ကရင်းမ် ခန်း - နေတန်ရာဟုနဲ့ ပူတင်ကို ဖမ်းချင်တဲ့ အိုင်စီစီ ရှေ့နေ

အစ္စမေးလ် ရှိတ်ခ်

ဘီဘီစီ အူရဒူဌာန

အစ္စရေး ဝန်ကြီးချုပ်၊ အစ္စရေး ကာကွယ်ရေးဝန်ကြီးနဲ့ ဟားမတ်စ် ခေါင်းဆောင် တွေကို စစ်ရာဇဝတ်မှု၊ လူအမြောက်အမြားအပေါ် ရာဇဝတ်ကျူးလွန်မှု (crimes against humanity) တို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (International Criminal Court - ICC) က ဖမ်းဝရမ်းတောင်းခံနေပါတယ်။

ဒီအမှုကိစ္စတွေအတွက် အိုင်စီစီရဲ့ အကျိုးဆောင်ရှေ့နေချုပ်က ကရင်းမ် အာဆတ် အာမက် ခန်းဖြစ်ပြီး သူက ပါကစ္စတန်နွယ်ဖွား တယောက်ပါ။

အိုင်စီစီ တရားရုံးကိုတင်သွင်းတဲ့ သူ့လျှောက်ထားချက်မှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု နဲ့ ဂါဇာက ဟားမတ်စ် ခေါင်းဆောင် ရာဟာ ဆင်ဝါ တို့ဟာ စစ်ရာဇဝတ်မှုနဲ့ လူအမြောက်အမြားကို ရာဇဝတ်ကျူးလွန်မှုတွေအတွက် တာဝန် ရှိသူ တွေဖြစ်ကြောင်း ”ယုံကြည်နိုင်လောက်တဲ့ အကြောင်းအချက်” တွေ သူ့ ဆီမှာ ရထားတယ်လို့ ခန်းက ဆိုပါတယ်။

ခန်းက ဟားမက်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီရာ၊ မိုဟာမက် အယ် မာဆာရီ၊ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂလန့်တို့ကိုလည်း အလားတူ အမှုတွေနဲ့ ဖမ်းဝရမ်း တောင်းခံထားပါတယ်။

သူ့ကို ဖမ်းဖို့ဆိုတဲ့ ခန်းရဲ့ လျှောက်ထားချက်ကို အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက “ယုတ္တိမတန်တဲ့ အလွဲအမှား” တွေလို့ ဆိုကာ အစ္စရေးနဲ့ ဟားမတ်စ်ကို တုနှိုင်းပြော နေတာကလည်း “အမှန်တရားကို ပုံဖျက်နေတာ” လို့ ပြောပြီး ပယ်ချခဲ့ပါတယ်။

ကရင်းမ် အာဆတ် အာမက် ခန်း က ဘယ်သူပါလဲ။

အီဒင်ဘာရာကနေ အိုင်စီစီအထိ ခရီး

ကရင်းမ် အာဆတ် အာမက် ခန်းဟာ စကော့တလန်၊ အီဒင်ဘာရာမြို့မှာ ၁၉၇၀ ခုနှစ် မတ်လ ၃၀ ရက်နေ့က မွေးဖွားခဲ့သူပါ။

သူ့အဖေဖြစ်သူ ‌ဒေါက်တာ ဆာအစ် အာမက်က ပါကစ္စတန်နိုင်ငံသားပါ။ ၁၉၆၀ နှစ်တွေ အတွင်းမှာ သူ့အဖေက ပါကစ္စတန်ကနေ ဗြိတိန်ကို ရွှေ့ပြောင်းလာခဲ့ ပါတယ်။ အာဆတ် ခန်းရဲ့ မိခင်ကတော့ ဗြိတိန်နိုင်ငံသူပါ။

ခန်းဟာ လန်ဒန်က ကင်းစ် ကောလိပ် (King's College )ကနေ ဥပဒေဘွဲ့ ရပြီး ၁၉၉၂ မှာ တရားရေးဝန်ထမ်းအလုပ်တွေ စတင်လုပ်ကိုင်ပါတယ်။

သူက လန်ဒန်မြို့ အခြေစိုက် ရှေ့နေလုပ်ငန်းအဖွဲ့တဖွဲ့ဖြစ်တဲ့ Temple Garden Chambers မှာ အလုပ်လုပ်ခဲပါတယ်။ နိုင်ငံတကာ ရာဇဝတ် ဥပ‌ဒေ၊ လူ့အခွင့်အရေး ဥပဒေ ဆိုင်ရာ ရှေ့နေ အလုပ်တွေကို နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိခဲ့သူပါ။

