စစ်ခေါင်းဆောင်က သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, MUN
စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိ ရာဂဏန်းအထိ ပါဝင်တဲ့ အစည်းအဝေးတစ်ခု ကို အင်္ဂါနေ့က နေပြည်တော်မှာ ခေါ်ယူလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေကို အကြီးအကျယ် ဖိအားပေးခဲ့ပါတယ်။
စစ်ကောင်စီ၊စစ်တပ်၊စစ်ကောင်စီအစိုးရအဖွဲ့တွေ တင်မကဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကိုပါ နေပြည်တော်ကို ဆင့်ခေါ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်အဆင့်တွေအထိ အဲဒီအစည်းအဝေးကို တက်စေခဲ့ပါတယ်။
ဘီဘီစီက ရရှိထားတဲ့ စာရင်းအရ သမ္မတအိမ်တော်ထဲမှာ ပြုလုပ်တဲ့ ဒီအစည်းအဝေးကို စစ်ကောင်စီ ယန္တရားရဲ့ ထိပ်တန်းတာဝန်ရှိသူ ၃၈၀ ကျော်အထိ တက်ရောက်လို့ အာဏာသိမ်းပြီးတဲ့ နောက် ကျင်းပတဲ့အစည်းအဝေးတွေထဲ အကြီးဆုံးအစည်းအဝေးလို့ ဆိုရမှာဖြစ်ပါတယ်။
နာရီနဲ့ချီကြာတဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်ရဲ့ ဆူပူသံတွေက လွှမ်းမိုးထားပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းအတွက် သူ့ရဲ့ အစိုးရအဖွဲ့ဝင်တွေကို အကြီးအကျယ် ဖိအားပေးခဲ့တယ် လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေထံက သိရပါတယ်။
တိုင်စာတွေဖတ်နေတဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, MUN
အစည်းအဝေးမစခင်မှာ ဖုန်းတွေကို ပိတ်ခိုင်းလိုက်ပြီး ကိုယ်ရေးအရာရှိတွေကို အပြင်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီနောက် တံခါးတွေပိတ်လိုက်ပြီး အစည်းအဝေးကို စတင်ပါတယ်။
ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သုံးသပ်ချက်ပေးခဲ့ပြီး ပြည်ထဲရေး၊စိုက်ပျိုးရေး နဲ့ ပညာရေးဝန်ကြီး ဌာနတွေ က တော့ တခြားဌာနတွေထက် ပို သတိပေးခံရတယ် လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေထံက သိရပါတယ်။
‘’သူက တိုင်စာတွေ သူ့ဆီရောက်တယ်။ သူကိုယ်တိုင် ဖတ်နေတယ်။ ဌာနဆိုင်ရာတွေ အလုပ်သေချာလုပ်ကြဖို့ သတိပေးပါတယ်။’’ လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ဘီဘီစီ ကို ပြောပါတယ်။
ရပ်ရွာအေးချမ်းသာယာရေး နဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တို့က အဓိကအရေးကြီးပေမဲ့ အားနည်းချက်တွေရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ပြည်ထောင်စုတရားသူကြီးချုပ် နဲ့ ပြည်ထဲရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ အပတ်က ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သူတွေထဲ ပါဝင်ပါတယ်။
စစ်ကောင်စီက ချမှတ်ပေးလိုက်တဲ့ မူဝါဒတွေကို ဝန်ကြီးဌာနနဲ့ ဌာနဆိုင်ရာတွေက အကောင်အထည်ဖော်ရတာဖြစ်ပြီး မူဝါဒတွေ ဘယ်လောက်ကောင်းကောင်း အကောင်အထည်မဖော်နိုင်ရင် အလုပ်မဖြစ်ဘူး လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အပြစ်တင်ခဲ့တဲ့အကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတွေထံက သိရပါတယ်။
အောက်ခြေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရပြီး ရပ်ကွက်ရုံးတွေတောင် မဖွင့်နိုင်တဲ့ အခြေအနေမှာ ထွေအုပ်ကို အပြစ်ဖွဲ့တာက သဘာဝမကျဘူးလို့ CDM လုပ်ထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်း တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
‘’ဒါက သက်သက် တရားခံရှာတာပါ’’ လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ဦးစားပေးအစီအစဉ်တွေ ပြောင်းလဲ

