တောင်ကိုရီးယား မင်းသားရဲ့ ကလေး အရှုပ်တော်ပုံ နိုင်ငံမှာ ဂယက်ရိုက်

တောင်ကိုရီးယား ရုပ်ရှင်လောက ထိပ်တန်းမင်းသား ချန်ဝူဆန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယား ရုပ်ရှင်လောက ထိပ်တန်းမင်းသား ချန်ဝူဆန်း
    • ရေးသားသူ, ဂယ်ဗင် ဘတ္တလာ
    • ရာထူးတာဝန်, ဘီဘီစီသတင်း

တောင်ကိုရီးယား မင်းသားတယောက်က လက်မထပ်ရသေးတဲ့ အမျိုးသမီးတယောက်နဲ့ ကလေးမွေးထားတယ်လို့ ဖော်ထုတ်လိုက်မှုကြောင့် နိုင်ငံမှာ ဂယက်ရိုက်သွားခဲ့ပါတယ်။

၅၁ နှစ်အရွယ် ချန်ဝူဆန်းက တောင်ကိုရီးယား ရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသား တယောက်ဖြစ်ပါတယ်။ ၃၅ နှစ်အရွယ် မော်ဒယ် မွန်းဂါဘီရဲ့ မွေးကင်းစ သားက သူ့ကလေးဆိုပြီး တနင်္ဂနွေနေ့က မင်းသားရဲ့ အေဂျင်စီက အတည်ပြုခဲ့ပါတယ်။

ဖခင်တာဝန်တွေကိုယူမယ်လို့ ချန်က ကတိပေးပေမယ့် မွန်းကို သူလက်ထပ်မှာလား မပြောတဲ့အတွက် လက်မထပ်ဘဲ ကလေးယူတာကို မကြိုက်တဲ့ ရှေးရိုးစွဲနိုင်ငံမှာ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

တိုးတက်တဲ့ အမြင်ရှိသူတချို့က ချန်ကို ကာကွယ်ပေးကြပြီး တောင်ကိုရီးယားရဲ့ ထွေပြားတဲ့ မိသားစု ပုံစံတွေအပေါ် အမြင်ပြောင်းလဲမှုကို အသိအမှတ်ပြုကြပါတယ်။

မွန်းက သူ ကလေးမွေးကြောင်း သောကြာနေ့မှာ အင်စတရာဂရမ်ကနေ ကြေညာပြီး ကလေးအဖေ ဘယ်သူလဲဆိုတာကိုတော့ မပြောပါဘူး။ မထင်မှတ်ဘဲ ရတဲ့ ကိုယ်ဝန်လို့လည်း ဆိုပါတယ်။ ဒီသတင်းအတွက် သူ လုံးဝ ပြင်ဆင်မထားဘူးလို့လည်း ဆိုပါတယ်။

နောက် နှစ်ရက်အကြာမှာတော့ မွန်း လူမှုကွန်ရက်မှာ ဖော်ပြတဲ့ ကလေးက ချန်ဝူဆန်းရဲ့သား ဖြစ်ကြောင်း ချန်ရဲ့ အေဂျင်စီ ဖြစ်တဲ့ အနုပညာရှင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

ကလေးကို ဘယ်လို အကောင်းဆုံး ပျိုးထောင်သွားကြမလဲ ချန်နဲ့ မွန်းတို့ ဆွေးနွေးနေကြောင်းလည်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းက တနိုင်ငံလုံး ပြန့်သွားပြီး အပျော်ဖတ် မီဒီယာတွေမှာ ထင်မြင်ချက် ဆောင်းပါးတွေ အများကြီး ရေးကြပါတယ်။ အင်တာနက်မှာလည်း ငြင်းခုံဆွေးနွေးကြပြီး နိုင်ငံရေးသမားတွေကိုယ်တိုင် ထွက်ပြောလာကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်တာနက်မှာတော့ ချန်ကို ဝေဖန်သူက များပါတယ်။ သူ့ရုပ်ရှင် သရုပ်ဆောင် ဘဝ ကျော်ကြားမှုကလည်း တောင်ကိုရီးယားမှာ အိမ်တိုင်းကြိုက်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဒီမင်းသားဟာ နာမည်ကောင်းနဲ့ လေးစားခံရတဲ့ပုံရိပ်ကို ဖျက်ဆီးတယ်လို့ သုံးသပ်သူ အများစုက ရှုမြင်ကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံးရဲ့ သံအမတ်ဟောင်းက သူ့ကလေးကိုသူ လက်မခံနိုင်ဘူးလို့ စိတ်ပျက်တဲ့ သူတွေတောင် ရှိပါတယ်။

