ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အောင်မြင်မှုနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လောက်အထိ သိလာရပြီလဲ

ဓာတ်ပုံ ရင်းမြစ်, PA Media
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ယူကေနိုင်ငံ ကော်ဗင်ထရီမြို့က မာဂရက် ကီနန်ဆိုတဲ့ အမျိုးသမီးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်ဆေးထိုးမှု မဟုတ်တဲ့ လက်တွေ့ အတည်ပြု ကာကွယ်ဆေးထိုးမှုကို ခံယူခဲ့ပါတယ်။
အဲဒီ အချိန်ကစပြီး လက်ရှိ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အရောက် ၂ နှစ်ပြည့်လာချိန်မှာ ကြားထဲမှာ ပေါ်လာခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးရဲ့ ထိရောက်မှုနဲ့ ဘေးထွက်ဆေးကျိုးတွေကို ထပ်မံ သိရသလောက် လေ့လာ ကြည့်သင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ် ကာကွယ်ဆေးတွေရဲ့ လက်တွေ့ သက်ရောက်ပုံ
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ မှာ နိုင်ငံတကာ ဓနသဟာယအသင်းရဲ့ ရန်ပုံငွေနဲ့ အမေရိကန်နိုင်ငံ ယေးလ် တက္ကသိုလ်ကနေ သိပ္ပံပညာရှင်တွေကို ဖိတ်ခေါ်ပြီး ကိုဗစ်ကာကွယ်ဆေးဆိုင်ရာ စစ်တမ်းကောက်ယူ သုတေသနတခု ပြုလုပ်ခဲ့ပါတယ်။
ဒီသုတေသနမှာ ကိုဗစ်အတွက် ကာကွယ်ဆေးသာ မပေါ်လာခဲ့ရင် ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကို လေ့လာခဲ့ရာမှာ အမေရိကန်တနိုင်ငံတည်းမှာတင် ကိုဗစ်ကာကွယ်ဆေးသာ မရှိခဲ့ရင် အမှန်တကယ်သေခဲ့ပြီးတဲ့ လူအရေအတွက်ထက် လေးဆ ပိုမို သေဆုံးနိုင်တယ် ဆိုတာကို လေ့လာတွေ့ ရှိခဲ့ရပါတယ်။
ဒီသုတေသနအရ အမေရိကန်တနိုင်ငံတည်းမှာတင် ကိုဗစ်ကာကွယ်ဆေး မရှိခဲ့ဘူးဆိုရင် ကိုဗစ်ကြောင့် လူပေါင်း ၁၈.၅ သန်းအထိ ဆေးရုံတက်ရသူ ရှိသွားနိုင်ပြီး အမေရိကန်နိုင်ငံအတွက် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်လောက် အမေရိကန်ဒေါ်လာ ဘီလျံ တထောင်ကျော်လောက် ပိုကုန်နိုင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကိုဗစ်ကာကွယ်ဆေး စထိုးနိုင်ခဲ့တဲ့ ဘရာဇီးနိုင်ငံဆိုရင်လည်း ကိုဗစ်ဒဏ် အခံရဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့တာနဲ့ အညီ ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကိုပါ ပိုပြီး ထင်ထင်ရှားရှား တွေ့ ခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဘရာဇီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လကုန်နဲ့ ဧပြီလဆန်းအကြား ကိုဗစ်ကြောင့် နေ့ စဉ် သေဆုံးမှုနှုန်းက တရက်ကို ၃၀ဝ၀ ကျော်တဲ့အထိ ရှိလာခဲ့ရာမှာ အဲဒီနောက်ပိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်မှု နှုန်းတက်လာတာနဲ့ အမျှ ဒီ သေဆုံးနှုန်းက သိသိသာသာ ကျသွားခဲ့တာကို တွေ့ ခဲ့ရပါတယ်။
