ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ခိုးရာပါဖုန်း ၄၀,၀၀၀ ကို ဗြိတိန်ကနေ တရုတ်ပို့တဲ့ဂိုဏ်း iPhone တစ်လုံးကြောင့်ပေါ်
- ရေးသားသူ, ဆင်မာ ကုတ်ချာ
- ရာထူးတာဝန်, ဗြိတိန်နိုင်ငံဆိုင်ရာအကြီးတန်းသတင်းထောက်
ပြီးခဲ့တဲ့နှစ်အတွင်း ဗြိတိန်ကနေ တရုတ်ကို မိုဘိုင်းဖုန်း အလုံး ၄၀,၀၀၀ ကို ဂိုဏ်းအသွင် မှောင်ခိုကူးတယ်လို့ မသင်္ကာတဲ့ နိုင်ငံတကာအဖွဲ့တစ်ဖွဲ့ကို ဖြိုခွင်းလိုက်ပြီလို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့ကတော့ ဖုန်းခိုးမှုတွေကို နှိမ်နင်းသမျှထဲ အကြီးမားဆုံးနှိမ်နင်းမှုလို့ ပြောပါတယ်။ ဖုန်းခိုးတယ်လို့ မသင်္ကာသူ ၁၈ ဦးနဲ့ ခိုးထားတဲ့ဖုန်းအလုံးရေ ၂,၀၀၀ ကျော်ကိုလည်း သိမ်းမိခဲ့တယ်လို့ဆိုပါတယ်။
ရဲကတော့ အဲဒီဂိုဏ်းဟာ လန်ဒန်မြို့မှာ အခိုးခံလိုက်ရတဲ့ ဖုန်းအလုံးရေထဲက တဝက်နီးပါးကို ပြည်ပကို ခိုးထုတ်မှုနဲ့ဆက်နွှယ်တယ်လို့ ပြောပါတယ်။ လန်ဒန်ဟာ ဗြိတိန်မှာ ဖုန်းတွေ အများဆုံး အခိုးခံလိုက်ရတဲ့နေရာထဲက တစ်ခုဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနဟာ ရဲတပ်ဖွဲ့ရဲ့စစ်ဆင်ရေးအပါအဝင် မသင်္ကာသူတွေရဲ့ အချက်အလက်အသေးစိတ်၊ သူတို့ရဲ့နည်းလမ်းနဲ့ လန်ဒန်နဲ့ ဟတ်ဖို့ရှိုင်းယားမှာ အိုးအိမ် ၂၈ နေရာကို ဝင်ရောက် စီးနင်းမှုတွေမှာ လေ့လာခွင့်ရခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုဟာ ပြီးခဲ့တဲ့နှစ်မှာ ဖုန်းတစ်လုံးအခိုးခံလိုက်ရတဲ့ဖြစ်ရပ်ကို နောက်ယောင်ခံ လိုက်မှုနဲ့အတူ ထွက်ပေါ် လာတာဖြစ်ပါတယ်။
''ခရစ္စမတ်ပွဲတော်ကာလတုန်းက ဖြစ်ခဲ့တာ။ အခိုးခံရသူက သူ့ရဲ့ အိုင်ဖုန်းကို နောက်ယောင်ခံလိုက်နိုင်တဲ့စနစ် ဖွင့်ထားတယ်။ အဲဒီမှာ သူ့ရဲ့ဖုန်းကို လန်ဒန်မြို့ ဟီးသရိုးလေဆိပ်အနီးနားက ဂိုထောင်တစ်လုံးမှာ ရောက်နေတယ်ဆိုတာ တွေ့ခဲ့တယ်'' လို့ ထောက်လှမ်းရေးမှူး မာ့ ဂယ်ဗင်က ပြောပါတယ်။
''ဂိုထောင်ရဲ့လုံခြုံရေးကလည်း အကူအညီပေးဖို့ စိတ်အားထက်သန်တယ်။ ဗူးတစ်ခုထဲ ထည့်ထားတဲ့ဖုန်းကို သူတို့တွေ့ခဲ့တယ်။ အဲဒီမှာ နောက်ထပ် ဖုန်း ၈၉၄ လုံးလည်း ထပ်တွေ့ခဲ့တယ်''
တွေ့တဲ့ဖုန်းတွေအားလုံးဟာ ခိုးရာပါ ဖုန်းတွေဖြစ်နေတယ်ဆိုတာကို ရဲအရာရှိတွေက တွေ့ခဲ့ပြီး အခုဖြစ်ရပ်ကတော့ ဟောင်ကောင်ကို ပို့မယ့်ဖုန်းတွေဆိုတာကို တွေ့ခဲ့ရပါတယ်။
