ဧပြီ ၁၂ ရက် သတင်းများအနှစ်ချုပ်- ဘီးလင်း၊လေးကေစခန်းတိုက်ပွဲမှာ ဒုတပ်ရင်းမှူးကို KNLA ပူးပေါင်းအဖွဲ့တွေဖမ်းမိ

ဖတ်ရန်အချိန်: မိနစ် ၁၃

ကရင်နဲ့ မွန်ပြည်နယ်အစပ်၊ ဘီးလင်းမြို့နယ်ထဲက စစ်တပ်ရဲ့လေးကေစခန်းကို ဒီနေ့ ဧပြီ ၁၂ ရက်၊ မနက် ၈ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းလိုက်ပြီလို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို အတည်ပြုပါတယ်။

လေးကေစခန်းရှိတဲ့ ဘီးလင်းမြို့နယ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ ၁ ဒူးသထူခရိုင် ထဲ ထည့်သွင်းထားပြီး အဲဒီစခန်းကို KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ဧပြီလဆန်းကတည်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲဒီစခန်းရဲ့တာဝန်ခံ ဒုတပ်ရင်းမှူးတစ်ဦးနဲ့ တပ်သားတစ်ဦးကို အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးသူတွေလည်းရှိနေပြီး စခန်းသိမ်းရရှိတဲ့အကြောင်း အသေးစိတ်ကို ထုတ်ပြန်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

လေးကေစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA)၊ ဒရုန်းအဖွဲ့ (FFD) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်စပ်ဖြစ်တဲ့ ဘီးလင်းမြို့နယ်ထဲက လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်တာကြောင့် စစ်တပ်က ဧပြီ ၂ ရက်ကနေ ၉ ရက်အထိ လေကြောင်းကနေ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအုပ်စု ၃ ခုက ဒေသခံ တစ်သောင်းသုံးထောင်ကျော်လည်း တိမ်းရှောင်နေကြရပါတယ်။

ဘီးလင်းမြို့နယ်က ကျေးရွာတွေထဲ စစ်တပ်ဗုံးကြဲလို့ ဒေသခံ ၁၃,၀၀၀ ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်၊ မွန်ပြည်နယ်ထဲက ဘီးလင်းမြို့နယ်ထဲကို စစ်တပ်က အခုလ ပထမပတ်ကတည်းက လေကြောင်းကနေ ဗုံးတွေ ကြဲနေတာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သောင်းသုံးထောင်ကျော်အထိရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ပြောပါတယ်။

KNU ဟာ ဘီးလင်းမြို့နယ်ကို တပ်မဟာ ၁ နယ်မြေထဲထည့်သွင်းထားတာဖြစ်ပြီး ဧပြီ ၂ ရက်ကနေ ၉ ရက်အထိ စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ကျေးရွာအုပ်စု ၃ ခု ဒေသခံတွေ ထွက်ပြေးနေရတာလို့လည်း KNU က ဒီနေ့ သတင်းထုတ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ စစ်တပ် စခန်းတွေရှိတဲ့ ဝင်းတာပန်နဲ့ လေးကေကျေးရွာတွေက ဒေသခံတွေလည်း ပါဝင်ပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာ စစ်တပ် တပ်စွဲနေတဲ့ ဝင်းတာပန်စခန်းနဲ့ လေးကေစခန်းတို့ကို ဒီဧပြီ လဆန်းကစပြီး KNU တပ်မဟာ ၁ အောက်မှာရှိတဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်တပ်က လေကြောင်းကနေ စစ်ကူပေးနေတာလို့ ဘီးလင်းမြို့နယ်မှာ ရှိနေတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

