အပူချိန်တွေအရမ်းမြင့်လာရင် ဘာတွေသတိထားဖို့လိုမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံမှာ မတ်လ (တန်ခူးလ) ဟာ ဆောင်းအကုန်နွေအကူး ကာလဖြစ်သလို၊ အပူချိန်တွေမြင့်တက် လာတဲ့ ကာလတခုလည်းဖြစ်ပါတယ်။ မတ်လ ဒုတိယအပတ်လောက်ကတည်းက ပူပြင်းတဲ့ ရာသီဥတုနဲ့ အပူဒဏ်ကို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ ကမြို့အများအပြားမှာ သိသိသာသာခံစားလာရပါတယ်။
ရန်ကုန်မြို့မှာဆိုရင်လည်း အပူချိန်က အခုရက်ပိုင်းမှာကို နေ့လယ်ခင်း ၂ နာရီကနေ ၃နာရီအတွင်းဆိုရင် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထိကို ရှိနေပါတယ်။ မကွေးတိုင်းထဲက မြို့နယ်တွေမှာဆိုရင် အပူချိန်ဟာ အနည်းဆုံး ၃၉ ကနေ ၄၀ စင်တီဂရိတ်အထိကို ရှိနေပါပြီ။
အဲဒီအပူချိန်တွေက လာမယ့်လတွေမှာ ဆက်တိုက် တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် တွေက ခန့်မှန်းပြောဆိုထားကြပါတယ်။ မြန်မာနိုင်ငံရဲ့ အပူချိန်အမြင့်ဆုံးကာလဟာ ဧပြီလဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင်တွေက သတ်မှတ်ပြောဆိုကြပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မတ်လ ဒုတိယ ၁၀ရက်အတွင်းကစလို့ မကွေးနဲ့ ရခိုင်ပြည်နယ်မှာ ပုံမှန်နေ့အပူချိန်ထက်ကို ၁.၅ စင်တီဂရိတ်အထိ ပိုပူမယ်လို့ ခန့်မှန်းထားပါတယ်။
ရန်ကုန်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်အများစုမှာတော့ မတ်လရဲ့ ပျမ်းမျှအပူချိန်ရှိတယ်လို့ သိရပါတယ်။
နွေရာသီအပူဆုံးအချိန်ကာလဖြစ်တဲ့ ဧပြီလ ပြီးရင် မေနဲ့ ဇွန်လတွေကလည်း မိုးရွာသွန်းမှုနောက်ကျရင် အပူချိန် ဆက်လက်မြင့်တက်နိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ မေလတုန်းကဆိုရင် နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံးအပူချိန် ရှိခဲ့တဲ့မြို့အဖြစ် ချောက်မြို့က မှတ်တမ်းဝင်ခဲ့ပါတယ်။ နေ့အပူချိန်က ၄၈ ဒီဂရီစင်တီ ဂရိတ် အထိကို ရောက်ခဲ့ပါတယ်။
အဲဒီအချိန် မကွေးတိုင်းအပါအဝင် အလယ်ပိုင်း ဒေသရဲ့ အခြားမြို့အချို့မှာ အပူချိန်တွေဟာ အနည်းဆုံး ၄၄ ဒီဂရီစင်တီဂရိတ်အထိကို ဖြစ်ခဲ့ပါတယ်။
၂၀၂၃ခုနှစ် အခုနှစ်ဟာ အပူချိန်တွေမြင့်နိုင်တဲ့ အယ်နီညိုလည်းမဟုတ်သလို၊ အပူချိန်အနည်းငယ်လျော့နိုင်တဲ့ လာနီညာမျိုးလည်း မဟုတ်တဲ့ Neutral year သာမန်နှစ် လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ သာမန် အခြေ အနေမျိုးရှိမယ့် ရာသီဥတုလို့ သတ်မှတ်ထားပေမယ့်လည်း အပူချိန်ကတော့ ပြီးတဲ့နှစ်တွေထက်တော့ လျော့နည်းတာမျိုး မရှိနိုင်ဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူ ဦးလှထွန်းက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“အယ်နီညို၊ လာနီညာတွေထက်စာရင် Global Warming ကြောင့် ဘာဖြစ်ဖြစ်ပူတာဘဲ။ အခုလို