နောက်ထပ်ပို့မယ့် ဖုန်းတွေကိုလည်း ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့ပြီး အရာရှိတွေကတော့ ပစ္စည်းထုပ်ပေါ်မှာတွေ့ရတဲ့ သဲလွန်စတွေကို ဆေးမှုခင်း စစ်ဆေးမှုတွေအရ အမျိုးသား ၂ ဦးနဲ့ ဆက်နွှယ်နေတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီအမျိုးသား ၂ ဦးကို အခြေခံပြီး ဆက်စုံစမ်းတဲ့အခါမှာတော့ ရဲတပ်ဖွဲ့ဟာ လမ်းပေါ်မှာ ကြားဖြတ် ဖမ်းဆီးတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။ လမ်းပေါ်မှာ ကားကို ဖမ်းဆီးချိန် ခဲပြားတွေနဲ့ ပတ်ထားတဲ့ ဖုန်းတွေကို ရဲတပ်ဖွဲ့က တွေ့ခဲ့ပါတယ်။ ခိုးထားတဲ့ပစ္စည်းတွေကို နောက်ယောင်ခံ မလိုက်နိုင်အောင် ခဲပတ်ပြားတွေနဲ့ ထုပ်ပိုးသယ်ယူခဲ့တာဖြစ်ပါတယ်။
ဒီအမျိုးသား ၂ ဦးစလုံးဟာ အသက် ၃၀ ဝန်းကျင် အာဖဂန်နိုင်ငံသားတွေဖြစ်ပါတယ်။ အခုတော့ သူတို့ကို ခိုးရာပါပစ္စည်းကို လက်ခံမှုနဲ့ ရာဇဝတ်ကြောင်းမကင်းတဲ့ပစ္စည်းတွေကို ဖျောက်ဖျက်မှု ဒါမှမဟုတ် ဖယ်ရှားမှုတွေနဲ့လည်း တရားစွဲထားပါတယ်။
သူတို့ကို ရဲက ကြားဖြတ်ဟန့်တားလိုက်တဲ့အခါ သူတို့ကားထဲမှာ ဒါဇင်နဲ့ချီတဲ့ဖုန်းတွေတွေ့ခဲ့ရပြီး သူတို့နဲ့ဆက်နွှယ်တဲ့ နောက်ထပ် အဆောက်အဦတွေထဲကနေ နောက်ထပ် ဖုန်းအလုံးရေ နှစ်ထောင်ကျော်ကိုလည်း ရဲက တွေ့ခဲ့ပါတယ်။
နောက်ထပ် ၃ ယောက်မြောက်အမျိုးသားတစ်ဦးလည်း ဒီဖြစ်ရပ်နဲ့ဆက်နွှယ်မှုနဲ့ အလားတူ အမှုတွေနဲ့ပဲ တရားစွဲခံထားရပါတယ်။ သူကတော့ အသက် ၂၉ နှစ်အရွယ် အိန္ဒိယ နိုင်ငံသားဖြစ်ပါတယ်။
စုံစမ်းထောက်လှမ်းရေးမှူး ဂယ်ဗင်ကတော့ ''ဖုန်းတွေကို ဘယ်ပို့မယ်ဆိုတာမျိုးကို စုံစမ်းစစ်ဆေးမှု အစအနေနဲ့ တွေ့ခဲ့ရတယ်။ အဲဒါကပဲ နိုင်ငံတကာအထိ ဂိုဏ်းအဆင့်ပါဝင်မှု ပြသနေတယ်။ ဒီလိုပို့နေတာ လန်ဒန်မြို့မှာ အခိုးခံလိုက်ရတဲ့ဖုန်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းအထိ ပြည်ပကို ပို့နေတာ''
ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ရဲအရာရှိတွေဟာ ခိုးမှုနဲ့ မသင်္ကာသူ နောက်ထပ် ၁၅ ဦးကို ဖမ်းခဲ့ပါတယ်။ ခိုးထားတဲ့ပစ္စည်းတွေနဲ့အတူ ခိုးဖို့ ကြံမှုနဲ့ပါ ဖမ်းတာပါ။
ဒီမသင်္ကာသူတွေထဲမှာတော့ အမျိုးသမီးတစ်ယောက်ပဲ ပါဝင်ပါတယ်။ သူက ဘယ်လာရုဇ် နိုင်ငံသားပါ။ မနက်ခင်း အစောပိုင်းပြုလုပ်ခဲ့တဲ့စီးနင်းမှုတွေမှာ ဖုန်းအလုံးရေ ၃၀ ခန့်ကိုလည်း တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း လန်ဒန်မှာ ဖုန်းတွေ အခိုးခံရတဲ့ပမာဏဟာ ၃ ဆအထိ မြင့်တက်ခဲ့ပါတယ်။ ၂၀၂၀ မှာ အလုံးရေ ၂၈၆၀၉ လုံး အခိုးခံခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာ ၈၀၅၈၈ လုံး အခိုးခံခဲ့ရပါတယ်။ အဲဒီထဲက သုံးပုံ တစ်ပုံဟာ လန်ဒန်မြို့ထဲမှာပဲ အခိုးခံခဲ့ရတာဖြစ်ပါတယ်။