KNU ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲအခြေအနေကို ထုတ်ပြန်ထားတာ မတွေေ့ရဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၆ ကြိမ်အပြင် ပစ်ခတ်တာတွေ ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ဝင်းတာပန်စခန်းနဲ့ လေးကေစခန်းဝန်းကျင်မှာရှိတဲ့ မြစ်ကျိုးကျေးရွာအုပ်စု၊ မင်းစောကျေးရွာအုပ်စု၊ ဝင်းတာပန်ကျေးရွာအုပ်စုက ကျေးရွာ ၁၃ ရွာ ပြည်သူတွေ ဘေးကင်းမယ်လို့ ယူဆရတဲ့နေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲကို စစ်တပ်က ဧပြီ၁ ရက်ကနေ ၅ ရက်အတွင်း လေကြောင်းဗုံးကြဲတာကြောင့် လေးကေရွာ၊ မြစ်ကျိုးရွာ၊ ဝင်းတာပန်ရွာတွေက အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့လည်း ဧပြီ ၅ ရက်မှာ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှာ ဘီးလင်းအခြေစိုက်၊ စစ်တပ်ရဲ့ မဲပလီစခန်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ခဲ့ပါတယ်။

ဘီးလင်းမြို့နယ်ဟာ မြို့နယ်ရုံးအခြေစိုက်တဲ့မြို့ဖြစ်သလို ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ဖြတ်သန်းတဲ့မြို့လည်း ဖြစ်ပါတယ်။

ထောက်ပို့အရေးပါတဲ့ ကင်ပွန်းခြုံစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ် အင်အားဖြည့်

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ငဖဲမြို့နယ်ကြားက စစ်တပ်ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ ကင်ပွန်းခြုံစစ်တပ် ဂိတ်စခန်းကို ဧပြီ ၁၀ ရက်မှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ စီးနင်းတိုက်ခိုက်ပြီးနောက်ပိုင်း စစ်တပ်က အင်အားဖြည့်တင်းနေတယ်လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စေတုတ္တရာမြို့နယ်ထဲမှာရှိတဲ့ ကင်ပွန်းခြုံစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်တပ်က အမှတ် ၂၀ တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၀) က စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို အင်အားတိုးချထားတယ်လို့ သူက ပြောပါတယ်။

အင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ ကင်ပွန်းခြုံစခန်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)၊ ချင်းကာကွယ်ရေးတပ်- အရှို၊ လူ့ဘောင်သစ်တပ်၊ မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း၊ ငဖဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဧပြီ ၁၀ မနက် ၅ နာရီဝန်းကျင်မှာ ပူးပေါင်း စီးနင်းခဲ့ကြတာပါ။

အချိန် ၂ နာရီခွဲလောက်ကြတဲ့အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်က ၈ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိတာကို စခန်းရှင်းလင်းရေး ဝင်လုပ်ချိန်မှာ မျက်မြင်အတည်ပြုခဲ့တာဖြစ်တယ်လို့ PRA- Magway တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

စစ်တပ်က ၂၀၂၂ ခုနှစ်ကစပြီး ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ စေတုတ္တရာမြို့နယ်တောင်ပေါ်ဒေသကို ဖြတ်တောက်ဖို့နဲ့ ကပစ ၂၀ နဲ့ ကပစ ၁၄ ကို ချိတ်ဆက်တဲ့ စေတုတ္တရာ-ငဖဲ မြို့နယ်ချင်းဆက်လမ်းကို ထိန်းချုပ်ဖို့ ကင်ပွန်းခြုံဂိတ်ကို ဖွင့်လှစ်ခဲ့တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် ခရီးသွားကားတွေကို အချိန်အများကြီးယူပြီး စစ်ဆေးတာ၊ ဒေသခံ ဆိုင်ကယ်တွေကို သိမ်းတာ အပါအဝင် ပြည်သူတွေကို ဖိနှိပ်တာတွေ ရှိတာကြောင့် ဒီဂိတ်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တခုဖြစ်လာတဲ့အတွက် တိုက်ခိုက်တာလို့လည်း ပြောပါတယ်။

