ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
IMEI မှတ်ပုံတင်စနစ်ကြောင့် မိုဘိုင်းဖုန်းဈေး ဘယ်လောက်မြင့်သွားမလဲ
၂၀၁၃ ခုနှစ်နှောင်းပိုင်းကာလတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့တစ်ခေတ်ဆန်းတဲ့ကာလတွေလို့ ဆိုကြပါတယ်။
၅ သိန်းကနေ ၁၅ သိန်းအထိ ဈေးပေါက်ခဲ့တဲ့ဖုန်းဆင်းကတ်တွေဟာ နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီတွေ ပြည်တွင်းစျေး ကွက်ကို ဝင်လာကြလို့ ကျပ်ငွေ တစ်ထောင်ကျော် လောက်သာပေးဝယ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒီအလျင်နဲ့အတူ နောက်ဆုံးပေါ် နည်းပညာသုံး တရုတ်ထုတ် ဟွာဝေးအစ အမေရိကန်ထုတ် အက်ပဲအဆုံး မိုဘိုင်းဖုန်းတံဆိပ်တွေလည်း ပြည်တွင်းကို လှိမ့်ဝင်လာခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာတော့ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတရာထူး ရယူပြီး ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်း ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထည့်သွင်းဖွဲ့စည်းတယ်လို့ကြေညာပါတယ်။
ဒါပေမဲ့ ဒီလိုအပြောင်းအလဲမလုပ်ခင် သူဦးဆောင်ခဲ့တဲ့ စစ်ကော်မရှင်က အခွန်ကောက်ဖို့ဆိုပြီး မိုဘိုင်းဖုန်းတွေကို ဗဟိုမိုဘိုင်းစက်ပစ္စည်းမှတ်ပုံတင်စနစ်(CEIR)မှာ မှတ်ပုံတင်ခိုင်းပါတယ်။
ဖုန်းဆင်းကတ် ဈေးတွေ မြန်မာကျပ် ၂ သောင်းကျော်လောက်အထိ ဈေးပေါက်နေချိန်မှာ မိုဘိုင်းဖုန်းတွေကိုလည်း အခွန် ၁၂ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းအထိ ကောက်မှာဖြစ်လို့ မိုဘိုင်းဖုန်းဈေးတွေဟာ ပုံမှန်ထက်ကို ဈေးကြီးပေးဝယ်ရတော့မယ့် အခြေအနေဖြစ်လာပါတယ်။
လူတွေရဲ့နေ့စဉ်ဘဝနဲ့ ခွဲမရဖြစ်လာတဲ့ ဒီမိုဘိုင်းဖုန်းတွေ ဈေးတက်လာမယ်ဆိုရင် ငွေကြေး ဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ခံနေရတဲ့ မြန်မာ့လူထုအတွက် ဖုန်းတစ်လုံးကိုင်နိုင်ဖို့အရေး အကျပ်တွေ့လာနိုင်တယ်လို့ ပြည်တွင်းက ဖုန်းအသုံးပြုသူတွေ၊ နည်းပညာသမားတွေနဲ့ ဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဧပြီမကုန်ခင် အခွန်ဆောင်ရမယ်
မိုဘိုင်းဖုန်းဈေးကွက် လှုပ်ခတ်မှုဟာ မတ်လ ၅ ရက်နေ့မှာ စစ်ကော်မရှင် ကြေညာလိုက်တဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) ကြောင့် ဖြစ်ပါတယ်။