ကလေးအတွက် သူ့တာဝန်တွေကို ဖြည့်ဆည်းပေးမယ်ဆိုပြီး ချန်ဝူဆန်းက လူကောင်း ဟန်ဆောင်ပြီး ပြောနေတယ်၊ ကလေးတယောက်ဟာ ငွေအပေါ်မှာပဲ သက်သက် မူတည်ပြီး ကြီးပြင်းလို့ မရဘူးဆိုပြီး နေဗာ သတင်း တောင်ကိုရီးယား မီဒီယာကြီးမှာ ရေးပါတယ်။

လက်မထပ်ဘဲ ကလေးယူဖို့ ချန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီနိုင်ငံရဲ့ လူမှုစံနှုန်းတွေနဲ့ စဉ်းစားလို့ မရဘူးဆိုပြီး ရှေးရိုးစွဲ ဂျွန်ဂန်သတင်းစာမှာ လက်ယာယိမ်း ပြည်သူ့အင်အားပါတီက အမည်မဖော်တဲ့ အမတ်တယောက်က ပြောပါတယ်။

တောင်ကိုရီးယားမှာ မကြာခင်က ကောက်တဲ့ လူမှုစစ်တမ်းတခုအရ ၃၇ ရာခိုင်နှုန်းကပဲ လက်မထပ်ဘဲ ကလေးယူတာကို လက်ခံနိုင်တယ်လို့ ဆိုပါတယ်။ ဒါကလည်း ၂၀၁၂ ကနဲ့ စာရင် ၁၅ ရာခိုင်နှုန်းလောက် တိုးတက်လာတာပါ။

လက်ထပ်ဖို့ လိုတယ်လို့ ပြောသူတွေထဲမှာတော့ ၇၂ ရာခိုင်နှုန်းကျော်က အသက် ၆၀ အထက်တွေ ဖြစ်ကြပြီး လူငယ်ပိုင်းကတော့ ဒီလောက် စွဲစွဲမြဲမြဲ မရှိကြတော့ပါဘူး။

ကလေးမွေးတာကို အင်စတာဂရမ်က ကြေညာတဲ့ မွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးမွေးတာကို အင်စတာဂရမ်က ကြေညာတဲ့ မွန်း

တခြား လွှတ်တော်အမတ်တွေကတော့ ချန်ကို ကာကွယ်ပေးကြပါတယ်။ လူတယောက်နဲ့အတူနေဖို့ ဆုံးဖြတ်တာဟာ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ဖြစ်တည်မှု ရွေးချယ်ချက်သာ ဖြစ်ကြောင်း ကိုရီးယား ဒီမိုကရက်တစ်ပါတီက လီဆိုယန်းက ပြောပါတယ်။

ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ ကွဲပြားမှုတွေကို လက်ခံလေးစားပြီး အကဲဖြတ်မနေကြဖို့ လိုတယ် လို့လည်း လီဆိုယန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။

တချို့က ရိုးရာတန်ဖိုးတွေဘက် တွန်းပို့နေကြချိန်မှာ ကွဲပြားတဲ့ မိသားစုပုံစံတွေအကြောင်း ကိုရီးယား လူ့အဖွဲ့အစည်းက စဉ်းစားရမယ်ဆိုပြီး ပြောဆိုသံတွေ တိုးလာကြောင်း တိုးတက်တဲ့ သတင်းစာကြီးတစောင်ဖြစ်တဲ့ ကျွန်းဟယန်းရဲ့ ခေါင်းကြီးပိုင်းမှာ ပါရှိပါတယ်။

တောင်ကိုရီးယား ဖျော်ဖြေရေး လုပ်ငန်းမှာ ဖိအားများတာက နာမည်ဆိုးနဲ့ ကျော်စောပါတယ်။ ဒါကြောင့် နာမည်ကြီးတွေကို အကြီးအကျယ် စောင့်ကြည့်တာ၊ မတန်တဆ လူမှုစံနှုန်းမြင့်တွေနဲ့ နှောင်ဖွဲ့ထားတာတွေကို မကြာခဏ တွေ့ရပါတယ်။

ဆိုးလ်က ဘီဘီစီ ကိုရီးယား ဌာနက ဂျူနာမွန်း ဖြည့်စွက် ပေးပို့ပါတယ်။