စစ်တွေ၊မော်လမြိုင်နဲ့ မှော်ဘီ မှာ နှစ်ပေါင်း ၇၀ ဝန်းကျင်အတွင်း ဇူလိုင်လအတွက် အပူဆုံးဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency/Getty Image
ပြင်ဦးလွင်နဲ့ မိုးကုတ်လိုမြို့တွေမှာ ဒီရက်ပိုင်းတွေအတွင်း မိုးကြီးရေလျှံပြီး ပြင်ဦးလွင်မှာဆိုရင် နှစ်ပေါင်းများစွာအတွင်း မြို့ပေါ်ရပ်ကွက်တွေမှာပါ ထူးထူးခြားခြား ရေတွေဝင်ရောက်တာကို တွေ့မြင်ရပါတယ်။
အမှန်က ဒီမတိုင်ခင်ကလေးမှာပဲ မြို့ပေါင်း ၂၀ မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇူလိုင်လအတွက် အပူချိန်တွေ စံချိန်တင်မြင့်တက်ခဲ့တဲ့အကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ထားခဲ့တာပါ။
ဒီလို အပူချိန်လွန်ကဲတာနဲ့ မိုးကြီးတာတွေ ဆက်တိုက်ဖြစ်တဲ့ ဖြစ်စဥ်နှစ်ခုဟာ ဆက်စပ်မှုရှိပြီး အပူချိန်တိုးလာမှုရဲ့ နောက်ဆက်တွဲ အဖြစ် အစွန်းရောက်မှုတွေ ဖြစ်တာလို့ မိုးလေဝသဌာနက တာဝန်ရှိသူက ပြောပါတယ်။
မုတ်သုန်ကာလထဲမှာ အပူချိန်မြင့်တက်ရင် လေထုထဲကရေခိုးရေငွေ့နဲ့ အပူချိန်တက်လာတာနှစ်ခု သွားဆုံပြီး မိုးတိမ်တောင်တွေဖြစ်ရာကနေ မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အပူချိန်မြင့်တက်တဲ့ နေရာတိုင်းတော့ မဖြစ်နိုင်ဘဲ ကမ်းရိုးတန်းဒေသတွေနဲ့ အရင်မိုးများခဲ့တဲ့ နေရာတွေမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အပူချိန်စံချိန်တင်မြို့တွေ
စစ်တွေ၊ မော်လမြိုင်နဲ့ မှော်ဘီ တို့မှာဆိုရင် နှစ်ပေါင်း ၇၀ ကျော်အတွင်း ဇူလိုင်လအတွက် အမြင့်ဆုံးအပူချိန်အထိ ရောက်ခဲ့တာပါ။
မြို့တွေမှာရှိတဲ့ အပူချိန်တိုင်းတာရေးစခန်းတွေရဲ့ တိုင်းတာချက်အရ ဇူလိုင် ၂၆ ကနေ ၂၉ ရက်အတွင်းမှာ အပူချိန်တွေဆက်တိုက် စံချိန်ချိုးနေတာ ဖြစ်ပါတယ်။
အပူချိန်အမြင့်ဆုံးမြို့ကတော့ မကွေးတိုင်းထဲက ဆင်ဖြူကျွန်းမြို့ဖြစ်ပြီး ဇူလိုင် ၂၉ ရက်မှာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ၄၉ နှစ်အတွင်း ဇူလိုင်လရဲ့ အမြင့်ဆုံးအပူချိန်ကို ရောက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOT
နေပြည်တော်၊ တောင်တွင်းကြီး၊ ပြည်၊ အောင်လံ၊ ပဲခူး၊ သာယာဝတီ၊ မှော်ဘီ၊ ရွှေကျင်၊ ငါးသိုင်းချောင်း၊ ဖျာပုံ၊ မော်လမြိုင်၊ဘီးလင်း၊ မုဒုံ၊ စစ်တွေ၊ အမ်းနဲ့ ဆင်ဖြူကျွန်း စတဲ့ မြို့တွေမှာ ဇူလိုင်လအတွက် အပူချိန်တွေ စံချိန်တင်မြင့်တက်နေတာ ဖြစ်ပါတယ်။
အပူချိန်အမြင့်ဆုံးမြို့တွေကို ရွေးထုတ်ကြည့်ရင် ဆင်ဖြူကျွန်းရဲ့ နောက်မှာ တောင်တွင်းကြီးက အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ဒီဇူလိုင်မှာ ၂၅ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
အောင်လံမြို့မှာ ဇူလိုင် ၂၇ ရက်က အပူချိန် ၃၈.၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး ၃၈ နှစ်အတွင်း ဇူလိုင်လရဲ့ အပူဆုံးနေ့ ဖြစ်ခဲ့ရတာပါ။
အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့တဲ့မြို့တွေကတော့ အမ်း နဲ့ပြည် ဖြစ်ပါတယ်။
ဇူလိုင် ၂၉ ရက်ဟာ နှစ်ပေါင်း ၂၀ အတွင်း အမ်းမှာ ဇူလိုင်လအတွက် အပူဆုံးနေ့ ဖြစ်ခဲ့ပါတယ်။
ပြည်မြို့ဟာ လည်း ဇူလိုင် ၂၈ ရက်ဟာ ၅၇ နှစ်အတွင်း ဇူလိုင်လအတွက် အပူဆုံးနေ့ဖြစ်ပါတယ်။
အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ် နဲ့ ၃၅ ဒီဂရီစင်တီဂရိတ် ရှိတဲ့ မြို့တွေ ဆယ်မြို့အထက်မှာ ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