ဒါ့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကိုဗစ်မျိုးကွဲ တမျိုးဖြစ်တဲ့ အိုမီခရွန် ကိုဗစ်လှိုင်းက ဘရာဇီးကို ဝင်လာခဲ့တဲ့အချိန်မှာလည်း နေ့ စဉ်အများဆုံး သေဆုံးနှုန်းက ၉၅၀ ရှိခဲ့ပြီး ယခင် ကိုဗစ်ကာကွယ်ဆေး များများမထိုးနိုင်ခင်ကာလက စံချိန်ထက် သုံးပုံ တပုံသာ နေ့ စဉ်သေဆုံးနှုန်း တက်ခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဘာတွေထပ်သိရပြီလဲ
ကိုဗစ်ကာကွယ်ဆေး အမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးတွေကို ပြီခဲ့တဲ့ နှစ်နှစ်အတွင်း စည်းကြပ်အဖွဲ့ အစည်းတွေနဲ့ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက အသေအချာ လေ့လာနေခဲ့ရာမှာ အများဆုံးတွေ့ ရတတ်တဲ့ ဆိုးကျိုးတွေကို တွေ့ ရှိလာရပါတယ်။
အဲဒီအထဲမှာ ဆေးထိုးခံရတဲ့ နေရာမှာ နာကျင်နေခြင်း၊ ပင်ပန်းနေခြင်း၊ ခေါင်းနဲ့ ခန္ဓာကိုယ် ကိုက်ခဲခြင်း၊ ဖျားခြင်း၊ နေထိုင်မကောင်းခြင်းနဲ့ အော့အန်ခြင်းတို့ လည်း အပါအဝင် ဖြစ်ပါတယ်။
ယူကေအစိုးရရဲ့ ထုတ်ပြန်ချက်အရဆိုရင် အလွန်ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုမျိုးက အလွန်ရှားပါးပြီး အများစု ခံရတဲ့ ဘေးထွက်ဆိုးကျိုးတွေက အပျော့စားတွေသာ ဖြစ်သလို အများအားဖြင့် တပတ်လောက်သာ ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။
အခုလို အလွန်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ ရှိချက်တွေကို အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနက မှတ်တမ်းတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို မှတ်တမ်းတင်ခဲ့ရာမှာ anaphylaxis လို့ ခေါ်တဲ့ ဆေးနဲ့ ဓာတ်မတဲ့မှု ဖြစ်ခြင်းက ဆေး တသန်း ထိုးမှုမှာ ငါးကြိမ်နှုန်း၊ ဂျွန်ဆင် အန် ဂျွန်ဆင် ကုမ္ပဏီထုတ် ဂျန်ဆင် ကိုဗစ်ကာကွယ်ဆေးကြောင့် ဖြစ်တဲ့ သွေးခဲစေတဲ့ thrombosis ဘေးထွက်ဆိုးကျိုး ဖြစ်မှုက ဆေး တသန်းထိုးမှုမှာ လေးကြိမ်နှုန်း၊ ဒီ ဂျန်ဆင် ကိုဗစ်ကာကွယ်ဆေးကြောင့်ပဲ ဖြစ်တတ်တဲ့ အာရုံကြောထိခိုက်စေမှု Guillain-Barre syndrome ဘေးထွက်ဆိုးကျိုးက အသက် ငါးဆယ်ကျော်တွေမှာ ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေး ထိုးသူတွေထက် နည်းနည်း များနေမှု တို့ လည်း အပါအဝင် ဖြစ်ပါတယ်။
ဒါ့အပြင် ဖိုင်ဇာ ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အတွင်း ထိုးမယ်ဆိုရင် နှလုံးရောင်စေမှု myocarditis and pericarditis ဘေးထွက်ဆိုးကျိုးက ဆေး တသန်း ထိုးမှုမှာ အကြိမ် ၇၀ လောက် နှုန်း၊ ၁၆ နှစ်ကနေ ၁၇ နှစ်အတွင်း ထိုးရင် အလားတူ ဆိုးကျိုး ဖြစ်မှု နှုန်းက အကြိမ်တသန်းမှာ ၁၀၅.၉ ကြိမ်နှုန်း၊ ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်းဆိုရင် အလားတူ အကြိမ်တသန်းမှာ ၅၂.၄ ကြိမ်နှုန်း ဘေးထွက်ဆိုးကျိုး ရှိစေတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးထိုးအပြီး သေဆုံးမှုနှုန်းကို ကြည့်တဲ့အခါမှာလည်း ဆေးထိုးပြီးနောက်ပိုင်း သေဆုံးမှုနှုန်းက ဝ.ဝ၀၂၇ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။