Neutral year လည်းပူမှာဘဲ။ မှတ်မှတ်ရရကို ပြောလို့မရတော့ဘူး” လို့ သူက ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်းဒေသတွေကအပူချိန်ပုံမှန်တက်နေကျအတိုင်း အပူချိန်တွေဆက်တက်နိုင်တယ်လို့လည်း သိရပါတယ်။ ရာသီဥတုပြောင်းလဲမှုအခြေခံပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ အပူချိန်တွေတဖြည်းဖြည်း မြင့်တာလာတာ ပြီးခဲ့တဲ့ ၁၀နှစ်ကျော်ကတည်း ကစလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါတယ်။
“ရန်ကုန်လိုနေရာမျိုးက ပိုတောင်ပူဦးမှာ၊ အခုလိုအနေအထားမျိုးနဲ့ဆို ပိုပူဦးမယ်။ အပူချိန်တိုးလာစေတဲ့ အကြောင်းကလူတွေကြောင့်လည်းပါတယ်။ ကာဗွန်ထုတ်လုပ်မှုတွေကြောင့်ပေါ့” လို့ ဦးလှထွန်းက ထောက်ပြပါတယ်။
ဒါကြောင့် အပူချိန်တွေ မြင့်တက်လာမယ့် လာမယ့်လတွေအတွင်း ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနတွေ၊ ဆေးဘက်ဆိုင်ရာပညာရှင်တွေရဲ့ အသိပညာပေးမှုတွေကို လိုက်နာပြီး နေထိုင်ကြဖို့ တိုက်တွန်းတာတွေ လည်းရှိပါတယ်။
အပူချိန်မြင့်နေတဲ့ အခုကာလအတွင်း အပူထဲကနေ ပြန်လာပြီး ရုတ်တရက် ရေချိုးတာ၊ အအေးခန်းထဲ ရုတ်တရက်ဝင်လိုက်တာမျိုးက သွေးကြောတွေကိုကျုံ့ပြီး အဲဒီက တစ်ဆင့် သွေးဖိအား ရုတ်တရက်တက်သွား စေတာမို့ သွေးတိုးအခံရှိသူဖြစ်စေ၊ မရှိတဲ့သူဖြစ်စေသွေးရုတ်တရက်တိုးပြီး ဦးနှောက်သွေး ကြောပေါက်တာ မျိုးအပြင် လေဖြတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ အထွေထွေရောဂါကု သမားတော်အချို့က ပြောပြ ကြပါတယ်။
ဒါက အပူချိန်မြင့်တက်တဲ့အချိန်သက်သက်သာမဟုတ်ဘဲ ပူရာကနေ အေးတဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ပြောင်းလဲ ခံစားလိုက်စေခြင်းကတဆင့် သက်ရောက်လာတဲ့ ထိခိုက်မှုမျိုးလို့လည်း သိရပါတယ်။
အပူချိန်တွေ ဆက်တိုက်မြင့်တက်လာဖို့ရှိတဲ့ နွေရာသီတွေမှာတော့ အပူကြောင့်ဖြစ်စေတဲ့ အသက်အန္တရာယ်ပါ ထိခိုက်စေတဲ့ အပူရှပ်တာ သို့မဟုတ် အပူကြောင့်လေဖြတ်ခြင်း၊ အပူကြောင့်သွေးလန့်ခြင်းနဲ့ အပူကြောင့်ကြွက်တက်ခြင်းတို့ ဖြစ်နိုင်တယ်လို့ အထွေထွေသမားတော်ကြီးတွေက ရှင်းပြကြပါတယ်။
အပူကြောင့်လေဖြတ်ခြင်း၊ အပူကြောင့်သွေးလန့်ခြင်းနဲ့ အပူကြောင့်ကြွက်တက်ခြင်းဆိုင်ရာ လက္ခဏာ၊ ခံစားမှု၊ ကာကွယ်နိုင်မှုနဲ့ လိုက်နာဆောင်ရွက်နိုင်မှု အကြောင်းအရာတွေကို အထွေထွေရောဂါကုသမားတော်ကြီး တစ်ဦးရဲ့ပြောပြချက်တွေကို အောက်ပါအတိုင်း ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အပူကြောင့်လေဖြတ်ခြင်း
အပူကြောင့်လေဖြတ်ခြင်းက ပြင်းထန်ပြီး၊ အသက်အန္တရာယ်သေဆုံးတဲ့အထိ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ ဒီဂရီဆဲစီးရပ်စ်ရှိပါတယ်။
ပတ်ဝန်းကျင်က အပူချိန်မြင့်မားနေတဲ့အခါ ခန္ဓာကိုယ်ဟာ ချွေးထွက်ခြင်းနဲ့ကိုယ်တွင်းရှိသင့်တဲ့ အပူချိန်ကို ပြန်ထိန်းသိမ်းတာမျိုး လုပ်ဆောင်ပေးပါတယ်။