လန်ဒန်ကို လူ သန်း ၂၀ ကျော် နှစ်စဥ် လာရောက်လည်ပတ်လေ့ရှိပါတယ်။ ခရီးသွားတွေ အသွားအလာများတဲ့ West End နဲ့ ဝက်မင်စတာတို့လိုနေရာတွေဟာ ဖုန်းအနှိုက်ခံရ၊ ဖုန်းအခိုးခံရတဲ့နေရာတွေဖြစ်ပါတယ်။
အမျိုးသားစာရင်းအင်းရုံးရဲ့နောက်ဆုံးအချက်အလက်တွေအရ အင်္ဂလန်နဲ့ ဝေလတို့မှာ အခုနှစ် မတ်လကုန်ပိုင်းအရောက် ခိုးမှုဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ဒါဟာ ၂၀၀၃ ခုနှစ်ကတည်းက ဆိုရင် အမြင့်ဆုံးနှုန်း ဖြစ်လာပါတယ်။
ဗြိတိန်မှာရော ပြည်ပမှာပါ တစ်ပတ်ရစ်ဖုန်းတွေကို လိုလိုလားလား အသုံးပြုလာကြတာတွေဟာ အခုလို ခိုးမှုတွေမြင့်တက်လာရတဲ့အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ပြီးတော့ ဖုန်းအခိုးခံလိုက်ရသူ အများစုဟာ ပြန်မရကြတာလည်းများပါတယ်။
'' ရာဇဝတ်မှုကျူးလွန်သူအချို့ဟာ ဆေးရောင်း ဆေးဝယ်လုပ်တာကို ရပ်သွားကြပြီး မျိုးမျိုးမြတ်မြတ်ရတဲ့ ဖုန်းလိုင်းဘက်ကို ကူးသွားကြတယ်'' လို့ ရဲမင်းကြီး ဆာရာဂျုန်းစ်က ပြောပါတယ်။
'' ဖုန်းတစ်လုံးကို ခိုးလိုက်ပြီး အဲဒီဖုန်းက ပေါင်ငွေ ရာချီတန်တယ်လို့ သိသွားတဲ့အခါမှာ ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ရှေ့ခြေတစ်လှမ်းသာပြီး ရာဇဝတ်မှုအသစ်တွေကို လုပ်ဖို့ကို ယိမ်းသွားကြတယ်''
ဗြိတိန်အကြီးတန်း အရာရှိတွေကတော့ ရာဇဝတ်ဂိုဏ်းတွေဟာ ပြည်ပမှာလည်း ရောင်းအား ဝယ်အား မြတ်အားကောင်းတဲ့ အက်ပဲ ထုတ်ကုန်တွေကို ပိုပြီး ပစ်မှတ်ထားတယ်လို့ပြောကြပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့ရုံး စုံစမ်းစစ်ဆေးမှုမှာတော့ လမ်းပေါ်က ခိုးသူတွေဟာ နားကြပ်တစ်ရံကို ပေါင်ငွေ ၃၀၀ ရပြီး ခိုးရာပါ ပစ္စည်းတွေဟာ တရုတ်မှာ တစ်ခုကို ပေါင် ၄၀၀၀ လောက်အထိ စျေးပြန်ရတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အင်တာနက်စွမ်းဆောင်ရည်ပိုင်းနဲ့ တရုတ်ပြည်ထဲ အင်တာနက် ပိတ်ပင်မှုကို ကျော်လွှားနိုင်တဲ့လုပ်ဆောင်ချက်တွေကြောင့်ဖြစ်ပါတယ်။
ဖုန်းတွေကို အခိုးခံရမှုကို ဦးဆောင်ကိုင်တွယ်ဖြေရှင်းတဲ့ လန်ဒန်မြို့ ရဲတပ်ဖွဲ့မှူးရုံးက တပ်မှူး အန်ဒရူး ဖားသားစတုန်းကတော့ '' ဒါက ဗြိတိန်မှာ မိုဘိုင်းဖုန်း အခိုးခံရမှုနဲ့ပတ်သက်ပြီး အကြီးမားဆုံးနှိမ်နင်းမှုဖြစ်သလို လုယက် ဓားပြမှုနဲ့ပတ်သက်ပြီး လန်ဒန်ရဲတပ်ဖွဲ့မှူးရုံးက လုပ်ဖူးသမျှ စစ်ဆင်ရေးတွေထဲ သိပ်ကို ထူးခြားတယ်''
''လမ်းပေါ် အဆင့်ကနေ နိုင်ငံတကာအဆင့်အထိ အုပ်စုဖွဲ့ကျူးလွန်တဲ့ရာဇဝတ်မှုအဖွဲ့တွေအထိ အဆင့်ဆင့် ဖြိုချလိုက်တာလည်းဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ အခိုးခံရတဲ့ထောင်သောင်းချီတဲ့ ဖုန်းတွေနဲ့ အီလက်ထရောနစ် ပစ္စည်းကိရိယာတွေကို နှစ်စဥ် ပြည်ပပို့ ခိုးထုတ်နေကြတာ''