ဓာတ်ပုံ ရင်းမြစ်, MUN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိပ်တန်းအရာရှိ ရာဂဏန်းအထိ ပါဝင်တဲ့ အစည်းအဝေးကို ခေါ်ရတဲ့ အဓိကအကြောင်းအရင်းက အရေးပေါ်ကာလကို ၆ လ သက်တမ်းတိုးပြီးတဲ့နောက် စစ်ကောင်စီက ပြောင်းလဲကျင့်သုံးမယ့် ရှေ့လုပ်ငန်းစဉ်တွေ နဲ့ ဦးတည်ချက်တွေကို ရှင်းပြဖို့ပဲ ဖြစ်ပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေကို သြဂုတ် ၈ ရက်နေ့ကနေ ပြောင်းလဲချမှတ်လိုက်ပြီး ပထမဦးစားပေးအဖြစ် ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်ဖို့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားလုပ်ဆောင်မယ်လို့ ချမှတ်ထားပါတယ်။
ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးဖို့ကိစ္စ နဲ့ပတ်သက်လို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေးတွေနစ်နာမှုမရှိရေး နဲ့ နည်းလမ်းကျန မှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆောင်ရွက်မယ် လို့ လုပ်ငန်းစဉ် ကို ထပ်တိုးလိုက်ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင် ပြောနေကျ ရွေးကောက်ပွဲကို အကြားအလပ်မရှိ လုပ်မယ် ဆိုတဲ့ စကားကို ရှေ့လုပ်ငန်းစဉ်ထဲ ထည့်လိုက်တာပဲ လို့ နိုင်ငံရေးအကဲခတ်တွေက အဓိပ္ပါယ်ဖွင့်ပါတယ်။
အရင်က ဦးတည်ချက်(၁၂) ခုထားရှိတာကနေ ၉ ခု အထိ လျှော့ချလိုက်တာ တွေ့ရပါတယ်။
နိုင်ငံရေးဦးတည်ချက်ထဲမှာတော့ ‘’ပြည်သူလူထု လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာတွေ့ရပါတယ်။
အဲဒီဦးတည်ချက်ကို ဆောင်ရွက်တဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင်တို့က အဓိကအရေးကြီးပြီး စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
‘’အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်တွေက အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ထိခိုက်စေနိုင်လို့ ပြုပြင်ဆောင်ရွက်သွားဖို့ လိုတယ်’’ လို့ စစ်ခေါင်းဆောင်က ဆက်ပြောခဲ့ပါတယ်။
စီးပွားရေးဦးတည်ချက်တွေကိုလည်း လျှော့ချလိုက်ပြီး ‘’ပြည်တွင်းမှာ ဆီဖူလုံဖို့ ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်မယ်’’ လို့ မူဝါဒသစ် ချမှတ် လိုက်ပါတယ်။
၂၀၂၅ ခုနှစ်မှာ ပြည်တွင်းစားသုံးဆီဖူလုံတဲ့အပြင် ပြည်ပကို တင်ပို့နိုင်တဲ့အထိ ရည်မှန်းချက်ထားဆောင်ရွက်သွားမယ် လို့ သူကပြောပါတယ်။
လူမှုရေးဦးတည်ချက်အကြောင်း ပြောတဲ့အခါ စစ်ခေါင်းဆောင်က ဘောလုံးပွဲတွေမှာတောင် အတော်လေးဆဲဆိုကြတာတွေ့ရတဲ့ အကြောင်း ထည့်ပြောသွားတယ် လို့ အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
‘’ရန်ကုန်ယူနိုက်တက် နဲ့ ရှမ်းယူနိုက်တက် ပွဲကို ပြောသွားတာ’’ လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ဦးတည်ချက်တွေ ပြောင်းလိုက်ပေမဲ့ နေ့ချင်းညချင်း အကောင်အထည်ပေါ်လာမှာလည်း မဟုတ်သလို အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာဖို့လည်း မမျှော်လင့်ထားဘူး လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
‘’ဒီခြောက်လအတွင်း တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ဘယ်လိုထိန်းနိုင်မှာလဲ။ အဲဒါကို စိတ်ပူမိတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မီးမှန်မှန်မပေးနိုင်တာ မြစ်ဆုံရပ်ခဲ့တာလည်းပါ

ဓာတ်ပုံ ရင်းမြစ်, cincds
ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရှိနေသေးတာက မြစ်ဆုံစီမံကိန်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့်ရပ်တန့်ခဲ့ရတဲ့ စီမံကိန်းတွေကြောင့် လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ဝန်ကြီးအဖွဲ့တွေကို ပြောပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးတွေ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရပြီး အဲဒီစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ခဲ့ရင် လက်ရှိအချိန်မှာလျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာလည်း ဖော်ပြကြပါတယ်။
