လက်ရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ရာထူးက ဘာကြောင့် ထွက်ရတာလဲ

ဓာတ်ပုံ ရင်းမြစ်, USDP
ခေါင်းဆောင်သစ်ရွေးချယ်မယ့် ကြံ့ခိုင်ရေးပါတီညီလာခံကို ဒီကနေ့မှာ အောက်တိုဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။
လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးက နောက်သက်တမ်းအတွက် ဝင်အရွေးမခံတော့ဘူးလို့ ကြေညာခဲ့လို့ ခေါင်းဆောင်မှု အပြောင်းအလဲကို မြင်တွေ့ရဖို့ရှိပါတယ်။
သူခေါင်းဆောင် အဖြစ်အနားယူရုံသာမက လက်ရှိပါတီရဲ့ တာဝန်တစ်ခုမှာ တာဝန်ထမ်းဆောင်ဖို့ အဆိုပြုထားတာမရှိဘူးလို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။
လက်ရှိပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပါတီတာဝန်က ဘာလို့အနားယူရသလဲဆိုတာနဲ့ပတ်သက်လို့ အချက်၄ ချက်ကို ဒီကနေ့ အစည်းအဝေးမှာ ပြောသွားခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေက ပြောပါတယ်။
အဲ့ဒီ အချက်တွေထဲမှာ ရွေးကောက်ပွဲ အနိုင်မရခဲ့တာ ၊ ပါတီဝင်တွေသတ်ဖြတ်ခံရတာ နဲ့ ပါတီဝင်အချို့ အိုးအိမ်စွန့်ခွါထွက်ပြေးမှုတွေကို အကာအကွယ်မပေးနိုင်တာ ၊ ၇ နှစ်အကြာ ခါးနာဝေဒနာကို ခွဲစိတ်ခဲ့ပြီး ဆရာဝန်က အနားယူခိုင်းတာတို့ကို ပြောသွားပြီး သူဟာ ပါတီနဲ့ပတ်သက်လို့ ငွေရေးကြေးရေးနဲ့ အဂတိကိစ္စတွေ နဲ့ပတ်သက်လို့ အရှုပ်အရှင်းမရှိဘူးလို့ ပြောသွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ သုံးဦးရှိပြီး သူတို့ထဲက ပါတီရဲ့ ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဒါပေမဲ့ မနက်ဖြန်မှပဲ ဗဟိုအလုပ်အမှုဆောင်နဲ့ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစတဲ့ ပါတီခေါင်းဆောင်နေရာတွေကို ရွေးချယ်သွားမယ်လို့ ညီလာခံ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးတချို့ အနားပေးခံရလို့ ကြံ့ခိုင်ရေးပါတီကို ရောက်လာမလားလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
တပ်ကအနားပေးခံရပြီး ပါတီမှာတာဝန်ယူမယ်လို့ သတင်းထွက်နေသူ တပ်အငြိမ်းစားအရာရှိကြီးတွေ ကိုတော့ ဒီကနေ့ ပါတီညီလာခံမှာ တက်ရောက်လာတာ မတွေ့ရဘူးလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အဖြစ်တာဝန်ယူထားတဲ့ ဦးဝဏ္ဏမောင်လွင်၊ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်း စတဲ့ ပါတီဝင်တွေ တက်ရောက်လာတာ မတွေ့ရကြောင်းလည်း သူတို့ကပြောပါတယ်။
ဒီကနေ့ ညီလာခံတက်ရောက်ခဲသူ ကိုယ်စားလှယ် စုစုပေါင်း ၆၀၀ ကျော်ရှိတယ်လို့ အစည်း အဝေးတက်ရောက်ခဲ့သူတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ လက်ရှိဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးအပါအဝင် ပါတီဗဟိုအလုပ်အမှုဆောင် တဖွဲ့လုံးနှုတ်ထွက်ပြီး နောက်ထပ် ၅ နှစ်သက်တမ်းအတွက် မနက်ဖြန်မှာ ပြန်လည်အရွေးချယ်ခံကြမှာ ဖြစ်ပါတယ်။
ကြံ့ခိုင်ရေးက ခေါင်းဆောင်းပိုင်းအအပြောင်းအလဲ လုပ်ဖို့ရှိတဲ့ ညီလာခံကျင်းပနေချိန်ကာလမှာပဲ တပ်ထိပ်ပိုင်းရာထူးအပြောင်းအလဲတွေလည်း ရှိခဲ့ပါတယ်။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်း နဲ့ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ အနားပေးခံရတာ အပါအဝင် တပ်ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ခဲ့တယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
အရင်ကလည်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းနေရာတွေကို အနားပေးခံရတဲ့တပ်မတော်က အရာရှိကြီးတချို့ တာဝန်ယူနိုင်တယ်လို့ နေပြည်တော် သတင်းအရင်အမြစ်တွေဆီက သိရပြီး အရင်ကလည်း အဲဒီလိုအစဥ်အလာရှိတယ်လို့ နိုင်ငံရေးအကဲခပ်တချို့က သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တပ်က ဒုတိယ ဗိုလ်ချုပ်ကြီး နှစ်ဦးဟာ သူတို့ ရာထူးမှာ ၅ နှစ်ကြာပြီးတဲ့နောက် အနားပေးခံရတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးဟာ ပြည်ထဲရေးဒုဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းကတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဖြစ်ပါတယ်။
ဒုတိယတပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ်မျိုးမြင့်လည်း အနားပေးခံရတဲ့အထဲ ပါဝင်တယ်။
စစ်ရေးချုပ်နေရာကို တပ်မတော်စစ်ဆေးရေးနဲ့ စာရင်းစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်လာတယ်လို့ သိရပါတယ်။
အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင် က အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာပါတယ်။
တပ်က အနားပေးခဲ့တဲ့ သူတွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတို့ဟာ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ၁ နဲ့ အထွေထွေအတွင်းရေးမှူးတာဝန် အဖြစ်တာဝန်ယူဖို့ရှိတယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။
အရင်ကလည်း ကြံ့ခိုင်ရေးပါတီကို တပ်မတော်က အရာရှိကြီးတချို့ ကူးပြောင်းလာကြတဲ့ အစဥ်အလာရှိလို့ အခုအနားပေးခံရသူတွေ ပါတီကိုရောက်လာနိုင်ခြေရှိတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။