ဆိုလိုတာကတော့ အမေရိကန်နိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ စထိုးတဲ့ အချိန်ကစပြီး ၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး အလုံး ၆၅၇ သန်း ထိုးအပြီးမှာသေဆုံးသူ ဦးရေက ၁၇၈၀ဝ ရှိတာကို တွေ့ ရပါတယ်။
အဲဒီ သေဆုံးတဲ့အရေအတွက်မှာ ကိုဗစ်ကာကွယ်ဆေးကြောင့်မဟုတ်ပဲ သေဆုံးရတဲ့ တိုက်ရိုက်အကြောင်းတရား သီးသန့် ရှိရင်တောင်မှ ထည့်တွက်ထားတဲ့ ပမာဏ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ ဆေးမှတ်တမ်းတွေနဲ့ သေဆုံးအပြီး စစ်ဆေးမှုတွေအရ ဂျန်ဆင် ကိုဗစ်ကာကွယ်ဆေးကြောင့်လို့ ပြောနိုင်တဲ့ လူသေဆုံးရမှုကတော့ အထိုးခံရတဲ့ စုစုပေါင်း လူ ၁၉ သန်းနီးပါးထဲက ကိုးယောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ ဆေးပညာရှင်တွေကတော့ ဒီကိန်းဂဏန်းတွေအရ ဆိုရင် ကိုဗစ် ကာကွယ်ဆေးကြောင့် ရှားရှားပါးပါး ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ရရှိတဲ့ အကျိုးကျေးဇူးချင်း နှိုင်းယှဉ်မယ်ဆိုရင် အကျိုးကျေးဇူးက အများကြီးကို ပိုတယ်လို့ လည်း ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ အနာဂတ်
ကမ္ဘာပေါ်မှာ ကိုဗစ်ကာကွယ်ဆေးတွေ လက်တွေ့ ထိုးပေးလာတာ ၂ နှစ် ကျော်လာပြီ ဆိုပေမယ့် စိန်ခေါ်မှုတွေ ရှိနေသေးပြီး ဒီကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ဆက်လက် ထိန်းချုပ်နေဖို့ လိုနေသေးတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။
ကူးစက်ရောဂါနဲ့ ကာကွယ်ဆေးဆိုင်ရာ ပညာရှင် အန်ဒရေး ရီးဘတ်စ် ဖရေးတားစ်က ဆိုရင် ကမ္ဘာတဝန်း အနေနဲ့ ကြည့်ရင် တချို့ နိုင်ငံတွေက ကိုဗစ်ကာကွယ်ဆေး ဖြန့်ကြက် ထိုးထားနိုင်မှု အပိုင်းမှာ အများကြီး နောက်ကျကျန်နေသေးတဲ့ နိုင်ငံတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဥပမာအားဖြင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေတာ လေးနှစ်လောက် ကြာနေပြီ ဖြစ်တဲ့ ဟေတီနိုင်ငံကို ကြည့်မယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး တင်းပြည့်ကျပ်ပြည့် နှစ်ကြိမ်ထိုးထားသူက စုစုပေါင်း လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ ရပါတယ်။
ဟေတီလိုပဲ အလားတူ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူက စုစုပေါင်း လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ရှိတဲ့ နိုင်ငံကတော့ ပြည်တွင်းစစ် ဖြစ်ပွားနေဆဲ ဖြစ်တဲ့ ယီမင်နိုင်ငံဖြစ်ပြီး အလားတူ ရာခိုင်နှုန်းနည်းတဲ့ နိုင်ငံတွေကတော့ ကွန်ဂို (၄ ရာခိုင်နှုန်း)၊ မာလီ (၁၂ ရာခိုင်နှုန်း)၊ အယ်လ်ဂျီးရီးယား (၁၅ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။
ကိုဗစ် ကူးစက်ပျံ့ ပွားမှု နှုန်းထားကို ထိန်းချုပ်ထားဖို့ အရေးကြီးရာမှာ ကူးနှုန်း ဆက်လက် မြင့်တက်နေသေးရင် ပိုမို ကူးစက်နှုန်းမြင့်တဲ့ မျိုးကွဲတွေ၊ အန္တရာယ် ပိုဖြစ်စေနိုင်တဲ့ မျိုးကွဲတွေ ပေါ်လာနိုင်တဲ့ အန္တရာယ်ကလည်း စိုးရိမ်စရာ ဆက်ရှိနေသေးတယ်လို့ မစ္စတာ ဖရေးတားစ်က ပြောဆိုထားခဲ့ပါတယ်။