ပြည်တွင်းတရားရုံးတွေ နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးတွေမှာ အကျိုးဆောင်ရှေ့နေ၊ ခံရသူရဲ့ အတိုင်ပင်ခံရှေ့နေ၊ တရားခံ ရှေ့နေ စတဲ့ အလုပ်တွေမှာ အတွေ့အကြုံများစွာ ရှိတဲ့ အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (အိုင်စီစီ)၊ ရဝမ်ဒါနဲ့ ပတ်သက်တဲ့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ် ခုံရုံး၊ ယူဂိုဆလား ဗီးယား နိုင်ငံဟောင်းနဲ့ ပတ်သက်တဲ့ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ ကမ္ဘော ဒီးယား အထူးတရားရုံး၊ လက်ဘနွန်ဆိုင်ရာ အထူး တရားရုံး၊ ဆီရာလီယွန်း ဆိုင်ရာ အထူးခုံရုံးတို့နဲ့ ပတ်သက်ပြီးလည်း အတွေ့အကြုံ ရှိခဲ့သူပါ။

အရင် ယူဂိုဆလားဗီးယား အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးနဲ့ ရဝမ်ဒါ အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးတို့မှာ ၁၉၉၇ နဲ့ ၂၀၀၀ ခုနှစ်တွေအတွင်း တရားလိုဘက်က ဥပဒေကြောင်း အကြံပေးအဖြစ် ကရင်းမ် ခန်းက တာဝန် ထမ်း ဆောင်ခဲ့ပါတယ်။

ဂဒါဖီရဲ့ သားအတွက် တရားခံရှေ့နေအဖြစ် လုပ်ဆောင်ပေးခဲ့

ခန်းဟာ အိုင်စီစီမှာ ဦးဆောင်အတိုင်ပင်ခံ ရှေ့နေ အဖြစ် တာဝန်ယူခဲ့သလို ၂၀၁၆ နဲ့ ၂၀၁၈ ကြားမှာ လစ်ဗျား သမ္မတဟောင်း ကဒါဖီရဲ့ သားဖြစ်သူ ဆာအစ် အယ် အစ္စလာမ် အတွက် တရားခံရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

၂၀၁၇ နဲ့ ၂၀၁၈ ကြားမှာ အိုင်စီစီ ဘားကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း သူတာဝန်ယူ ခဲ့ပါတယ်။

သူက အာဖရိက ရှေ့နေ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ သံတမန်လည်း ဖြစ်ပါတယ်။

၂၀၁၈ မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သူ့ကို အထူးအကြံပေးအဖြစ်ခန့်အပ်ခဲ့ပြီး အီရတ်မှာ အိုင်အက်စ် (Islamic State) က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူအမြောက်အမြားကို ရာဇဝတ်ကျူးလွန်မှုတွေ ကို စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂ အဖွဲ့ ကို ဦး‌ဆောင်စေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က နယူးရော့ခ်မှာ ကျင်းပတဲ့ ရုမ်း စတက်ကျုအတွက် နိုင်ငံဆိုင်ရာ ညီလာခံ (Assembly of States Parties to the Rome Statute) မှာ ခန်းဟာ နိုင်ငံတကာ ရာဇဝတ် တရားရုံး (အိုင်စီစီ) ရဲ့ အကျိုးဆောင် ရှေ့နေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၂၁ ဇွန်လ ၁၆ ရက်မှာ အဲဒီ တာဝန်အတွက် ကျမ်းသစ္စာကျိန်ဆိုကာ စတင်ထမ်းဆောင်ခဲ့ပြီး သူ ဒီတာဝန်ကို ၉ နှစ် ထမ်းဆောင်ရမှာပါ။ သူဟာ ၂၀၀၂ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ အိုင်စီစီရဲ့ တတိယ မြောက် အကျိုးဆောင်ရှေ့နေလည်း ဖြစ်လာတာပါ။