အဲဒီဖော်ပြချက်တွေမှာ ‘မြစ်ဆုံ’ လို့ မဖော်ပြခဲ့ပေမဲ့ ဘီဘီစီရဲ့ စုံစမ်းမှုအရ သြဂုတ် ၈ ရက် အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ‘မြစ်ဆုံစီမံကိန်း’ ကို ဥပမာပေးခဲ့တယ် လို့ သိရပါတယ်။
KIO အပါအဝင် ဘာသာရေးအဖွဲ့ခေါင်းဆောင်တွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုပါ သွားရောက်ဆွေးနွေးခဲ့ပေမဲ့ သဘောမတူခဲ့လို့ ရပ်တန့်ခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး က ပြောတဲ့အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ဒါပေမဲ့ မြစ်ဆုံစီမံကိန်းပြန်စ ဖို့ ရှိ၊ မရှိ ကိုတော့ အဲဒီအစည်းအဝေးမှာ ပြောမသွားဘူး လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
‘’မြစ်ဆုံသာ မရပ်ခဲ့ရင် အခုလောက်ဆို လျှပ်စစ်ဓာတ်အားက ၉၀ ရာခိုင်နှုန်းလောက်ပေးနိုင်နေပြီလို့ သူက ပြောသေးတယ်’’ လို့ အဲဒီပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်ဓာတ်အားက နိုင်ငံ လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူး လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပါတယ်။
လျှပ်စစ်ဓာတ်အားလိုအပ်ချက်က စစ်ကောင်စီအတွက် စိန်ခေါ်မှုဖြစ်နေပြီး လတ်တလောဆောင်ရွက်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နဲ့ လေအားလျှပ်စစ်ထုတ်လုပ်မှု တွေကို လုပ်နေတယ် လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ နိုင်ငံတော်ဓာတ်အားပေးစနစ်နဲ့ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လက်ရှိအချိန်မှာ ၅၄ ဒသမ ၁၅ ရာခိုင်နှုန်းဖြန့်ဖြူးပေးနိုင်တယ် လို့ သိရပါတယ်။
ဖက်ဒရယ်စနစ်ကို ဒေသ အခြေခံ ဆောင်ရွက်မယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, cincds
တိုင်းဒေသကြီးနဲ့ ပြည်နယ်များအားလုံးမှာ ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြလို့ ဖက်ဒရယ်စနစ်ကို လူမျိုးကိုအခြေခံလို့မရဘဲ ဒေသကိုအခြေခံ ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်အခွင့်အရေး ပေးထားပြီး ပြည်သူအများဆန္ဒနဲ့ ကိုက်ညီရင် အခြေခံဥပဒေကို ပြင်ဖို့ တပ်မတော်အနေနဲ့ သဘောတူညီထားပြီးဖြစ်တယ်လို့ သူကပြောပါတယ်။
‘’နိုင်ငံအတွက်အရေးကြီးတဲ့ တို့တာဝန်အရေးသုံးပါးကို မထိခိုက်ဖို့လိုတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်လုပ်ပိုင်ခွင့်တွေကို ညီညွတ်မျှတစွာ ဆောင်ရွက်နိုင်ဖို့ လိုတယ်’’ လို့ သူကပြောပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတာက အဓိက ဆူးညှောင့်ခလုတ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံရေးဦးတည်ချက်မှာ ဒုတိယအချက်အဖြစ် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” လို့ ချမှတ်ထားတာတွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံတဲ့ဖက်ဒရယ် နဲ့ NCA အပစ်ရပ်စာချုပ်အတိုင်းဆက်သွားမယ်ဆိုတဲ့ မူဝါဒက အာဏာမသိမ်းခင်ကတည်းက ကိုင်စွဲလာတဲ့ မူဖြစ်လို့ စစ်တပ်ပြောသလို ထာဝရငြိမ်းချမ်းရေးရဖို့ မလွယ်ကူဘူး လို့ တိုင်းရင်းသားအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ မူဝါဒတွေကို သူ့ရဲ့အစိုးရအဖွဲ့ထဲ နှစ်သက်သဘောကျသူတွေရှိသလို လက်တွေ့နဲ့မကိုက်ညီဘူး လို့ ဝေဖန်ဆွေးနွေးတာတွေ တိုးတိုးတိတ်တိတ်ရှိလာတဲ့အကြောင်း စစ်ကောင်စီ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။








