ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နေပြည်တော်သမ္မတသစ်အပေါ် အာဆီယံ သဘောထား
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို စွန့်ခဲ့တဲ့ ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတရာထူး လက်ခံတဲ့ မိန့်ခွန်းထဲ အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်ရအောင် လုပ်မယ် ဆိုတဲ့ အချက် ထည့် ပြောသွားပါတယ်။ အာဆီယံ ဘက်ကရော သူ့အပေါ် ဘယ်လို သဘောထားမျိုး ရှိနေပါသလဲ။ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ မြန်မာအရေး အာဆီယံ အထူးသံလည်းဖြစ်တဲ့ မစ္စ ထရီဇာ လာဇာရိုကို သမ္မတကျမ်းကျိန်ပွဲ သီတင်းပတ်ထဲမှာပဲ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး သီးသန့်မေးမြန်းထားပါတယ်။
ဘီဘီစီ။ မြန်မာ စစ်အစိုးရခေါင်းဆောင်ဟာ အခု ဆိုရင် သူ့ရဲ့ တပ်ချုပ်ရာထူးကို စွန့်ပယ်ပြီး၊ သမ္မတ ရာထူးကို ရယူခဲ့ပြီ ဖြစ်ပါတယ်။ အခု အချိန်ထိ တွေ့ရသလောက်၊ ထိုင်းနဲ့ ကမ္ဘာဒီးယားတို့လို အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ ရုရှားအပါအဝင် နိုင်ငံတချို့က တာဝန်ရှိသူတွေဟာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ကြတာ တွေ့ရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဆီကနေရော အလားတူ သဝဏ်လွှာမျိုး ထွက်လာဖို့ ရှိလား။
ထရီဇာ လာဇာရို။ ။ အခု အချိန်ထိတော့ ကျွန်မတို့ အနေနဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ မပေးသေးပါဘူး။ အကြောင်းကတော့ ... ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ ဆီဘူးမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ကြတုန်းက၊ မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ် အပေါ် တူညီတဲ့ ဘုံသဘောထားမျိုး မရရှိခဲ့ပါဘူး။
မြန်မာနိုင်ငံထဲက အခြေအနေတွေဟာ၊ အာဆီယံ ခေါင်းဆောင်တွေအားလုံး သဘောတူထားကြတဲ့၊ တူညီဆန္ဒ ၅ ချက်နဲ့ ဘယ်လောက် ကိုက်ညီပြီး၊ တိုးတက်မှု ရှိ မရှိ ဆိုတာ ... ဆက်လက် စောင့်ကြည့်ဖို့ လိုနေသေးတယ် ဆိုတဲ့ အချက်အပေါ် ၊ အာဆီယံ အနေနဲ့ရော၊ ကျွန်မတို့ ဖိလစ်ပိုင် နိုင်ငံအနေနဲ့ပါ .... မျက်မှောက် ပြု သိမြင် ထားကြပါတယ်။
ဘီဘီစီ။ ။ ဒီ အဖြေဟာ အာဆီယံတစ်ခုလုံးရဲ့ ရပ်တည်မှုကို ပိုပြီး လွှမ်းခြုံရာ ရောက်တယ်လို့ ကျွန်တော်နားလည်ပါတယ်။ တစ်နိုင်ငံချင်းစီ အနေနဲ့ရော ဖိလစ်ပိုင်အနေနဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပို့ဖို့ ပြင်ဆင် ထားပါသလား။
