ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘယ်လာရုစ်၊ ရုရှားနဲ့ယူကရိန်းက တက်ကြွလှုပ်ရှားသူတွေ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရ
၂၀၂၂ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို လူ့အခွင့်အရေး လှုပ်ရှားသူ တဦးနဲ့ အဖွဲ့အစည်း ၂ ရပ်တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
ဘယ်လာရုစ်နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ အယ်လီယာ့စ် ဘယ်လီယတ်စကီး နဲ့ အတူ ရုရှား လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ Memorial ၊ ယူကရိန်း လူ့အခွင့်အရေး အဖွဲ့အစည်း Center for Civil Liberties တို့ကို ပူးတွဲ ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဒီနေ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကို ကြေညာတဲ့ နေ့ဟာ ရုရှားသမ္မတ ပူတင်ရဲ့ အသက် ၇၀ ပြည့် မွေးနေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဒီလို အရှေ့ဥရောပက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဆုချီးမြှင့်တာဟာ ရုရှားသမ္မတကို သတင်းစကား တခုပါးချင်တဲ့ ရည်ရွယ်ချက် ပါသလားဆိုပြီး နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဘယ်ရစ် ရီစ် အန်ဒါဆန် ကို သတင်းထောက်တွေက ဝိုင်းဝန်းမေးမြန်းခဲ့ပါတယ်။
သူက ငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူတွေကိုသာ ချီးမြှင့်တာ ဖြစ်ကြောင်း၊ သမ္မတ ပူတင်ရဲ့ မွေးနေ့မှာ တိုက်ဆိုင်ပြီး လုပ်တာမျိုး မဟုတ်သလို ဘယ်သူ့ကိုမှ ဆန့်ကျင်တဲ့ သဘောမပါကြောင်း၊ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုတွေကိုသာ အသိအမှတ်ပြုတာ ဖြစ်ကြောင်း ပြောပါတယ်။
ဆက်လက်ပြီး သမ္မတပူတင်ဟာလည်း သူ့ဘာသာ ဒီလို ကိစ္စတွေထဲ ဆွဲသွင်းခဲ့တာ သာဖြစ်တယ်၊ အဲဒီမှာ လူမှု အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖိနှိပ်ခံနေရတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဒီဆု ချီးမြှင့်တာ ဖြစ်တယ်လို့ Reiss-Andersen ကပြောပါတယ်။