မော်လမြိုင်၊ သာယာဝတီ နဲ့ မှော်ဘီ တို့ကတော့ အပူချိန်အမြင့်ဆုံးမြို့တွေထဲ မပါခဲ့ပေမယ့် သူတို့မြို့မှာ နှစ်ပေါင်းများစွာအတွင်း ဇူလိုင်လရဲ့ အမြင့်ဆုံးအပူချိန်ကို ခံစားခဲ့ကြရတာပါ။
စစ်တွေအတွက် ဇူလိုင် ၂၉ ရက်ဟာ နှစ်ပေါင်း ၇၅ နှစ်အတွင်း ဇူလိုင်လအတွက် အပူဆုံးနေ့ဖြစ်ခဲ့ပြီး ၃၄.၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပါတယ်။
မော်လမြိုင်ကတော့ ဇူလိုင် ၂၇ ရက်ဟာ နှစ်ပေါင်း ၇၀ အတွင်း ဇူလိုင်လအတွက် အပူချိန်စံချိန်ချိုးခဲ့ပြီး ၃၅.၂ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပါတယ်။
ဇူလိုင် ၂၈ ရက်မှာ မှော်ဘီ နဲ့ သာယာဝတီ မြို့တွေမှာ ၆၉ နှစ်အတွင်း ဇူလိုင်လအတွက် အပူဆုံးနေ့ဖြစ်ခဲ့ရပါတယ်။
မိုးဇလရဲ့ ဇူလိုင် ၃၁ ရက်ခန့်မှန်းချက်အရ မကွေးတိုင်းက ၄၀ ဒီဂရီစင်တီဂရိတ် နဲ့ ဇူလိုင်လအတွက် အပူဆုံးမြို့တွေထဲကတစ်မြို့ ဖြစ်လာမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာမန္တလေးမြို့ရှိနေပြီး ၃၉ ဒီဂရီစင်တီဂရိတ် အထိပူနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုံရွာမြို့မှာလည်း အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် အထိပူနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
မိုးဇလက မြို့ ပေါင်း ၁၆ မြို့ရဲ့ အမြင့်ဆုံးအပူချိန်တွေကို ခန့်မှန်းခဲ့တဲ့အထဲ အအေးပိုင်းဒေသက မြို့တွေဖြစ်တဲ့ မြစ်ကြီးနား၊လားရှိုး၊ကျိုင်းတုံ၊တောင်ကြီးနဲ့ လွိုင်ကော်မြို့တွေပါ ပါဝင်နေတာပါ။
ဘာကြောင့်အပူချိန်မြင့်
ဇူလိုင်လိုလမျိုးမှာ အပူချိန်တွေ စံချိန်တင်မြင့်တက်လာတာဟာ မိုးရွာသွန်းမှုလျော့နည်းသွားတာကြောင့်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။
မုတ်သုန်ကာလအတွင်း မုတ်သုန်အားလျော့သွားချိန်မှာ ဒီလို ဖြစ်စဥ်ဖြစ်နို်ပြီး ဇူလိုင်နဲ့ သြဂုတ်လတွေမှာ မုတ်သုန်အားလျော့ပြီး မိုးရွာသွန်းမှု လျော့သွား၊ပြတ်သွားတာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပင်လယ်ပြင်က တိုက်ခတ်တဲ့လေထုက ပူလာတာကလည်း တစ်ကြောင်းလို့ သူကဆက်ပြောပါတယ်။
'ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်တွေပေါ့။ ရှေ့မှာလည်း လအလိုက်အပူချိန်တွေ ဆက်တက်လာဖို့ရှိနိုင်တယ်' လို့ ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒီနှစ်က မုတ်သုန်မမှန်ဘဲ မိုးပြတ်တာ ဖြစ်နိုင်ပြီး မိုးပြတ်ရင် မိုးကြီး၊ရေလျှံ အစွန်းရောက် ဖြစ်စဥ်တွေ ဖြစ်နိုင်ကြောင်းနဲ့ အခုဇူလိုင် နောက်ဆုံးပတ်ဟာ မိုးပြတ်သွားပြီး အပူချိန်တိုးခဲ့ကြောင်း သိရပါတယ်။
အမြင့်ဆုံးပူပြီးနောက် ဘာသတိထားရမလဲ
ဒီလို အစွန်းရောက် ရာသီဥတု ဖြစ်စဥ်တွေရဲ့နောက်ဆက်တွဲ အဖြစ် အချိန်တိုအတွင်း မိုးသည်းထန်တာ၊ လေပြင်းတိုက်တာတာတွေ ဖြစ်နိုင်ပါတယ်။
မုတ်သုန်ကာလအတွင်း ဇူလိုင်နဲ့ သြဂုတ်လမှာ ဒီလို ဖြစ်စဥ်တွေ ဖြစ်တတ်ပေမဲ့ အခုလို မိုးပြန်ရွာလာရင်၊ မိုးပုံမှန်ရွာသွန်းရင်တော့ ဒီဖြစ်စဥ်တွေ ပျောက်သွားမယ်လို့ ဦးလှထွန်းက ပြောပါတယ်။
ကမ္ဘာတလွှားမှာလည်း အပူလှိုင်းတွေဖြတ်နေပြီး နိုင်ငံအတော်များများမှာ အပူချိန်တွေ စံချိန်တင်မြင့်တက်နေတာပါ။
ဗြိတိန်နိုင်ငံမှာလည်း ဇူလိုင်လ ၁၉ ရက်က သမိုင်းတလျောက်အပူချိန်အမြင့်ဆုံးဖြစ်ခဲ့ပြီး ၄၀ ဒီဂရီအထိ ပူပြင်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အပူပြင်းဆုံးနွေရာသီမှာ အပူပိုင်းဒေသကမြို့တချို့က ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်တွေအရ သိရပါတယ်။