ထရီဇာ လာဇာရို။ ။ ဖိလစ်ပိုင် အနေနဲ့ ကျွန်မတို့ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတဲ့ အပေါ် အလေးအနက် စဥ်းစား သုံးသပ်နေဆဲ ဖြစ်ပါတယ်။ တစ်ခု ရှိတာကတော့ ,,,, အခု အစိုးရသစ်ရဲ့ သမ္မတ ကျမ်းကျိန်ပွဲ လို့ပဲ ပြောရမလား ... သူတို့ စီစဥ်ထားတဲ့ အခမ်းအနားကို ဖိလစ်ပိုင် နိုင်ငံကို ကိုယ်စားပြု တက်ရောက်ဖို့ ရန်ကုန်မှာ ရှိတဲ့ ဖိလစ်ပိုင် သံရုံးရဲ့ တာဝန်ခံကို ဖိတ်ကြား ခံထားရပါတယ်။ တကယ်လို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးမယ် ဆိုရင်လည်း ဝန်ကြီး အဆင့်က လက်မှတ် ထိုးရမှာ ဖြစ်တဲ့ အတွက် ကျွန်မက ဆုံးဖြတ်သွားရမှာပါ။ ကျွန်မ ပြောခဲ့သလို ဒီ ကိစ္စအပေါ် အလေးအနေထား သုံးသပ်နေဆဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အာဆီယံရဲ့ မြန်မာ့အရေး အထူးသံ အနေနဲ့ရော စစ်ခေါင်းဆောင်ဟောင်း ဦးဆောင်တဲ့ အစိုးရသစ်နဲ့ကြားမှာ ထိတွေ့ ဆက်ဆံမှု ပြုလုပ်သွားမှာပါလား။ ဘယ်လို မူဝါဒမျိုး ရှိနေပါသလဲ။
ထရီဇာ လာဇာရို။ ။ အာဆီယံကို ကိုယ်စားပြုတဲ့ အထူးသံတစ်ယောက် အနေနဲ့ အာဆီယံရဲ့ ရပ်တည်မှုကို ပြောရရင်၊ ကျွန်မ ခုနက ပြောခဲ့တာကိုပဲ ပြန်ပြီး ထပ်ကျော့ ပြောလိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆီဘူးမှာ လုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲမှာ ဒီ အကြောင်းချင်းရာ ကိစ္စနဲ့ ပတ်သက်ပြီး ဘုံ သဘောထားမျိုး မပေါ်ထွက် နိုင်ခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်မှု အကြောင်း ပြောရမယ် ဆိုရင်လည်း ထိတွေ့ဆက်ဆံရေး ဆိုတဲ့ ကိစ္စအပေါ် သက်ဆိုင်ရာ အစိုးရ အေဂျင်စီ အဖွဲ့ အမျိုးမျိုး ကြားမှာ ဆွေးနွေး တိုင်ပင် နေကြဆဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒီတော့ အခု လက်ရှိ အချိန်မှာတော့ နေပြည်တော် ခရီးစဥ် ပြုလုပ်ဖို့ စီစဥ်ထားတာမျိုး လုံးဝ ရှိမနေသေးဘူး ဆိုပြီး ကျွန်တော်တို့ နားလည် နိုင်ပါသလား။
ထရီဇာ လာဇာရို။ ။ အခုလောလောဆယ် အချိန်အထိကတော့ ရှင်ပြောသလိုပဲ နေပြည်တော်ကို ကျွန်မ နောက်တကြိမ် သွားဖို့ အစီအစဥ် မရှိသေးဘူး ဆိုတာ မှန်ပါတယ်။ ကျွန်မ အထူးသံရာထူးကို ရခဲ့တဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း ကတော့ နေပြည်တော်ကို သွားခဲ့ပါတယ်။ နောက်တစ်ကြိမ် ခရီးစဥ် ရှိလာနိုင်ဖို့ ဆိုရင်တော့ .... သွားဖို့ရာ အဓိက တွန်းအားဖြစ်စေမှာကတော့ မြန်မာပြည်သူတွေ အင်မတန်လိုအပ်နေတဲ့ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး ဆိုတဲ့ ကဏ္ဍအတွက် ဖြစ်ပါလိမ့်မယ်။ ဒီ့အတွက်လည်း မြန်မာ့အရေး သက်ဆိုင်တဲ့ တခြား အဖွဲ့အစည်းတွေနဲ့ကြား တိုင်ပင် ဆွေးနွေးတာတွေ ပိုပြီး လုပ်ဖို့ လိုပါတယ်။