ဒါဟာ ပြည်တွင်းက မိုဘိုင်းဖုန်းတွေကို အခွန်ကောက်မယ့်စနစ်ပါ။ မြန်မာနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်လာတဲ့ဖုန်းတွေ၊ အခွန်မဆောင်တဲ့ဖုန်းတွေကို စည်းကြပ်ဖို့ ဖြစ်တယ်လို့ စစ်ကော်မရှင် အခွန်ဌာနဆီက သိရပါတယ်။
နေပြည်တော်မှာ စစ်ကော်မရှင်တာဝန်ရှိသူတွေက မြန်မာနိုင်ငံ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်းနဲ့ တွေ့ဆုံပြီးတဲ့နောက် ဒီစနစ်ကို စတင်ခဲ့တာပါ။
ဒီစနစ်အရ ဖုန်းတွေမှာ ဆင်းကတ်မထည့် ထားရင် ဧပြီလက စပြီး အခွန် နဲ့ ဒဏ်ကြေးဆောင်ပြီး မှ အသုံးပြုခွင့်ရမယ်လို့ စစ်ကော်မရှင်က ကြေညာထားတာပါ။
ဒါ့ကြောင့် မတ်လ ၃၁ ရက်မှာ ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေမှာ ဖုန်းဆင်းကတ်တွေ၊ အီးဆင်းကတ် ဝယ်ယူမယ့် သူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ဂဏန်း ၁၅ လုံးပါတဲ့ ဖုန်းရဲ့ မူရင်းအမှတ်အသား IMEI ကို CEIR ဝက်ဘ်ဆိုဒ်မှာ ရိုက်ထည့်ပြီး အခွန်ဆောင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီ ဝက်ဘ်ဆိုဒ်ကို ပြည်ပနိုင်ငံက အင်တာနက်ကွန်ရက်ချိတ်ဆက်ထားတဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာတွေနဲ့ ဝင်လို့မရပါဘူး။ မြန်မာနိုင်ငံထဲမှာ ရှိနေသူမှသာ ဝင်ရောက်နိုင်ပြီး အခွန်နဲ့ ဒဏ်ကြေးဆောင်လို့ရတာပါ။
ဧပြီ ၂ ရက်မှာတော့ ဆင်းကတ် နှစ်ကတ် အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေမှာ ဆင်းကတ်တစ်ကတ်ကို ထည့်သွင်းရုံ နဲ့ ခွင့်ပြုစာရင်း (Whitelist) မှာ ပါဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ခွင့်ပြုစာရင်းမပါတဲ့ ဖုန်းတွေက လောလောဆယ် ရက် ၃၀ အထိ အသုံးပြုနိုင်မှာဖြစ်ပြီး ဒီ ရက် ၃၀ အတွင်း အခွန် နဲ့ ဒဏ်ကြေးဆောင်ထားပြီးမှသာ ဆက်ပြီးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
မိုဘိုင်းဖုန်းအခွန်နှုန်းထား
မြန်မာနိုင်ငံကို တရားဝင်တင်သွင်းမယ့် မိုဘိုင်းဖုန်းတွေကို မူလတန်ဖိုးပေါ်မူတည်ပြီး စစ်ကော်မရှင်က အခွန် သုံးမျိုး ကောက်မယ်လို့ ဖော်ပြထားပါတယ်။
ဖုန်းလောကမှာ PI လို့ခေါ်တဲ့ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့ ဖုန်းတွေကတော့ အခွန် သုံးမျိုးအပါအဝင် ဒဏ်ကြေးဆောင်ရလိမ့်မယ်လို့ ဖုန်းလုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။
ဥပမာ Redmi ၊ Xiaomi ဖုန်းအမျိုးအစားတွေဖြစ်ပါတယ်။