မင်းတပ်မြို့ပေါ် စစ်တပ်လေကြောင်းကြဲလို့ နေအိမ် ၂၀ ကျော် ပျက်စီး

ချင်းပြည်နယ်တောင်ပိုင်းမှာ ချင်းညီနောင်အဖွဲ့တွေ သိမ်းထားတဲ့ မင်းတပ်မြို့ကို စစ်တပ်က ဧပြီ ၁၁ ရက် ည ၁၁ နာရီ ခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အိမ်အလုံး ၂၀ နဲ့ ကား ၄ စီး ထိခိုက်ပျက်စီးတယ်လို့ အခြေအနေ သိရှိသူတွေက ပြောပါတယ်။

တချိန်တည်းမှာပင် ဗုံးကို ၈ ကြိမ်ဆက် တိုက်ကြဲသွားတာဖြစ်တယ်လို့ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ဘီဘီစီကို ပြောပါတယ်။

မင်းတပ်မြို့ပေါ်က အရှေ့ပြင်ရပ်ကွက်ကို ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး မီးလောင်နေတဲ့ အိမ်တွေနဲ့ ကားတွေကိုလည်း ဓာတ်ပုံမှတ်တမ်းတွေကနေ တွေ့ရပါတယ်။

နေအိမ်နဲ့ ကားပျက်စီးတဲ့အခြေအနေတွေကိုသာ သိကြရသေးပေမဲ့ လူထိခိုက်မှုကိုတော့ ချင်းတော်လှန်ရေးအဖွဲ့တွေက ထုတ်ဖော်ပြောတာ မရှိသေးသလို မင်းတပ်မြို့ကို လေကြောင်းဗုံးကြဲတာနဲ့ပတ်သက်လို့ စစ်တပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။

၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ချင်းညီနောင်အဖွဲ့တွေက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းယူခဲ့တာဖြစ်ပြီး မင်းတပ်မြို့မှာ ဘယ်တိုက်ပွဲမှ ဖြစ်နေတာမရှိဘဲ လေကြောင်းဗုံးကြဲသွားတာလို့ အခြေအနေ သိရှိသူတွေက ပြောကြပါတယ်။

နေပြည်တော်မှာ စစ်ခေါင်းဆောင်က အရပ်သား သမ္မတအဖြစ် ကျမ်းကျိန်ပြီး နောက်နေ့မှာပဲ ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့မင်းတပ်ကို ဗုံးကြဲမှု ထွက်ပေါ်လာတာပါ။

စစ်တပ်ဟာ မြေပြင်စစ်ကြောင်း ဝင်ရောက်ဖြန့်ကြက်ဖို့ ခက်ခဲတဲ့ မင်းတပ်မြို့က စာသင်ကျောင်း ၂ ကျောင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလတုန်းမှာ လေကြောင်းဗုံးကြဲတာကြောင့် လူ ၄ ဦး သေဆုံးပြီး နောက်ထပ် လူပေါင်း ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မြို့နယ်ပေါင်း ၉ ခုရှိတဲ့ ချင်းပြည်နယ်မှာ ချင်းညီနောင် တော်လှန်ရေးအဖွဲ့တွေက မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး တွန်းဇံကိုတော့ ချင်းပြည်ကောင်စီက ထိန်းချုပ်ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလက်ဝမြို့ကိုတော့ အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထားတာပါ။

ပြည်နယ်လွှတ်တော်ရုံးနဲ့ အစိုးရအဖွဲ့ရုံးတွေရှိတဲ့ ဟားခါးမြို့နဲ့ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့ပေါ်တွေကိုတော့ စစ်တပ်က ထိန်းချုပ်ထားပါတယ်။