ဘီဘီစီ။ ။ ဒီတော့ အချိန်တန်လာပြီ ဆိုရင်ရော အခု သမ္မတသစ် ဖြစ်လာမယ့် သူကို ဘာတွေ တိုက်တွန်းသွားဖို့ ရှိပါသလဲ။
ထရီဇာ လာဇာရို။ ။ အချိန်တန်ပြီ ဆိုတာထက်၊ ပြောဆိုသင့်တဲ့ အခြေအနေ အနေအထားကို ရောက်လာပြီ ဆိုရင်တော့ .... ကျွန်မ အနေနဲ့ မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်တွေ အားလုံးကြား ရယူထားတဲ့ တူညီဆန္ဒ ၅ ချက် ဆိုတဲ့ အခြေခံမူ အကြောင်းကိုပဲ ပြန်ပြောရမှာ ဖြစ်ပါတယ်။
စရမှာကတော့ ပေါ်ပေါက် နေတဲ့ အကြမ်းပတမ်း ဖြစ်ရပ်တွေ၊ တိုက်ခိုက်မှုတွေ ရပ်တန့်ရေး ဖြစ်ပါတယ်။ အဲဒီကနေမှ တဆင့် အခြေအနေတွေ တိုးတက်လာရေ အထူးသံ အနေနဲ့ ဆက်လက် တိုက်တွန်း နေမှာ ဖြစ်ပြီး၊ ဒီ ဖြစ်စဥ်တွေထဲမှာ တခြား သက်ဆိုင်သူတွေ အားလုံးလည်း ပါဝင် ပတ်သက် နိုင်ရမှာ ဖြစ်ပါတယ်။
ကျွန်မ ပြုလုပ်ခဲ့တဲ့ နေပြည်တော် ခရီးစဥ် အပါအဝင်၊ မြန်မာ့အရေး သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ဆွေးနွေးတာကနေ ကျွန်မ သိလာရတဲ့ အချက် ရှိပါတယ်။ မြန်မာနိုင်ငံ ထဲမှာ စာနာမှု ဆိုင်ရာ အကူအညီတွေ ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်နိုင်မလဲ၊ လုံလောက်တဲ့ အားထုတ်မှုမျိုး ရှိရဲ့လား ဆိုတဲ့ အပေါ်မှာ စိုးရိမ်မှုတွေ ရှိကြပါတယ်။
ဒီတော့ ကျွန်မတို့ အလေးထား လုပ်သင့်တဲ့ အရာကတော့ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေး ဖြစ်ပြီး၊ အထူးသဖြင့် မြန်မာနိုင်ငံထဲ ခွဲခြား ဆက်ဆံခံရတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ရေး ဆိုတဲ့ ရည်မှန်းချက်ကို အဓိက ထားရှိဖို့ လိုပါတယ်။
ဘီဘီစီ။ ။ အာဆီယံ ထိပ်သီးအစည်းအဝေးဟာ စီစဥ်ထားသလို လာမယ့် မေလထဲ ပြုလုပ်သွားဖို့ ရှိတယ်လို့ ကျွန်တော် နားလည် ထားပါတယ်။ မြန်မာဟာ ကျန်ခဲ့တဲ့ ၅ နှစ်မှာတော့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မရခဲ့ပါဘူး။ အာဆီယံရဲ့ အဲဒီ ရပ်တည်မှုဟာ လာမယ့်မေလမှာ ပြောင်းလဲ သွားနိုင်ပါသလား။
ထရီဇာ လာဇာရို။ ။ ပြောင်းလဲ သွားမယ်လို့ ကျွန်မ မထင်ပါဘူး။ အာဆီယံရဲ့ ရပ်တည်မှုက အရင်အတိုင်း ရှိနိုင်ပါတယ်။ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ စေလွှတ်မယ် ဆိုရင် ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး။ နိုင်ငံဝန်ထမ်းထဲက အဆင့်မြင့်ဆုံး အရာရှိကို စေလွှတ်ရမှာ ဖြစ်ပါတယ်။ ဒီ အတိုင်း ရပ်တည်ကြဖို့ အာဆီယံ ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆုံးဖြတ်ထားကြပါတယ်။
