မြောက်ကိုရီးယား ဒုံးကျည်သစ် စမ်းသပ်မှု ကင်ဂျုံအွန်း ကွပ်ကဲ

စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကွပ်ကဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကွပ်ကဲ
    • ရေးသားသူ, ဂျက် ဘားဂျက်စ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ခရုဇ် ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဖျက်ဆီးနိုင်တဲ့ လေကြောင်းကာကွယ်ရေး ဒုံးကျည်သစ် နှစ်မျိုးကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားပါတယ်။

ဒီလက်နက်တွေမှာ တိုက်ခိုက်ရေး စွမ်းရည်မြင့်မားပြီး ထူးခြားတဲ့ နည်းပညာကို သုံးထားကြောင်း မြောက်ကိုရီးယား အစိုးရရုပ်သံက ဆိုပေမယ့် အသေးစိတ် မဖော်ပြပါဘူး။

ဒီစမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် ကွပ်ကဲခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်က ဒေသထဲမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ အကြီးအကျယ် လုပ်နေချိန်မှာ မြောက်ကိုရီးယားဘက်က ဒီလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စစ်ရေး လေ့ကျင့်မှုတွေဟာ ဝင်သိမ်းဖို့ အစမ်းလေ့ကျင့်နေတာ ဖြစ်ကြောင်း မြောက်ကိုရီးယားက အမြဲ ဝေဖန်လေ့ရှိပါတယ်။

လေယာဉ်ပစ် ဒုံးကျည် စမ်းသပ်နေတဲ့ မြောက်ကိုရီးယားက ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စစ်အရာရှိကြီးများ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေယာဉ်ပစ် ဒုံးကျည် စမ်းသပ်နေတဲ့ မြောက်ကိုရီးယားက ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ စစ်အရာရှိကြီးများ

အမေရိကန် သမ္မတ ထရမ့်နဲ့ တောင်ကိုရီးယား သမ္မတ အီဂျေမြောင်တို့ကတော့ တနင်္လာနေ့မှာ ဝါရှင်တန်မှာ တွေ့ကြဖို့ ရှိပါတယ်။

တောင်ကိုရီးယား သမ္မတသစ်က တောင်မြောက် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်ဖို့ လှုံ့ဆော်လာခဲ့ပေမယ့် ကင်ဂျုံအွန်းရဲ့ နှမက ဒီကြိုးစားမှုတွေကို ပယ်ချခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်နေကိုလည်း ရန်အလိုဆုံးနဲ့ ထိပ်တိုက်အတွေ့ဆုံး လုပ်ရပ်ဆိုပြီး ကင်ဂျုံအွန်းကိုယ်တိုင်က ဒီလဆန်းပိုင်းမှာ ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်တွေကို အရှိန်မြှင့်ပြီး တိုးထုတ်ကြဖို့လည်း ကင်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

အသံထက်မြန်တဲ့ ထိပ်ဖူးတပ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်သစ်ကို ပစ်လွှတ်နိုင်ခဲ့ပြီ ဆိုပြီး ဇန်နဝါရီလမှာပဲ မြောက်ကိုရီးယားက ကြုံးဝါးခဲ့ပါတယ်။ ပစိဖိတ်ဒေသထဲမှာ ဘယ်ပြိုင်ဘက်ကိုမဆို တားဆီးနိုင်မယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းစစ်မှာ မြောက်ကိုရီးယားက စစ်သားတွေ လွှတ်ပေးလို့ ရုရှားဘက်ကနေ ဒုံးကျည်နည်းပညာတွေ ရနေတာကိုလည်း တောင်ကိုရီးယားက စိုးရိမ်ပါတယ်။

မနှစ်က ပြုံယမ်းမြို့တော်ရဲ့ လေကြောင်းကာကွယ်ရေးမှာ အားဖြည့်ဖို့ ဒုံးကျည်နဲ့ တခြား ပစ္စည်းတွေကို ရုရှားက ထောက်ပံ့ကူညီခဲ့ကြောင်း တောင်ကိုရီးယားက တွေ့ရှိခဲ့တယ်လို့လည်း တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယိုးရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း ရှင်ဝန်ဆစ်က ပြောပါတယ်။

အခု နောက်ဆုံးပစ်တဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေမှာ ရုရှားနည်းပညာ ပါသလားဆိုတာကလည်း မသိရသေးပါဘူး။