ဖုန်းအခိုးခံလိုက်ရသူအများစုကတော့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့ အပါအဝင် ရဲရဲ့လုပ်ထုံးလုပ်နည်းပိုင်းဟာ စိတ်ကျေနပ်စရာ အဆင့် မဟုတ်သေးဘူးလို့ မှတ်ယူကြပါတယ်။
ဖုန်းပျောက်သူတွေကတော့ သူတို့ ပစ္စည်းတွေပျောက်သွားတဲ့အခါ အက်ပဲ ဖုန်းတွေမှာပါတဲ့ ဖုန်းပျောက်သွားရင် ဖုန်းရောက်နေတဲ့နေရာကို ထောက်လှမ်းကြည့်နိုင်တဲ့နည်းပညာမျိုးနဲ့ တကယ့်တည်နေရာတေကို စောင့်ကြည့်တာမျိုးလို တိုင်တန်းချက်တွေကို ရဲက အချိန်နဲ့တပြေးညီ မလုပ်ပေးဘူးလို့ စောဒက တက်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အသက် ၂၉ နှစ်အရွယ် နာတာလီ မစ်ချဲဟာ လန်ဒန်မြို့လယ်က အောက်စဖို့ လမ်းမှာ ဖုန်းအခိုးခံလိုက်ရပါတယ်။ မြို့တော်ကို လာလည်တုန်း ဒီလိုကြုံရလို့ အတော် စိတ်ဆိုးတယ်လို့လည်း သူက ပြောပါတယ်။
''ဒီကိုရောက်တာလေ သိပ်ကို စိတ်ခြောက်ခြားစရာပါပဲ။ ကိုယ့်ဘေးမှာ ဘယ်သူရှိလဲဆိုတာလည်း မသိနိုင်ဘူး။ အိတ်ကိုလည်း နှိုက်မှာစိတ်ပူရ။ ဖုန်းကိုလည်း စိတ်ပူရနဲ့'' လို့ သူက ပြောပါတယ်။
''မြို့တော်ရဲတပ်ဖွဲ့အနေနဲ့ ဒီထက် အလုပ်ပိုလုပ်သင့်တယ်လို့ထင်တယ်။ ပြီးတော့ စီစီတီဗီတွေလည်း ပိုပြီဂ တပ်သင်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အသွင်ယူရဲ အနေနဲ့ ဖြန့်ကြက်တာမျိုးလည်း ဖြစ်သင့်တယ်''
''အခိုးခံရတဲ့ဖြစ်ရပ်တွေကလည်း များ၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်ရသူတွေကလည်းများလို့ ခိုးမှုတွေအကုန်လုံးကို နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်တာမျိုး မရှိဘူး ထင်ပါတယ်''
မြို့တော် ရဲတပ်ဖွဲ့ကတော့ တစ်တော့နဲ့ တခြားမီဒီယာပလက်ဖောင်းတွေကနေ ဖုန်းနှိုက်သူတွေကို ရဲက ကိုင်တွယ်ဖြေရှင်းနေတဲ့ ဗီဒီယိုတွေကို တင်နေပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာဓားပြတိုက်မှု ၁၃ ရာခိုင်နှုန်းကျသွားပြီး ခိုးမှုဟာ လန်ဒန်မှာ အခုဆိုရင် ၁၄ ရာခိုင်နှုန်း အထိ ကျသွားပါတယ်။ ဖုန်း နှိုက်တာလိုမျိုး ရာဇဝတ်မှုတွေကို အာရုံထားဖြေရှင်းဖို့ West End မှာ အရာရှိ ၈၀ ကျော် ဖြန့်ကြက်ထားမယ်လို့ ပြောပါတယ်။
မြို့တော်ရဲတပ်ဖွဲ့ဟာ လာမယ့် ၁ နှစ်အတွင်း အသုံးစရိတ် ပေါင်ငွေ သန်း ၂၆၀ ကို လျှော့ချခံရမှာဖြစ်လို့ အရာရှိပေါင်း ၂ ထောင်နီးပါးကို ဆုံးရှုံးရမှာဖြစ်သလို ဝန်ဆောင်မှုအချို့လည်း ဖြတ်တောက်ရဖို့ရှိနေပါတယ်။