ဒီတော့ အာဆီယံ ရပ်တည်မှု ပြောင်းမှာ မဟုတ်ဘူး။ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုမှုကို လက်ခံမှာ မဟုတ်ပဲ၊ အရပ်ဘက် အဆင့်မြင့် အရာရှိ တက်ရောက်မှာကိုပဲ လက်ခံသွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ကျွန်တော်တို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့တဲ့ "အာဆီယံ အသိုင်းအဝိုင်းထဲကို မြန်မာ ပြန်လာရေး" ဆိုတဲ့ ဝေါဟာရ အသုံးအနှုံးကို ကြားခဲ့ရပါတယ်။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးနဲ့ သူတွေ့တုန်း ပြောခဲ့တာပါ။ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ရော ဒီ ဝေါဟာရ အပေါ် ဘယ်လို အဓိပ္ပာယ် ဖွင့်လိုလဲ။ အာဆီယံထဲ မြန်မာပြန်ရောက်ရေး ဆိုတဲ့ အခြေခံ အယူအဆ ဒါမှမဟုတ် အခြေခံ မူ အပေါ် ဘယ်လို နားလည်ရမလဲ။
ထရီဇာ လာဇာရို။ ။ ဒါလို ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ မြန်မာဟာ ဘယ်တုန်းကမှ အာဆီယံထဲကနေ မထွက်ခွာ ခဲ့ပါဘူး။ အာဆီယံရဲ့ အစိတ်အပိုင်း အဖြစ် မြန်မာ အမြဲပဲ ရှိနေပါတယ်။ မြန်မာ့အရေး တူညီ ဆန္ဒ ၅ ချက် ဆိုတာထဲမှာလည်း မြန်မာကိုယ်တိုင် ပါဝင်နေသလို၊ ထိပ်သီးဆွေးနွေးပွဲ တွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးတွေမှာလည်း မြန်မာကိုယ်စားလှယ် ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆီဘူးမြို့ တွေ့ဆုံပွဲမှာလည်း မြန်မာကိုယ်စားလှယ် ပါဝင်ပါတယ်။
ဒီတော့ ဒီဝေါဟာရကို အမှန် ဖြစ်သွားအောင် ကျွန်မ ပြင်ပြောပါရစေ။ မြန်မာဟာ အာဆီယံထဲကနေ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပါဘူး။ အမြဲ ရှိနေခဲ့ပါတယ်။
ဘီဘီစီ။ ။ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် တိုင်းရင်းသား အင်အားစုတွေနဲ့ အတူ တွဲပြီး အလုပ်လုပ်နိုင်ရေး အတွက်ရော စဥ်းစား ထားတာမျိုး ရှိလား။ ဖိလစ်ပိုင်နိုင်ငံထဲမှာ မြန်မာ့အရေး သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ စတိလ်ဟိုလ်ဒါ မိတင်း ဆိုတာမျိုးတွေ ထပ်ပြီး လက်ခံ ကျင်းပ ပေးသွားမှာလား။
ထရီဇာ လာဇာရို။ ။ သေချာပေါက် လုပ်ပေးမှာပါ။ ဖိလစ်ပိုင်ဟာ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ကျွန်မကလည်း အထူးသံ တာဝန်ကို ယူထားသူ ဖြစ်တဲ့ အတွက်၊ မြန်မာ့အရေး သက်ဆိုင်သူ Stakeholders အားလုံးနဲ့ ဆက်လက်ပြီး တွေ့ဆုံ ဆွေးနွေးသွားဖို့ လိုတယ်လို့ ကျွန်မတို့ ရှုမြင် ထားကြပါတယ်။
ကျွန်မတို့မှာ စီစဥ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ အားလုံး သိတဲ့ အတိုင်း စွမ်းအင်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြုံတွေ့ နေရတဲ့ အတွက် အစိုးရ အသုံးစားရိတ် ချွေတာရေး အစီအစဥ်တွေ ကျွန်မတို့ နိုင်ငံထဲမှာ ချမှတ်ထားရပါတယ်။ အဲဒီလို ပြောပေမယ့် မြန်မာ့အရေးကို ကျွန်မတို့ အမြဲပဲ ထည့်သွင်း စဥ်းစား နေပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး ဆိုတာ ဆက်လက် လုပ်ဆောင်ဖို့ ကျွန်မတို့မှာ တာဝန် ရှိပါတယ်။