စစ်တပ်ကနေ ထွက်ပြေးလို့ ပြန်မိတဲ့စစ်မှုထမ်းတွေ မျက်နှာမှာ တက်တူးထိုးခံရ - အေအေ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ကာကင်းစခန်းတွေကနေ ထွက်ပြေးတဲ့ စစ်မှုထမ်းတွေကို ပြန်မိတဲ့အခါ စစ်တပ်က အဲဒီတပ်သားတွေရဲ့ နှဖူးနဲ့ ပါးမှာ ဆေးမင်ကြောင် (တက်တူး) ထိုးပြီး မှတ်သားတယ်လို့ ပြန်လည်ထွက်ပြေးလာတဲ့စစ်မှုထမ်းအချို့ရဲ့အပြောကို အာရက္ခတပ်တော် (အေအေ)က သတင်းထုတ်ပါတယ်။

ကပစ ၁၆ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာပြီး အေအေဆီ ခိုလှုံလာတဲ့ စစ်မှုထမ်းတွေရဲ့ပြောကြားချက်ဆိုပြီး အေအေဘက်က ရုပ်သံနဲ့ ဓာတ်ပုံတွေကို မနေ့ ဧပြီလ ၁၁ ရက်မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အမှတ် ၃၆၂ နဲ့ အမှတ် ၃၆၉ ၊ အမှတ် ၃၆၆ ခြေမြန်တပ်ရင်းကနေ ထွက်ပြေးပြီးနောက် ပြန်ဖမ်းမိသူတွေကို စစ်အရာရှိတွေက ပါးမှာ "တပ်ပြေး" နဲ့ နဖူးမှာ တပ်ရင်းနံပတ်တွေကို တက်တူး မှတ်သားတယ်လို့လည်း စစ်မှုထမ်း လူငယ်တွေက ပြောတဲ့အကြောင်း AA က ရုပ်သံထုတ်ပါတယ်။

အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်တပ်ရဲ့အမှတ် ၁၆ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဦးတည်တဲ့ တိုက်ခိုက်မှု ၂၀၂၅ ခုနှစ် နှောင်းပိုင်းကတည်းက ပြုလုပ်နေတာဖြစ်ပြီး အဲဒီစခန်းဆီ မရောက်အောင် ကာကွယ်တဲ့ ကာကင်းစခန်းတွေကို အခုနှစ် မတ်လကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဧပြီ ပထမပတ်အတွင်းမှာ ပွိုင့် ၅၀၀ ကုန်း အပါအဝင် ကပစ ၁၆ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာပြီး AA ဆီ ခိုလှုံလာသူတွေရဲ့ထွက်ဆိုချက်တွေလို့ဆိုပြီး AA က ထုတ်ပြန်လာတာပါ။

ထုတ်ပြန်ချက်ဓာတ်ပုံအရ AA ဆီကို ခိုလှုံလာတဲ့ စစ်မှုထမ်းတပ်ဖွဲ့ဝင် ၁၄ ဦးအထိ တွေ့ရပါတယ်။

ရှေ့တန်းကနေ ထွက်ပြေးရင်း ပြန်အဖမ်းခံရတဲ့အခါ "ကျွန်တော်တို့ကို အိမ်လည်းပြန်လို့မရအောင်၊ နောက်လည်းထွက်မပြေးအောင်၊ ရွာတွေထဲလည်း ဝင်မရအောင်ဆိုပြီး သူတို့လည်း အလွယ်တကူဖမ်းလို့ရဖို့ တက်တူးထိုးပေးလိုက်တယ်"လို့ အေအေဆီ ထွက်ပြေးလာတဲ့ တပ်သား ဖြိုးမြတ်ကျော်ဆိုသူက ရုပ်သံထဲမှာ ပြောပါတယ်။

ပထမအကြိမ် ထွက်ပြေးဖို့ ကြိုးစားရင်း ပြန်အဖမ်းခံရတဲ့ တပ်သား ကျော်မိုးဝင်းဆိုသူရဲ့ နဖူးမှာလည်း ခမရ ၃၆၆ ဆိုတဲ့ စာသားရေးထားတာကိုလည်း သူ့ရဲ့ပြောကြားချက်ရုပ်သံမှာ တွေ့ရပါတယ်။