လူ့ခန္ဓာကိုယ်က အလိုလျောက် လိုအပ်တဲ့အပူချိန် ၃၇ ဒီဂရီဆဲစီးရပ်ရှိ အောင် ထိန်းသိမ်းရင်းက လိုအပ်တဲ့ ရေဓာတ်ခန်းခြောက်လာခြင်း၊ ချွေးထွက်နိုင်ဖို့ ချွေးကလင်းတွေမှာ ရေဓာတ်မရှိတော့ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်ကို ကျအောင် မထိန်းသိမ်းနိုင်တော့ပဲ ခန္ဓာကိုယ်အပူချိန်က အပြင်အပူချိန်အတိုင်း တဖြည်းဖြည်းတက်လာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလို ခန္ဓာကိုယ်အပူချိန်က အပြင်အပူချိန်အတိုင်း တဖြည်းဖြည်းတက်လာပြီး ၄၀ ဒဿမ ၅ ဒီဂရီဆဲစီးရပ်စ် အကျော်နဲ့ ၂ နာရီလောက်အထိကြာမြင့်သွားရင်တော့ ဦးနှောက်အပူလောင်ထိခိုက်တာမျိုးဖြစ်တက်ပါတယ်။
အဲဒီလိုဖြစ်တဲ့အခါမှာတော့ စကားပြောမမှန်တော့တာ၊ ကယောင်ကတမ်းပြောဆိုတာ၊ အပူချိန်အဖျား ၁၀၄ ဖာရင်ဟိုက် (၄၀ ဒဿမ ၅ဒီဂရီဆဲစီးရပ်စ်) အထိရှိလာတာမျိုးအထိရှိတာတွေဖြစ်လာနိုင်ပါတယ်။
အဲဒီ တစ်ပြိုင်တည်းမှာဘဲ အသားအရည်ခြောက်သွေ့ပြီး၊ ရေဓာတ်ပြန်မပြည့်နိုင်တာ၊ ခန္ဓာကိုယ်အပူကို ၁၀၁ ဖာရင်ဟိုက်အထိ ပြန်မချနိုင်တဲ့အခါမှာတော့ အသက်သေဆုံးတဲ့အထိကို ဖြစ်နိုင်ပါတယ်။
အဲဒီလိုဖြစ်စဥ်မျိုးတွေမဖြစ်အောင် ပတ်ဝန်းကျင် အပူချိန်ကိုကျစေတဲ့အရာတွေကို ပြလုပ်သင့်ပါတယ်။ သစ်ပင်အောက်မှာနေတာ၊ အရိပ်အောက်၊ အမိုးအကာအောက်မှာနေတာ၊ ပန်ကာလေနဲ့ အပူချိန်ကိုကျစေ တာနဲ့ ခန္ဓာကိုယ်က လိုအပ်တဲ့ရေပမာဏနဲ့ ဓာတ်ဆားပမာဏ အပြည့်အဝရှိအောင် နေထိုင်တာမျိုးတွေက အသက်သေစေတဲ့အထိဖြစ်စေတဲ့ အပူရှပ်တာ သို့မဟုတ် အပူကြောင့်လေဖြတ်ခြင်းကို ကာကွယ်နိုင် ပါတယ်။
အပူချိန်တွေမြင့်တက်လာတဲ့အချိန်ကာလမှာ အထက်ပါ ခန္ဓာကိုယ်ရေဓာတ်ဖြည့်နိုင်စွမ်းမရှိတဲ့သူတွေက အပူကြောင့်လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ နာမကျန်းဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ ပြုစုသူတွေကို သာမှီခိုရတဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတယ်လို့ အထွေထွေရောဂါကုသမားတော်ကြီးတစ်ဦးက အခုလို ပြောပြပါတယ်။
“ပန်ကာဖွင့်ထားတာမျိုးလည်းမရှိဘူး၊ ပတ်ဝန်းကျင်ပူရင် သူ့ခန္ဓာကိုယ်အပူချိန်ကလည်းလိုက်တက်တယ်၊ အဲလိုဆိုရင် အာခြောက်တယ်၊ ရေငတ်မယ်၊ တချို့ကလေဖြတ်ထားတယ် စကားမပြောနိုင်ဘူး၊ ပြုစုတဲ့သူက ရေကို လုံလုံလောက်လောက်မတိုက်နိုင်ဘူးဆိုရင် အဲလိုလူတွေမှာခန္ဓာကိုယ်အပူချိန်မြင့်လာမယ်။ အဲဒီမှာ အဖျားတက်တယ်ပဲထင်ပြီး ကုသမှုမှားပြီးသေဆုံးတာတွေအများကြီးရှိတယ်” လို့ ပြောပါတယ်။
ဒါကြောင့်အပူချိန်မြင့်တက်တဲ့ကာလတွေမှာ သာမန်ဖျားနာတာမျိုးမဟုတ်ဘဲ အပူကြောင့်ဖြစ်လာ တဲ့အလားတူဖြစ်စဥ်တွေကို ကျန်းမာရေးဝန်ထမ်းတွေက သတိပြုသင့်တယ်လို့လည်း သူကပြောပြပါတယ်။