အိုင်စီစီက ကမ္ဘာ့နိုင်ငံခေါင်းဆောင်တယောက်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာက ဒီတကြိမ်ဟာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ တနှစ်က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ရုရှား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီယာ လက်ဗိုဗာ ဘယ်လိုဗာကို အိုင်စီစီ ကိုယ်စား ဖမ်းဝရမ်း ထုတ်တဲ့အရေးမှာ ကရင်းမ် ခန်းက အကျိုးဆောင်ရှေ့နေ အဖြစ် တာဝန်ယူခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ထွက်ပြီး ရက်အနည်းငယ်အကြာမှာ ကရင်းမ် ခန်းနဲ့ အိုင်စီစီ တရားသူကြီး ၃ ယောက်ကို ရုရှားက စုံစမ်းစစ်ဆေးတာတွေ စပြီးလုပ်ခဲ့ပါတယ်။

ရုရှားက နောက်ပိုင်းမှာ အဲဒီဆုံးဖြတ်ချက်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ အိုင်စီစီ အရာရှိတွေကို “အလိုရှိတဲ့ ရာဇဝတ်သားတွေ” စာရင်းထဲ သွင်းခဲ့ပါတယ်။

အဖမ်းခံရမှာကို စိုးရိမ်တဲ့အတွက် ပူတင်က တောင်အာဖရိကနိုင်ငံမှာ လုပ်တဲ့ ဘရစ် (BRICS) ထိပ်သီးညီလာခံကို မသွားတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နေတန်ရာဟုနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ခန်းက ဘာ့ကြောင့် လျှောက်ထားတာလဲ

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ တိုက်ခိုက်မှုကို ခံခဲ့ရသူတွေကို ကရင်းမ် ခန်းနဲ့ သူ့ အဖွဲ့ဝင်တွေက အင်တာဗျူးပြီးတဲ့နောက် ဟားမတ်စ်ခေါင်းဆောင်တွေဟာ ဒီ တိုက်ခိုက်မှုကို အစီအစဉ်ဆွဲရာမှာ၊ တိုက်ခိုက်မှုကို လုပ်ဖို့ လှုံ့ဆော်ရာမှာ တာဝန်ရှိ ကြောင်း စွပ်စွဲထားပါတယ်။

ဟားမတ်စ်တို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ လူတွေကို အပျောက်ရှင်း သုတ်သင်မှု၊ လူသတ်မှု၊ ဒါးစာခံအဖြစ် ဖမ်းခေါ်မှု၊ မုဒိမ်းမှု၊ နှိပ်စက်မှုတွေ ပါဝင်တယ် လို့ ခန်းက ဆိုပါတယ်။

ငတ်မွတ်အောင်လုပ်တာကို စစ်လက်နက်သဖွယ် အသုံးပြုခဲ့တာ၊ အရပ်သားတွေကို စစ်ပြုတိုက်ခိုက်တာတွေက ဘင်ဂျမင် နေတန်ရာဟုနဲ့ ယိုအက်ဗ် ဂလန့် တို့မှာ တာဝန် ရှိကြောင်း အိုင်စီစီကနေ စွပ်စွဲထားပါတယ်။

“ရှင်သန်ကျန်ရစ်သူတွေနဲ့ အင်တာဗျူးတွေ၊ မျက်မြင်သက်သေတွေ၊ စစ်မှန်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ” အပါအဝင် အထောက်အထားတွေကို အခြေပြုပြီး အိုင်စီစီ အကျိုးဆောင်ရှေ့နေ ကရင်းမ် ခန်းက “ဂါဇာ အရပ်လေး မျက်နှာက အရပ်သားတွေ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တဲ့ မရှိမဖြစ် အရာတွေကို အစ္စရေးက ရည်ရွယ်ချက်ရှိရှိ စနစ်တကျ တားဆီးခဲ့တယ်” လို့ ပြောပါတယ်။

သူ့ တင်ပြချက်ထဲမှာ ခန်းက အစ္စရေးဟာ သူ့နိုင်ငံကို ကာကွယ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့ “အဲဒီအခွင့်အရေးဟာ အစ္စ‌ရေးကို နိုင်ငံတကာ ဥပဒေတွေကနေ ကင်းလွတ်ခွင့် ပေးထား တာမဟုတ်ဘူး” လို့ ထည့်သွင်းထားပါတယ်။