ဘီဘီစီ။ ။ အာဆီယံဟာ မြန်မာ့အရေးကို မြန်မာတွေ ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အတွက် အဖွဲ့အားလုံး ပါဝင်တဲ့ ညှိနှိုင်း ဆွေးနွေးတာတွေ ဖြစ်လာနိုင်ရေး ကြိုးစားလုပ်ဆောင်ကြမယ်လို့ အာဆီယံက ပြောထားပြီး ဖြစ်ပါတယ်။ Myanmar Owned- Myanmar Led လို့ ခေါ်တဲ့ မြန်မာတွေကိုယ်တိုင် စီမံ ဖန်တီးပြီး၊ ဦးဆောင်တဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းမျိုး ဆိုတာ ဘယ်လို နည်းတွေနဲ့ ရနိုင်မလဲလို့ အထူးသံ တစ်ယောက် အနေနဲ့ သုံးသပ် ထားပါသလဲ။
ထရီဇာ လာဇာရို။ ။ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးမှာ၊ မြန်မာတွေကိုယ်တိုင် ဦးဆောင်ရမယ် ဆိုတာကို အခြေခံ အယူအဆ အဖြစ် ကျွန်မတို့ မြင်ထားဆဲ ဖြစ်ပါတယ်။ ဒီ အချက်ဟာ တူညီ ဆန္ဒ ၅ ချက်ထဲမှာလည်း အကြုံးဝင်နေပါတယ်။ အောင်မြင်နိုင်ဖို့ ဆိုရင် တိုက်ခိုက်မှုတွေကို ရပ်ဖို့ လိုပါတယ်။ ကျွန်မတို့ အနေနဲ့ စတင် လုပ်ဆောင်ထားနှင့်ပြီး ဖြစ်တဲ့ ... သက်ဆိုင်ရာ အဖွဲ့ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေး တာတွေ ကိုလည်း ဆက်လုပ်သွားမှာပါ။ ဒါတွေ အာလုံးရဲ့ ရည်မှန်းချက်ဟာ အခုန ပြောတဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ရေးမှာ မြန်မာတွေ ကိုယ်တိုင် စီမံဖန်တီး ဦးဆောင်နိုင်ဖို့ ပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ နိုင်ငံခြားရေး ဝန်ကြီး အခု ယူထားတဲ့ အထူးသံ တာဝန် နဲ့ ပတ်သက်ပြီး အခု အာရုံစိုက် ဆွေးနွေးချင်ပါတယ်။ မြန်မာအရေး အထူးသံ နေရာကို အလှည့်ကျ ဥက္ကဋ္ဌ တစ်နှစ်သက်တမ်းအတိုင်း မဟုတ်ပဲ၊ အမြဲတမ်း ရာထူးအဖြစ် ဖန်တီးလာဖို့ ရှိလား။ နိုင်ငံခြားရေး ဝန်ကြီးကပဲ ဆက်ပြီး တာဝန် ယူသွားမှာလား ခင်ဗျ။
ထရီဇာ လာဇာရို။ ။ အထူးသံကို ရေရှည် သဘော ခန့်အပ်မလား ဆိုတဲ့ အပေါ် အာဆီယံရဲ့ အဆင့်မြင့် အရာရှိတွေရဲ့ အစည်းအဝေးတွေမှာ ဆွေးနွေးနေကြဆဲ ဖြစ်တယ် ဆိုတာကို စပြီး ပြောချင်ပါတယ်။ ဒီဆွေးနွေးနေတာတွေ ကနေ ဘယ်လို သဘောတူမှုမျိုး ရလာသည် ဖြစ်စေ၊ အဲဒီ သဘောတူမှုဟာ အခုလာမယ့် ထိပ်သီးဆွေးနွေးပွဲမှာ မဟုတ်ပဲ၊ နိုဝင်ဘာလထဲ လုပ်မယ့် ဖိလစ်ပိုင် လက်ထက် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးမှာ ခေါင်းဆောင်တွေ အတည်ပြုကြမှာ ဖြစ်ပါတယ်။
