ဟောင်ကောင်ရေကြီးမှု၊ ဂြိုဟ်တုပိတ် စွပ်စွဲမှု အီလွန်မတ်စ် ပယ်ချနဲ့ စက်တင်ဘာ ၈ ရက် ကမ္ဘာ့သတင်းများ
ဟောင်ကောင်မှာ စံချိန်တင် ရေကြီး

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ နှစ် ၁၄ဝ ကျော်အတွင်း မိုးအများဆုံး ရွာသွန်းခဲ့လို့ တနာရီအတွင်း မိုးရေချိန် ၁၅ စင်တီမီတာကျော် စံချိန်တင်ရရှိခဲ့ပြီး နေရာတော်တော်များများ ရေကြီးနစ်မြုပ်နေပါတယ်။
ဟောင်ကောင်က လူနေထူထပ်တဲ့ လမ်းတွေက တောင်စောင်းလမ်းဆင်းတွေမှာ မြစ်ချောင်းလို ရေတွေ စီးနေတဲ့အတွက် ကားတွေ ရေမြုပ်ပြီး မြေအောက်ရထားဘူတာရုံနဲ့ ကုန်တိုက်တွေပါ ရေမြုပ်နေပါတယ်။
မြေပြိုနိုင်ကြောင်း သတိပေးချက်ထုတ်ထားလို့ ဟောင်ကောင်နဲ့ အနားက ရှန်ဇန်းက သန်းနဲ့ချီသူတွေ အိမ်ထဲမှာပဲ နေနေကြရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
လူ ၈၀ ကျော် ဆေးရုံတင်ကုသပေးထားရပြီး လူအများအပြားကို ကယ်ဆယ်ပေးခဲ့ရတယ်လို့လည်း ဟောင်ကောင်အာဏာပိုင်တွေက ပြောပါတယ်။
ဟောင်ကောင် ကျောင်းတွေကို ပိတ်ခိုင်းပြီး ဝန်ထမ်းတွေ အိမ်မှာပဲ နေကြဖို့ အစိုးရက အမိန့်ထုတ်ထားပါတယ်။
ဂြိုဟ်တုပိတ် စွပ်စွဲမှု အီလွန်မတ်စ် ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, EPA
ကရိုင်းမီးယား ဒေသ၊ ပင်လယ်နက်က ရုရှားရေတပ်ကို ယူကရိန်းက ရေကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ကြံစည်တာကို ပျက်အောင် စတားလင့် ဂြိုဟ်တု ကွန်ရက် ဆက်သွယ်မှုကို ပိတ်ပစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန် ဘီလျံနာသူဌေး အီလွန်မတ်စ်က ပယ်ချခဲ့ပါတယ်။
ရုရှားရေတပ် အခြေစိုက်တဲ့ ကရိုင်းမီးယားက ဆီဗက်စတိုပို ဆိပ်ကမ်းမြို့နားထိ စတားလင့်ကို ဖွင့်ပေးဖို့ ယူကရိန်းအစိုးရက အရေးပေါ် ပန်ကြားခဲ့ကြောင်း သူက ပြောပါတယ်။
ဒီတောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ သူက ပြောပါတယ်။
သူ သဘောတူလိုက်ရင် စစ်ရှိန်မြင့်အောင် လုပ်တဲ့ ကိစ္စကြီးထဲမှာ သူ့ကုမ္ပဏီ ပါဝင်ပတ်သက်မိမှာ ဖြစ်ကြောင်း အီလွန်မတ်စ်က ပြောပါတယ်။
စီအန်အန် သတင်းကို သူတုံ့ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂျီ ၂ဝ အကြို ဒေလီကိုရှင်း

ဓာတ်ပုံ ရင်းမြစ်, EPA
စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ဂျီ တွမ်တီး ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အိန္ဒိယမြို့တော် ဒေလီမြို့လယ်က အစိုးရရုံးနဲ့ စျေးတွေ၊ ကျောင်းတွေနဲ့ စီးပွားရေးရပ်ကွက်တွေကို ပိတ်ထားလို့ ခြောက်ကပ်တိတ်ဆိတ်ပါတယ်။
ဒေလီ တချို့နေရာတွေမှာ ယာဥ်အသွားအလာ မလုပ်ဖို့လည်း ကန့်သတ်ထားပါတယ်။
ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် အစည်းအဝေးကို တက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စတင်ရောက်နေချိန်မှာပဲ ထောင်နဲ့ချီတဲ့ လုံခြုံရေးတွေကိုလည်း မြို့ထဲမှာ ချထားပါတယ်။
ဒီသုံးရက် အရောင်းအဝယ်ရပ်ထားရလို့ ဒေါ်လာ သန်း ၅၀ ထိ ဆုံးရှုံးနိုင်ကြောင်းလည်း စျေးဆိုင်ရှင်တွေက ဒေသတွင်း သတင်းတွေမှာ ပြောကြားပါတယ်။