ခြုံကြည့်လိုက်ရင် မိုဘိုင်းဖုန်းတွေကို အကောက်ခွန်နှုန်းထား(CD)၊ ကုန်သွယ်ခွန်နှုန်းထား (CT) ၊ ကြိုတင်ဝင်ငွေခွန် (AIT) နဲ့ ရွေးယူခ ဒဏ်ကြေး (RF) ကောက်ယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
"မိုဘိုင်းဖုန်းတင်သွင်းခြင်းနဲ့ သွင်းကုန်လိုင်စင်ရယူပြီး တန်ဖိုးပေါ်မှာ ကုန်သွယ်ခွန် နဲ့ ကြိုတင်ငွေ ထမ်းဆောင်ရမယ့်သဘောမျိုးပါ" လို့ အကောက်ခွန်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင် ကြေညာထားတဲ့ အခွန်နှုန်းထားတွေကို အောက်မှာ ဖော်ပြထားပါတယ်။
- အကောက်ခွန် - ၅ %
- ကုန်သွယ်ခွန် - ၅ %
- ကြိုတင်ငွေ - ၂ %
- ရွေးယူခဒဏ်ကြေး - ၂၅ %
- စုစုပေါင်း - ၃၇ %
သွင်းကုန်လိုင်စင်ရထားတဲ့ ကုမ္ပဏီတွေက သွင်းတဲ့ဖုန်းတွေကတော့ အခွန် စုစုပေါင်း ၁၂ ရာခိုင်နှုန်းပေးရမှာဖြစ်ပါတယ်။
နယ်စပ်ကဝင်လာတဲ့ ဖုန်းတွေ၊ တစ်ပတ်ရစ်ဖုန်းတွေကတော့ စုစုပေါင်း အခွန် ၃၇ ရာခိုင်နှုန်းပေးရမှာဖြစ်တယ်လို့ တစ်ပတ်ရစ်ဖုန်းရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
"နယ်စပ်ကနေ တနိုင်တပိုင်သွင်းတဲ့ ကုန်သည်တွေအတွက် တော်တော်လေးကို အခက်တွေ့သွားတယ်။ သူတို့မှာ သွင်းကုန်လိုင်စင်လျှောက်ဖို့က မရဘူးလေ။ တကယ်သွင်းချင်ရင် ဒဏ်ကြေးပါဆောင်ပြီးမှ သွင်းရမယ်ဆိုတော့ ခက်သွားတာပေါ့" လို့ ရန်ကုန်မြို့၊ တာမွေမြို့နယ်က တပတ်ရစ်ဖုန်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
နောက်ပြီး ပြည်ပနိုင်ငံတွေကနေ တစ်ကိုယ်ရည် အသုံးပြုဖို့ ဖုန်းဝယ်လာသူတွေကတော့ လေဆိပ်မှာ အခွန် ၁၂ ရာခိုင်နှုန်း ပေးဆောင်ပြီးမှသာ အသုံးပြုနိုင်မယ်လို့ အကောက်ခွန်ဌာန တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဧပြီလ ၁ ရက် မတိုင်ခင် မိုဘိုင်းဖုန်းထဲကို ဆင်းကတ် ထည့်ပြီးသုံးထားတဲ့ သူတွေ၊ ခွင့်ပြုစာရင်း (Whitelist) မှာ ပါထားသူတွေကတော့ ဒီအခွန်တွေကို ပေးစရာမလိုပါဘူး။
ထိုးတက်သွားတဲ့ ဖုန်းဈေးတွေ
စစ်ကော်မရှင်က အခွန်ဆောင်ရမယ်လို့ ပြောပြီးတဲ့နောက်မှာ မိုဘိုင်းဖုန်း တန်ဖိုးတွေရဲ့ အနောက်မှာ အခွန်နှုန်းထားတွေ ကပ်ပါလာပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ကျော်မှာ မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၆၀ ကျော်အထိရှိတယ်လို့ ဒစ်ဂျစ်တယ်နဲ့ ဖုန်းဆက်သွယ်ရေးအဖွဲ့တွေရဲ့အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
မိုဘိုင်းဖုန်းဈေးကွက်အပြောင်းအလဲဟာ သန်းနဲ့ ချီတဲ့ လူတွေကို သက်ရောက်မှုရှိနေတာပါ။