ပွိုင့် ၅၀၀ မှာ တိုက်ပွဲတွေ ရှိနေချိန်မှာပဲ စစ်တပ်ဆီကနေ ထွက်ပြေးလာခဲ့ကြတာလို့ ဒီအမျိုးသာားတွေက ပြောကြပါတယ်။

စစ်တပ်ကနေ ထွက်ပြေးတဲ့ တပ်ပြေးတွေကို ဖမ်းမိရင် စစ်ဆေး အချုပ်ချ အရေးယူတာမျိုး ရှိခဲ့ပေမဲ့ အခုလိုမျိုး လူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို အမှတ်အသားလုပ်တာမျိုး အရင်က မရှိခဲ့ဖူးဘူးလို့ မြန်မာ့ စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) ရဲ့ စစ်ဘက်ရေးရာသုတေသန တာဝန်ခံ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

တပ်ပြေးတစ်ယောက်ကို ပြစ်မှုအလိုက် ၁၄ ရက်၊ ၁ လ၊ ၄ လ စတဲ့ ပြစ်မှုအလိုက် အချုပ်ကျတာရှိပြီး စစ်မြေပြင်ဆိုရင်တော့ သေဒဏ်ပေးတာမျိုးအထိ ရှိတယ်လို့လည်း ရှင်းပြပါတယ်။

"အခုက ရှေ့တန်းစစ်မြေပြင်မှာ ဥပဒေမဲ့ ထင်သလို လုပ်နေတာ။ လူ့ခန္ဓာအစိတ်အပိုင်းကို အခုလို လုပ်လို့ မရဘူး။ ကြီးမားတဲ့ ကျူးလွန်ချိုးဖောက်မှုလို့ ပြောရပါမယ်" လို့ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

ပန်းတောင်းမြို့နယ်ထဲက ကပစ ၁၆ ရဲ့အဓိက ကာကင်းဖြစ်တဲ့ ပွိုင့် ၆၆၆ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ထဲမှာ အေအေက ဒုတိယအကြိမ်သိမ်းလိုက်ပြီးနောက်ပိုင်း အခုဖေဖော်ဝါရီလအတွင်းမှာပဲ အဲဒီစက်ရုံအနီးက စခန်း ၇ ခုအထိ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ အေအေနဲ့ စစ်ရေးနီးစပ်သူတွေက ပြောပါတယ်။

ကပစ ၁၆ ဟာ ဥသျှစ်ပင်မြို့နဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာမှာ ရှိပါတယ်။

ဒီစက်ရုံဟာ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေမှာ အသုံးပြုတဲ့ ယမ်းတွေ ထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့အက်စစ်ကို ထုတ်လုပ်ရတဲ့ စက်ရုံအမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တွေကတော့ တိုက်ပွဲတွေကြောင့် အဲဒီစက်ရုံဟာ ထုတ်လုပ်လည်ပတ်မှု ရပ်နားထားတယ်လို့ ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

စစ်မှုထမ်းတွေ အေအေဆီ ခိုလှုံလာတယ်လို့ အေအေက သတင်းထုတ်ပြန်နေချိန်မှာပဲ စစ်ကော်မရှင်ဘက်ကလည်း ရခိုင်မြို့နယ်အချို့က အေအေ တပ်ဖွဲ့ဝင်အချို့ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြီးခဲ့တဲ့ရက်တွေအတွင်း သတင်းထုတ်ပါတယ်။

ရခိုင်နဲ့ ဧရာဝတီတိုင်းအစပ်မှာ စစ်တပ်နဲ့ အေအပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲ လနဲ့ချီကြာနေချိန်မှာ ဧရာဝတီတိုင်းထဲက အနော်ကတောင်တိုင်း စစ်ဌာနချုပ်မှာ အလင်းဝင်လာတဲ့ အေအေ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ PDF ၈ ဦးရှိတယ်လို့ စစ်ကော်မရှင်က ပြီးခဲ့တဲ့တစ်ပတ်မှာ သတင်းထုတ်ပါတယ်။

