ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပူတင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်
နိုင်ငံတကာ ရာဇဝတ် တရားရုံး - အိုင်စီစီက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ယူကရိန်းက ကလေးတွေကို ရုရှားထဲကို ဥပဒေမဲ့ ပို့ပစ်တာ အပါအဝင် စစ်ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတယ်လို့ တရားရုံးက စွပ်စွဲထားပါတယ်။
ရုရှားက ယူကရိန်းကို စပြီး အပြည့်အဝကျူးကျော်ချိန် ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက် ကတည်းက ရာဇ၀တ်မှုတွေ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။
ကျူးကျော်မှုအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှား အစိုးရက ငြင်းထားပါတယ်။
ကလေးတွေကို နေရာရွှေ့ပြောင်းပစ်ရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်တယ်ဆိုတာ ခိုင်မာတဲ့ အချက်အလက်တွေ ရှိပြီး တခြားသူတွေနဲ့ ပူးပေါင်းပြီး လုပ်တာလည်း ရှိတယ် ဆိုပြီး အိုင်စီစီက ပူတင်ကို အရေးယူခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေကို နေရာရွှေ့ပြောင်းပစ်တာကို တားဆီးနိုင်တဲ့ အာဏာရှိလျက်သားနဲ့ တားဖို့ ပျက်ကွက်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရုရှား ကော်မရှင်နာ မာရီယာ အလက်ဆီယဲဗနာ လဗိုဗာ ဘယ်လိုဗာ ကိုလည်း အိုင်စီစီက အလိုရှိနေပါတယ်။
မစ္စတာ ပူတင်နဲ့ မစ္စ လဗိုဗာတို့ကို ဖမ်းဝရမ်း ထုတ်ပေမဲ့ စွပ်စွဲထားသူတွေကို ဖမ်းဆီးနိုင်တဲ့ အာဏာ အိုင်စီစီမှာ မရှိပါဘူး။ တရားရုံးနဲ့ သဘောတူညီချက်လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေနဲ့သာ ဒီတရားစီရင်မှုကို ကျင့်သုံးနိုင်မှာပါ။
ရုရှားဟာ ဒီသဘောတူစာချုပ် လက်မှတ်ထိုးမထားတဲ့အတွက် မစ္စတာပူတင်ကို ဖမ်းဆီး လွှဲပြောင်းပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။