မဏိပူရ စစ်သွေးကြွနဲ့ ပစ်ခတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယအရှေ့မြောက်က မဏိပူရပြည်နယ်မှာ လုံခြုံရေးတွေနဲ့ စစ်သွေးကြွလို့ မသင်္ကာသူတွေကြား အပြင်းအထန် ပစ်ခတ်ခဲ့ကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီနေရာကို စစ်ကူပို့ဖို့ ကြိုးစားတဲ့အခါ အမျိုးသမီးဆန္ဒပြလူအုပ်က ပိတ်ဆို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဝင်ရောက်တိုက်ခိုက်သူတွေရဲ့ အမျိုးအမည်ကို မသိရသေးသလို အသေအပျောက် ရှိတယ်လို့လည်း သတင်းမရသေးပါဘူး။
မဏိပူရမှာ လူများစု ကသည်းတွေနဲ့ ကူကီးမျိုးနွယ်တွေကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး ဆူပူမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
ဒီမတည်ငြိမ်မှုတွေကြားမှာ လူ ၁၆၀ ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။
အက်ပဲလ်ဖုန်းကိစ္စ တရုတ်ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်အစိုးရ ဝန်ထမ်းတွေကို အိုင်ဖုန်းမသုံးဖို့ တားမြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်ဥပဒေနဲ့ညီညွတ်တဲ့ ဘယ်နိုင်ငံက ထုတ်ကုန်နဲ့ ဝန်ဆောင်မှုကို မဆို ခွင့်ပြုကြောင်း တရုတ်ဘက်က ပြောကြားခဲ့ပါတယ်။
အက်ပဲလ်ဖုန်းရဲ့ အစုရှယ်ယာစျေးတွေ ၂ ရက်ဆက်တိုက် ကျဆင်းပြီးနောက် တရုတ်နိုင်ငံခြားရေးဌာနက ဒီလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဝေါစထရိဂျာနယ်မှာ အက်ပဲလ်သတင်း ပါလာပြီးနောက် အမေရိကန် နည်းပညာကုမ္ပဏီကြီးရဲ့ တန်ဖိုး ၆ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒေါ်လာ ဘီလျံ နှစ်ရာကျော်နီးပါး ရှိပါတယ်။
တရုတ်ဟာ အက်ပဲလ်ရဲ့ တတိယအကြီးဆုံး စျေးကွက်ဖြစ်ပြီး အက်ပဲထုတ်ကုန်အများစုကိုလည်း တရုတ်မှာပဲ ထုတ်တာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ် ဖိလစ်ပိုင် အချင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲက စစ်စခန်းဆီကို တရုတ်ကမ်းခြေစောင့် တပ်က ထောက်ပို့ သင်္ဘောတွေ ဦးတည်ပြီး တရားမဝင် ဝင်လာကြောင်း ဖိလစ်ပိုင်က စွပ်စွဲလိုက်ပါတယ်။
တရုတ်သင်္ဘောတွေရဲ့ ကြမ်းတမ်းပြီး မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုဆိုပြီး ဖိလစ်ပိုင် ရေတပ် အရာရှိတွေက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
စပရက်လေကျွန်းစုက သန္တာကျောက်တန်းနားကို ရောက်လာတဲ့ တရုတ် ထောက်ပို့ သင်္ဘောတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သင်္ဘောတွေက နောက်ယောင်ခံလိုက်ချိန်မှာ ထိပ်တိုက်တွေ့ကြတာ လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။ အဲဒီကျွန်းနားမှာ တရုတ်ရေတပ် သင်္ဘောချထားပြီး တပ်စွဲထားတာပါ။
ဒီရေလမ်းကြောင်းတခုလုံး သူ့ပိုင်နက်အဖြစ် တရုတ်က တောင်းဆိုနေသလို ဖိလစ်ပိုင်သင်္ဘောတွေက ကျောက်တန်းနားကို ခွင့်ပြုချက်မရဘဲ ဝင်လာတယ် ဆိုပြီး တရုတ်ဘက်က တုံ့ပြန်ထားပါတယ်။