ပြင်ဦးလွင်မှာ ရည်းစားဟောင်းက ဓားနဲ့ထိုးလို့ လက်ထပ်ခါနီး အမျိုးသမီးသေဆုံး

မန္တလေးတိုင်းထဲ တပ်မြို့လို့သိကြတဲ့ပြင်ဦးလွင်မှာ လက်ထပ်ခါနီး အမျိုးသမီးတစ်ဦးဟာ ရည်းစားဟောင်းအမျိုးသားရဲ့ဓားနဲ့ထိုးတာခံရပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အခြေအနေတွေကို သိရှိတဲ့မြို့ခံက ပြောပါတယ်။

ဓားထိုးမှုဟာ ရပ်ကွက်ကြီး ၁၉ ငါးရံ့ချောင်းရပ်ကွက်မှာ မနေ့ ဧပြီလ ၁၁ ရက်ညပိုင်းက ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဟာ လာမယ့်ရက်ပိုင်းမှာ လက်ထပ်ဖို့ ပြင်ဆင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။

သတို့သမီးလောင်းရဲ့ အသက် ၇၀ အရွယ် ဖခင်ဖြစ်သူနဲ့ သတို့သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတို့လည်း ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

အမျိုးသမီးနဲ့ မိသားစုဝင်တွေ အိမ်မှာရှိနေတုန်း ရည်စားဟောင်းဖြစ်သူက စက်ဘီးနဲ့ရောက်လာပြီး အိမ်ရှေ့ကို ခေါ်တာကြောင့် အမျိုးသမီးက ထွက်သွားခဲ့ပြီးနောက် ဓားနဲ့ထိုးခံရတာလို့ မြို့ခံက ပြောပါတယ်။

"မိန်းကလေး ဓားနဲ့ထိုးခံရလို့ အော်သံကြားတော့ အဖေရော၊ သတို့သားလောင်းက ဝင်ဆွဲတာကို သူတို့ကိုပါ ရန်ပြုတာ။ မိသားစုဝင်တွေကတော့ ဒဏ်ရာ မပြင်းဘူး၊ မိန်းကလေးကတော့ ဆေးရုံရောက်မှ ဆုံးတာ"လို့ အခြေအနေ သိရှိသူက ပြောပြပါတယ်။

ဓားထိုးမှု ကျူးလွန်သူကို ဖမ်းမိပြီလို့တော့ မြို့ခံက ပြောပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မြို့ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာ မရှိပါဘူး။

ပြင်ဦးလွင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက် တရက်တည်းမှာတင် ဓားပြမှုနှစ်ခု ဖြစ်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသား တစ်ယောက် သေဆုံးခဲ့ပါတယ်။

အနီးစခန်းနားက အောင်မင်္ဂလာ ရပ်ကွက်၊ ၃ လမ်းထိပ်က နေအိမ်တစ်လုံးကို ဓားပြတိုက်ခဲ့တာဖြစ်သလို မြို့ပေါ်က ရပ်ကွက် ၈၊ "မေ" စိန်ဆိုင်ကိုလည်း လူနှစ်ယောက်က သေနတ်ကိုင် ဓားပြဝင်တိုက်ပြီး တစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။

ပြင်ဦးလွင်မြို့ဟာ စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိသလို စစ်တက္ကသိုလ်(DSA) ရှိသလို စစ်အင်ဂျင်နီယာတက္ကသိုလ် (DSTA)ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

စစ်တပ်အုပ်ချုပ်ရေး ခိုင်မာတဲ့ ပြင်ဦးလွင်မြို့မှာ အခုသီတင်းပတ်တွေအတွင်း ဓားပြမှုအပါအဝင် မှုခင်းတွေ ဖြစ်နေတဲ့အပေါ် မြို့ခံအချို့က ဝေဖန်ထောက်ပြတာတွေလည်း ရှိနေပါတယ်။