ဒီတော့ ဖြစ်လာနိုင်တာကတော့ လက်ရှိ အထူးသံ ဖြစ်တဲ့ ကျွန်မရဲ့ တာဝန် ဝတ္တရားဟာ အခုနှစ်ကုန် အထိ ဆက်ရှိ နေပါလိမ့်မယ်။ ပြီးတော့ကျမှပဲ ရေရှည်သဘော အထူးသံ ခန့်အပ်ရေးနဲ့ ပတ်သက်တဲ့ သဘောတူမှုကို အကောင်အထည် ဖော်သွားကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ တူညီဆန္ဒ ၅ ချက် ဆိုတာကို ဆက်လက် ဆွဲကိုင်မယ် ဆိုပြီး အာဆီယံ အနေနဲ့ အမြဲပဲ ပြောနေပါတယ်။ ဒီတော့ ဒါတွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ အထူးသံ တစ်ယောက် အနေနဲ့ ဘယ်လို အတိတကျ လုပ်ငန်းစဥ်မျိုးတွေကို ပြင်ဆင် ထားပါသလဲ။
ထရီဇာ လာဇာရို။ ။ ကျွန်မ အနေနဲ့ လုပ်ဆောင်ထားတာတွေကို ပြောရရင် ပထမဆုံး အချက်ကတော့ နေပြည်တော် ခရီးစဥ် အတွင်း တွေ့ဆုံမှုမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ရေး အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒုတိယကတော့ ... တူညီ ဆန္ဒ ၅ ချက်နဲ့ အညီ .... သက်ဆိုင်သူတွေ အားလုံးနဲ့ ကျွန်မ တွေ့ဆုံနိုင်ရေး ကြိုးစား နေပါတယ်။ တွေ့ထားပြီးတာတွေလည်း ရှိနေပါပြီ။ ပြီးခဲ့တဲ့ Stakeholder တွေ တွေ့ဆုံပွဲမှာ ရှိမနေခဲ့သူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ကျွန်မ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်တဲ့ အတိုင်း အကောင်အထည် ဖော်နိုင်မယ်လို့လည်း ကျွန်မ ယုံကြည်ထားပါတယ်။ စီစဥ်ထားလက်စတွေလည်း ရှိနေပါပြီ။ လုပ်ဆောင်ထားတွေကို လာမယ့် မေလ ထိပ်သီးဆွေးနွေးပွဲမှာ အစီရင်ခံ သွားမှာ ဖြစ်သလို၊ ဆက်လက် လုပ်ဆောင် နေတာတွေကိုလည်း နိုဝင်ဘာလ ထိပ်သီးဆွေးနွေးပွဲမှာ အစီရင်ခံမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ နိဂုံးချုပ် အနေနဲ့ပေါ့ ခင်ဗျ။ အခု ဖိလစ်ပိုင်ရဲ့ ဥက္ကဋ္ဌ သက်တမ်း တစ်နှစ် အတွင်းမှာ မြန်မာအရေးနဲ့ ပတ်သက်ရင်တော့ ဘယ် အချက်တွေကိုတော့ဖြင့် အနည်းဆုံး အောင်မြင်အောင် လုပ်မယ် ဆိုတာမျိုး ပိုင်းဖြတ် သတ်မှတ်ထားတာမျိုး ရှိပါသလား။
ထရီဇာ လာဇာရို။ ။ ကျွန်မ ထားရှိတဲ့ ရည်မှန်းချက်တွေကို အရင်ကလည်း အကြိမ်တချို့ ပြောထားဖူးပါတယ်။ တတ်နိုင်သမျှ အရေအတွက် များနိုင်သလောက် သက်ဆိုင်တဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပွဲတွေ ကျင်းပနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဒုတိယ အချက်ကတော့ ပိုပြီး အရေးကြီးလိမ့်မယ် ထင်ပါတယ်။ စာနာမှု ဆိုင်ရာ အကူအညီတွေကို လိုအပ်နေသူတွေဆီ ထိထိရောက် ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါတွေကို အကောင်အထည် ဖော်နိုင်ဖို့ ဆွေးနွေး တိုင်ပင်တာတွေကိုလည်း ဆက်တိုက် လုပ်ဆောင် နေပါတယ်။ မဝေးလှတဲ့ အနာဂတ်မှာ လက်တွေ့ အကောင်အထည် ဖော်လာနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။