“မြေပြင်က စစ်သားဖြစ်ဖြစ်၊ တပ်မှူးပဲဖြစ်ဖြစ်၊ အရပ်သားခေါင်းဆောင်ပဲ ဖြစ်ဖြစ် ဥပဒေကနေ ကင်းလွတ်ခွင့်ရနေတာ မဟုတ်ဘူး” လို့ သူက ဆိုပါတယ်။ ခြွင်းချက် တွေထားလိုက်ရင် “ဒီ ဥပဒေတွေ ပြိုကျစေဖို့ အကြောင်းရင်းတွေကို ဖန်တီး လိုက်တာနဲ့ အတူတူပဲ” လို့လည်း ခန်းက ထည့်သွင်းရေးပါတယ်။

‘ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိ’

တလောလေးက လုပ်ခဲ့တဲ့ စီအန်အန်နဲ့ အင်တာဗျူးမှာ နှစ်ဘက်လုံးက အပြန်အလှန် စွပ်စွဲနေကြတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာကို သူ့ရဲ့ လျှောက်ထားချက်မှာ ဘာဖြစ် လို့ မထည့်သွင်းခဲ့လဲလို့ ခန်းကို မေးကြပါတယ်။

သူက “ဒါက ဆက်ပြီး‌တော့လုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုပါ” လို့ ပြန်ဖြေပါတယ်။ တရားသူကြီးတွေဆီတင်ထားတဲ့ အခုအဆင့် စွဲချက်တွေထဲမှာ ဂျီနိုဆိုက် - genocide လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ မပါဝင်ပါဘူး။

“ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေက ဆက်ပြီးလုပ်ဆဲပါ၊ အခြေအနေတွေက သိပ်ပြီးတော့လည်း ရှုပ်ထွေးပါတယ်” လို့ သူပြောပြီး ဂါဇာထဲကို ဝင်နိုင်ဖို့ အစ္စရေး အာဏာပိုင်တွေက သူတို့ကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။

အမှုစွဲဆိုနိုင်မယ့်အထိ အထောက်အထားတွေက ခိုင်လုံတယ်လို့ ခန်းက ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။

ဖမ်းဝရမ်းထုတ်ပေး၊ မပေးဆိုတာက အိုင်စီစီရဲ့ အမှုစွဲမတင်ခင် ကနဦး ကြားနာတဲ့ တရားသူကြီးအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပြီး လုပ်ငန်းစဉ်က သီတင်းပတ်တွေနဲ့ ချီပြီး ကြာနိုင်ပါတယ်။

အိုင်စီစီ တရားရေးလုပ်ငန်းစဉ်နဲ့ ဆုံးဖြတ်မှုတွေကို အမေရိကန်နဲ့ အစ္စရေးက မလိုက်နာပါဘူး။

ဒီ ဖမ်းဝရမ်းတွေ ထုတ်ဖို့ လျှောက်ထားတာကို “တော်တော်တရားလွန်နေပြီ” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ “အစ္စရေး နဲ့ ဟားမတ်စ်က ဘာမှ နှိုင်းလောက်စရာ မရှိဘူး” လို့လည်း သူက ပြောပါတယ်။

အိုင်စီစီ အကျိုးဆောင်ရှေ့နေချုပ်က အစ္စရေးအစိုးရ ထိပ်တန်းအရာရှိတွေကို အရေးယူမှုတွေလုပ်တော့မယ် ဆိုတဲ့ သတင်း ပြီးခဲ့တဲ့လက ထွက်လာခဲ့ပြီးတဲ့နောက် နေတန်ရာဟုက “ဒါက သမိုင်းဝင် ရာဇဝတ်မှုဖြစ်တော့မယ်" လို့ ဆိုကာ အစ္စရေးက “သူ့ကိုယ်ပိုင် လွတ်လပ်တဲ့ တရားရေး စနစ်ရှိပြီး ဥပဒေချိုးဖောက်မှုတွေကို ဖိဖိစီးစီး စုံစမ်းစစ်ဆေးလိမ့်မယ်" လို့ ပြောပါတယ်။

ထင်ရှားတဲ့ အစ္စရေး လူ့အခွင့်အရေး အဖွဲ့ B'Tselem က ဝရမ်းအရေးကို ကြည့်ရင် “အစ္စရေးဟာ ကျင့်ဝတ်အရ ထိုးဆင်းကျနေပြီဆိုတာကို ပြနေတယ်" လို့ ပြောပါတယ်။

နေတန်ရာဟု ရဲ့ မှတ်ချက်စကားနဲ့ပတ်သက်ပြီး ခန်းကို စီအန်အန် သတင်းတင်ဆက်သူက မေးတဲ့အခါ သူက “ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး" လို့ ပြန်ဖြေခဲ့ပါတယ်။