လူကြီးတွေသာမက ရေသောက်ဖို့အခက်အခဲရှိတဲ့ ကလေးငယ်တွေ၊ မိမိကိုယ်ကို အပူချိန်တက်နေမှုရှိမရှိ ခံစားဆုံးဖြတ်နိုင်ခြင်းမရှိအောင် အရက်သေစာသောက်စားသူတွေမှာလည်း အပူကြောင့်လေဖြတ်တာမျိုး တွေဖြစ်စေတက်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်အပြင် နေပူထဲမှာ အလုပ်အကိုင်လုပ်ကိုင်ကြရသူတွေအနေနဲ့ အပူဒဏ်ကို ကာကွယ်ရင်း၊ ရေကိုလုံလောက်တဲ့ပမာဏအထိဆောင်ထားသင့်သလို၊ ဓာတ်ဆားရည်ကဲ့သို့ ဆားငံရည်ကို ပြန်ဖြည့်တင်းပေးတာက အပူကြောင့်လေဖြတ်ခြင်းကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
အပူကြောင့်သွေးလန့်ခြင်း
ပတ်ဝန်းကျင်အပူချိန်က မြင့်တက်နေပြီး ခန္ဓာကိုယ်က အပူချိန်ကိုမထိန်းနိုင်ဘဲ အဲဒီကတစ်ဆင့် ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ကောင်းမွန်စွာလည်ပတ်တာမျိုးမရှိတော့ဘဲ သွေးပေါင်ချိန်တွေ ကျလာတဲ့ ပုံစံကို အပူကြောင့် သွေးလန့်တာလို့ သတ်မှတ်ပြောဆို ပါတယ်။
အပူကြောင့် ရေနဲ့ ဓာတ်ဆားဆုံးရှုံးပြီး၊ သွေးပေါင်ချိန်က ၉၀/၆၀ အထိကိုကျလာပြီး၊ ခြေဖျားလက်ဖျားတွေ အေးစက်တာ၊ ချွေးစေးတွေပြန်ထွက်လာတာမျိုးကတဆင့် ခေါင်းမူးတာ၊ အသက်ရှုမဝတာအပြင် သတိလစ်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။
အဲဒီလိုမျိုးဖြစ်လာတဲ့အခါမှာတော့ လူနာကို ပက်လက်အနေအထားထားကာ ခြေထောက်ကို ၃၀ စင်တီမီတာ အထိ မြင့်ထားပေးရပါမယ်။ အဲဒီတစ်ချိန်တည်းမှာဘဲ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းအောင်၊ ပန်ကာလေ၊ ရေပတ်တင်တာ၊ ဆုံးရှုံးတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်ဖြည့်တင်းပေးတာမျိုးလုပ်ဆောင်ပေးဖို့ လိုအပ် ပါတယ်။
အပူကြောင့် ကြွက်တက်ခြင်း
အပူကြောင့် ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနေတာကို ရေဓာတ်သာပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ ရေသာ သောက်သုံးကြသူတွေမှာ အပူကြောင့် ကြွက်တက်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်ကလိုအပ်နေတဲ့ ရေအပြင် ဓာတ်ဆားဓာတ်ကိုလည်း တက်နိုင်သလောက် ပြန်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ အလွယ်ဝယ်ယူသောက်သုံးနိုင်တဲ့ ဓာတ်ဆားမျိုးသာမက အိမ်တွင်းသုံး ဆားကိုလည်း ရေနဲ့ သကြားအနည်းငယ်နဲ့ ရောနှောပြီး သောက်သုံးကာ ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။
အပူကြောင့်ကြွက်တက်ခြင်းကိုတော့ အဓိကအားဖြင့် နေပူထဲမှာ အလုပ်လုပ်ရသူတွေ၊ အပူထဲအလုပ်လုပ်ရ သူတွေမှာ အများဆုံးဖြစ်စေနိုင်ပါတယ်။ ရေကိုသာအဓိကထားသောက်သုံးမိပြီး လိုအပ်တဲ့ ဓာတ်ဆားကို ပြန်မဖြည့်တင်းမိတာကြောင့်လည်းဖြစ်ပါတယ်။
အပူကြောင့် ကြွက်တက်တာကတော့ အပူချိန်မြင့်တက်လာမှုကတစ်ဆင့် ဖြစ်စေတဲ့ ထိခိုက်မှုတွေထဲမှာ သက်ရောက်မှုအနည်းဆုံးလည်း ဖြစ်ပါတယ်။