Apple က ထုတ်တဲ့ Iphone 12 အမျိုးအစားဖုန်းဆိုရင် အခွန်အခက ၃ သိန်းကျော်ပေးရမှာဖြစ်တာကြောင့် အခုပေါက်ဈေးဟာ မူလတန်ဖိုးထက် ၃ သိန်းလောက်တက်သွားတယ်လို့ မိုဘိုင်းဖုန်းရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
မိုဘိုင်းဖုန်းတန်ကြေးပေါ်လိုက်ပြီး ဆောင်ရတဲ့အခွန်ပမာဏက ပိုပြီးများသွားပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ Iphone 17 Pro Max ဆိုရင် အခွန်က ၈သိန်း ၉ သောင်းနီးပါးပေးရမှာဖြစ်တယ်လို့ မိုဘိုင်းဖုန်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ Apple ပစ္စည်းတွေကို တရားဝင်ရောင်းချခွင့်ရထားတဲ့ Mdrive ရဲ့ ဧပြီ ၆ ရက်နေ့ မွန်းလွဲ မှာ ဖော်ပြထားတဲ့ဈေးနှုန်းတွေအရ Iphone 17 (256 GB) ဖုန်းဈေးဟာ ၅,၀၆၀,၀၀၀ ကျပ် ဈေးပေါက်ပြီး လွန်ခဲ့တဲ့ ၂ လကျော်၊ ဖေဖော်ဝါရီ ၂ ရက်က ဈေးကတော့ ၄,၂၂၉,၀၀၀ ကျပ်ဖြစ်ပါတယ်။
ဒီဖုန်းအမျိုးအစားရဲ့ ဈေးက မူလဈေးထက် ၈ သိန်း ၃ သောင်းကျော်လောက် ဈေးတက်သွားတဲ့ သဘောပါ။
တချို့ဖုန်းတွေမှာတော့ ဖုန်း မော်ဒယ် ပေါ်မူတည်ပြီး အခွန်တွက်ချက်မှုတွေ ကွာခြားနိုင်တယ်လို့ ဆိုပါတယ်။
Redmi ဖုန်းတွေမှာဆိုရင် မော်ဒယ်တစ်ခုတည်းမှာတင် တရုတ်ပြည်တွင်းအတွက်ထုတ်တဲ့ China Version နဲ့ တစ်ကမ္ဘာလုံးဖြန့်ဖို့ ထုတ်တဲ့ Global Version ဆိုပြီး ရှိပါတယ်။ မူရင်း ဖုန်းတန်ဖိုးမှာတင် တစ်ကမ္ဘာလုံးအတွက်ရည်ရွယ်ထုတ်တဲ့ ဖုန်းက စျေးအနည်းငယ် ပိုမြောက်ပါတယ်။
"Redmi 15 C ကို IMEI ရိုက်ထည့်လိုက်ရင် China နဲ့ Global ဆိုတာ သူတို့ မသိဘူး။ Global ဈေးနဲ့ တွက်ထည့်လိုက်ရင် ဈေးက အဲဒီမှာ များသွားရော။ အဲလို ရှုပ်ထွေးမှုတွေလည်း ရှိနေတယ်" လို့ သူက ပြောပါတယ်။
အခုလို မိုဘိုင်းဖုန်းဆိုင်တွေက သုံးစွဲသူတွေကို မိုဘိုင်းဖုန်းတွေ ရောင်းတဲ့အခါ အခွန်အခပါ ပေါင်းထည့်လိုက်တာကို သုံးစွဲသူတွေရော၊ မိုဘိုင်းဖုန်းမော်ဒယ်အသစ်တွေကို Review လုပ်တဲ့ နည်းပညာကျွမ်းကျင်သူတွေကပါ သဘောမတွေ့ကြပါဘူး။
"အခွန် ၁၂ ရာခိုင်နှုန်းပေးရတာကို လက်ခံတယ်။ ဒဏ်ကြေးပါထည့်ပေါင်းတာကိုတော့ လက်မခံဘူး။ သူတို့ (ဖုန်းဆိုင်တွေ) ဆောင်ရတာကို ကျွန်တော်တို့ကို ဘာလို့ ပုံချလဲ။ ကျွန်တော်တို့က သူတို့ဆောင်ရတဲ့ (အခွန်)ပမာဏကို ပေးရသလိုဖြစ်နေတယ်" လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။
မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကတော့ "သုံးစွဲသူတွေဘက်က ကြည့်ရင် ဒီ ၃၇ ရာခိုင်နှုန်းကို ငါတို့ကို ဆောင်ခိုင်းသလို ဖြစ်တယ်ပေါ့။ တကယ်လည်း အဲဒီလို ပုံစံမျိုးဖြစ်နေတာကိုး။ ဟိုဘက်ကလည်း မမှားဘူး။ ကျွန်တော်တို့ ဘက်ကလည်း ကျွန်တော်တို့ အခက်အခဲနဲ့ ကျွန်တော်တို့ဖြစ်တာပေါ့။ ဈေးတက်တာတော့ ဘယ်သူမှ မကြိုက်ကြဘူး" လို့ ပြောပါတယ်။
တစ်ပတ်ရစ်ဖုန်းတွေကလည်း အခွန် ၃၇ ရာခိုင်နှုန်းကို မဖြစ်မနေ ဆောင်ရမှာဖြစ်လို့ ပိုပြီးတော့ ဈေးတက်သွားတယ်လို့ တစ်ပတ်ရစ်ဖုန်းဆိုင်ပိုင်ရှင်က ပြောပါတယ်။
ဒီလို မိုဘိုင်းဖုန်းဈေးတွေတက်သွားဟာ ဖုန်းအတွက် ငွေများများမသုံးစွဲနိုင်တဲ့သူတွေအပေါ်မှာလည်း စိန်ခေါ်မှု ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
ပြည်တွင်း အကောက်အခွန်ဌာနကတော့ ဒီအခြေအနေတွေကို ထိန်းညှိသွားဖို့ ရှိတယ်လို့ မိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း ထံကနေ သိရပါတယ်။
မိုဘိုင်းဖုန်းအသုံးပြုမှု ပုံစံအသစ်တွေ
နည်းပညာတိုးတက်လာတာနဲ့အမျှ လူတွေဟာ မိုဘိုင်းဖုန်းထဲမှာ ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေ၊ ဘဏ်အကောင့်တွေစတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို သိမ်းဆည်းတတ်ကြပါတယ်။
လူတွေရဲ့ နေ့စဉ်ဘဝမှာ ဒီမိုဘိုင်းဖုန်းတွေက လွှမ်းမိုးမှုရှိနေတာပါ။
ဒီလို မိုဘိုင်းဖုန်းတွေကို အခွန်စည်းကြပ်မှုကြောင့် လူတွေရဲ့ မိုဘိုင်းဖုန်းအသုံးပြုတဲ့ အမူအကျင့်တွေ ပြောင်းလဲသွားနိုင်တယ်လို့ မိုဘိုင်းဖုန်းရောင်းဝယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
"နောက် ၅ လပိုင်း၊ ၆ လပိုင်း၊ ၇ လပိုင်း လောက်မှာ ဖြစ်လာမယ့်အခြေအနေက ဆင်းကတ်ကို တခြားဖုန်းနဲ့ သုံးမယ်။ ဂိမ်း အတွက်သုံးမယ်။ ဓာတ်ပုံရိုက်ဖို့ ဖုန်းမော်ဒယ်အမြင့်သုံးချင်တယ်ဆိုရင် ဆင်းကတ် မထည့်ဘဲ ဖုန်းချည်းပဲ သုံးတော့မှာ။ ပြီးတော့မှ နောက်ဆင်းကတ်ပါတဲ့ ဖုန်းနဲ့ Wifi ချိတ်ပြီး သုံးပေါ့။ အဲဒီလို ပုံစံမျိုး ဖြစ်လာလိမ့်မယ်" လို့ ရန်ကုန်မြို့က မိုဘိုင်းဖုန်းဆိုင်ရှင်တစ်ဦးက ခန့်မှန်းပါတယ်။
ရေရှည်မှာတော့ ပိုက်ဆံတတ်နိုင်သူတွေအဖို့ ရွေးချယ်စရာ မိုဘိုင်းဖုန်းအမျိုးအစားတွေ ရှိနေဦးမှာဖြစ်ပေမဲ့ ငွေကြေး အကန့်အသတ်သာ အသုံးပြုနိုင်သူတွေအတွက်တော့ သူတို့ ဝန်အားနဲ့မျှတဲ့ဖုန်းအမျိုးအစားတွေ စျေးကွက်ထဲ မြင်ရဖို့ ရှားပါးသွားနိုင်တယ်လို့ ဖုန်းလုပ်ငန်းလုပ်ကိုင်သူတွေက ခန့်မှန်း ပြောဆိုထားကြပါတယ်။