲ့ရပါပြီ။ ... သိပ်ကိုကောင်းမွန်တဲ့ တဒင်္ဂ အခိုက်အတန့်ပါပဲ’’
သူနဲ့တွဲဖက် မင်းသမီး ဆာရာ စနွတ်ခ်ကတော့ ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ဆောင်မင်းသမီးဆု လက်ခံရင်း ‘‘ဒီရုပ်သံဇာတ်လမ်းတွဲဟာ ကျွန်မ ဘဝကို ပြောင်းလဲစေခဲ့တယ်’’ လို့ ပရိသတ်တွေကို ပြောပါတယ်။
ဘာဘီ ရုပ်ရှင်ကတော့ ရုပ်ရှင်ဝင်ငွေရရှိမှုမှာ အအောင်မြင်ဆုံးဆုကို ရပါတယ်။ ဒီဆုဟာ ရုပ်ရှင်တွေ စျေးကွက်မှာ အောင်မြင်မှုကို အသိအမှတ်ပြုဖို့ အခုနှစ်မှ ထည့်သွင်းထားတဲ့ ဆုအသစ်ဖြစ်ပါတယ်။
‘‘ဒီဆုကို ကမ္ဘာတဝန်းက ရုပ်ရှင်ရုံတွေကို အလှဆုံးဝတ်ဆင်ပြီးသွားကြတဲ့ ရုပ်ရှင်ချစ်သူပရိသတ်တွေအတွက် လက်ခံရယူပါတယ်’’ ရုပ်ရှင်မှာ ဘာဘီအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး မာဂေါ့ ရော်ဘီက ပြောပါတယ်။
ရုပ်ရှင်ပရိသတ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလိုဆုကို ချီးမြှင့်တဲ့ ရွှေကမ္ဘာလုံးဆုရွေးချယ်ရေးအဖွဲ့ကို လည်းကျေးဇူးတင်တဲ့အကြောင်း သူက ပြောပါတယ်။
အဆိုတော် ဘေလီ အေ့လစ်ရှ် ကတော့ ကိုယ်ပိုင်သီချင်း What Was I Made For နဲ့ ရုပ်ရှင်ဇာတ်ဝင်တေးဆုကို ရရှိပါတယ်။
စိတ်ကျတဲ့အချိန်မှာ ဒီဇာတ်ဝင်တေးကို ရေးစပ်ခဲ့တာဖြစ်လို့ ဒီသီချင်းဟာ သူ့အတွက် စိတ်ကျမှုကနေ ကူကယ်ရာ ကောက်ရိုးတစ်မျှင်ဖြစ်ခဲ့တယ်လို့ အဆိုတော်က ပြောပါတယ်။
ဒဗိုင်း ဂျွိုင်း ရန်ဒေါ့ဖ် ကတော့ သားဖြစ်သူသေဆုံးလို့ ပူဆွေးမှုကြီးခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ The Holdovers ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆု ရရှိပါတယ်။
‘‘မယ်ရီရေ ... ရှင်က ကျွန်မ ဘဝကို ပြောင်းလဲမှုဖြစ်စေခဲ့ပြီ။ ကျွန်မရဲ့ဖြစ်တည်မှု ထင်ပေါ်လာအောင် နည်းလမ်းပေါင်းစုံနဲ့ ရှင်က ပြသနိုင်ခဲ့တယ်’’လို့ မင်းသမီးက မယ်ရီအဖြစ် သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်ကို တိုင်တည်ပြီး ဆုလက်ခံရယူပါတယ်။
မင်းသမီး အမ်မာ စတုန်းကတော့ ဂီတ၊ ဟာဒယရုပ်ရှင်ခေါင်းစဥ်အောက်ကနေ Poor Things ရုပ်ရှင်နဲ့ ဇာတ်ဆောင်မင်းသမီးဆု ရပါတယ်။
အဲဒီရုပ်ရှင်မှာ သူဟာ ကိုယ့်ဖြစ်တည်မှုကို ရှာဖွေရင်း လွတ်မြောက်မှုနဲ့ တန်းတူညီမှုကို အားထုတ်တဲ့ လူငယ် အမျိုးသမီး ဘယ်လာ ဘက်စတာ အနေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
‘‘ဘယ်လာဟာ သူ့ဘဝကို မြတ်နိုးသူဖြစ်ခဲ့တယ်။ ဘဝကို မတူတဲ့အမြင်နဲ့ချဥ်းကပ်တာထက် အကောင်း အဆိုး လောကဓံကို လက်ခံနိုင်သူဖြစ်သွားခဲ့တယ်’’ လို့ အမ်မာက ဒီဇာတ်ကောင်ဟာ သူ့အတွက်လည်း အရေးပါတဲ့အကြောင်း ဆုလက်ခံစကားမှာ ပြောသွားပါတယ်။