တရုတ်ဆန္ဒပြပွဲ - တရုတ်ပြည်က အသက်ကြီးတဲ့သူတွေ ကာကွယ်ဆေးထိုးဖို့ ဘာအခက် အခဲဖြစ်နေတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ၊ Reality Check team
တရုတ်ပြည်မှာ ကိုဗစ် ကန့်သတ်ချက်တွေကို ဆန့်ကျင်တဲ့ မကြုံစဖူး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပြီး၊ သက်ကြီးရွယ်အိုတွေအတွက် ကာကွယ်ဆေးထိုးတာတွေ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုး ထားတဲ့နှုန်းလျော့ နည်းနေတဲ့အချက်ကလည်း သူတို့ချမှတ်ထားတဲ့ ကိုဗစ်လုံးဝကင်းစင်ရေး Zero-Covid မဟာဗျူဟာကို ဖြေလျှော့ ပေးဖို့ကိစ္စအတွက် အဓိက အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။
အသက်ကြီးတဲ့သူ ဘယ်လောက်ကို ကာကွယ်ဆေး ထိုးပေးထားပြီးပြီလဲ
တရုတ်နိုင်ငံမှာ အသက်ငယ်ရွယ်သူတွေနဲ့ နှိုင်းယှဉ်လိုက်ရင်၊ ဗိုင်းရပ်စ်ကြောင့် အပြင်းဖျားတာ သို့မဟုတ် သေဆုံးနိုင်ခြေများတဲ့ သက်ကြီးရွယ်အိုတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးထားတဲ့နှုန်းထားက အတော်လေးနည်းနေတာ တွေ့ရပါတယ်။
အခုနှစ် ဧပြီလက တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အသက်၈၀ ကျော်တဲ့သူ ၂၀% ခန့်နဲ့ အသက်၇၀နဲ့၇၉နှစ်ကြား ၅၀% အောက်ကိုပဲ ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်နဲ့ booster တစ်ကြိမ် ထိုးထားတာရှိပါတယ်။
ကိုဗစ် လော့ဒေါင်းတင်းကျပ်လွန်းတာကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်း ဖြစ်ပွားနေချိန်မှာ၊တရုတ်အာဏာပိုင်တွေ နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်း တွေအရ အသက်၈၀ကျော်အရွယ်တွေကို ကာကွယ်ဆေးထိုးထားတဲ့ နှုန်းက ၄၀% ခန့်အထိ သိသိသာသာ ခုန်တက်လာတာ တွေ့ရပါတယ်။

တရုတ်ပြည်မှာ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးထားတဲ့နှုန်းက ဥပမာ အားဖြင့် အမေရိကန်နိုင်ငံနဲ့ ယူကေနိုင်ငံတွေနဲ့နှိုင်းယှဥ်လိုက်ရင် သိသိသာသာ လျော့ နည်းနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုဝင်ဘာလက ယူကေနိုင်ငံရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏာန်းတွေအရ အသက်၈၀နဲ့ အထက်(အင်္ဂလန်မှာ နေထိုင်သူ)၈၀% ခန့်ဟာ လွန်ခဲ့တဲ့သုံးလအတွင်းမှာ booster တွေ တောင်ထိုးပြီးကြပြီလို့ သိရပါတယ်။
သူတို့နိုင်ငံက သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေး တိုးမြှင့် ထိုးပေးသွားမယ့် အစီအစဉ်ကိုလည်း တရုတ်နိုင်ငံက ကြေညာထားပါတယ်။
လာမယ့် ဇန်နဝါရီလကုန်နောက်ဆုံး အသက်၈၀ကျော် ၉၀%ကို ကာကွယ် ဆေးနှစ်ကြိမ်(သို့မဟုတ်) boosterတစ်ကြိမ်ထိုးပြီးသွားတဲ့အခြေအနေရောက်အောင် လုပ်ဆောင်ဖို့ရည်မှန်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အသက်ကြီးတဲ့သူ အများစု ဘာကြောင့် ကာကွယ်ဆေး မထိုးကြတာလဲ
သက်ကြီးရွယ်အိုတွေ ကာကွယ်ဆေးထိုးဖို့ တွန့်ဆုတ်နေတာက ပြဿနာ တစ်ခုဖြစ်ကြောင်း တရုတ်ကိုဗစ်ပညာရှင်အဖွဲ့ ရဲ့ အကြီးအကဲ ပါမောက္ခ Liang Wannian က ဘီဘီစီကို ပြောထားပါတယ်။
“အသက်ကြီးတဲ့သူ အများစုက နောက်ခံရောဂါတွေ ရှိကြတယ်။ အဲ့ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ မကောင်းဘူးလို့ သူတို့က ထင်ကြတယ်။ ဒါပေမဲ့ တကယ်က သူတို့ ထင်သလို မဟုတ်ပါဘူး” လို့ သူကပြောပါတယ်။
တရုတ်နိုင်ငံက သူတို့နိုင်ငံတွင်းမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို အခြားနိုင်ငံတွေမှာလို ကာကွယ်ဆေး ဦးစားပေး မထိုးပေးခဲ့ဘဲ၊၂၀၂၀ခုနှစ် နှစ်ကုန်ကစတဲ့ ကာကွယ်ဆေးထိုးမှုတွေမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်တွေကိုပဲ ဦးစားပေး ထိုးပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြီးတော့ တရုတ်နိုင်ငံပြင်ပက နိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ကာကွယ်ဆေးတွေကို အသက်ငယ်တဲ့ သူတွေနဲ့ စမ်းသပ်ခဲ့ပြီးတော့၊တရုတ်ပြည်တွင်းက အသက်ကြီးတဲ့သူတွေ ကာကွယ်ဆေးထိုးရင် ထိရောက်မှုနဲ့ ဘေးကင်းလုံခြုံမှု မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေကိုပဲ ဦးစားပေးထိုးပေးခဲ့တာပါ။
ရပ်ရွာ အခြေပြုကျန်းမာရေး အခြေခံအဆောက်အအုံတွေက ကာကွယ်ဆေးဖြန့်ချိတဲ့ကိစ္စမှာ အရေးပါ တယ်လို့ မဲလ်ဘုန်းမြို့ La Trobe တက္ကသိုလ်ပါမောက္ခ George Liu က ပြောပါတယ်။ အဲ့ဒီအချက် မပြ့ည့်စုံတာလည်း တရုတ်နိုင်ငံက သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးတာနည်းနေသေးတာလို့ သူကပြောပါတယ်။
"ကလေးတွေအတွက် ကာကွယ်ဆေးထိုးပေးဖို့ အစီအစဥ်မရှိသလိုမျိုး၊ သက်ကြီးရွယ်အိုတွေအတွက် အမည်အပြည့်အစုံ၊ စာရင်း၊ အချိန်ဇယားတွေမရှိတဲ့ အပြင်၊ သူတို့နဲ့ ကိုက်ညီမယ့် ကိုဗစ်ကာကွယ်ရေးအစီအစဥ်တွေလည်း ရပ်ရွာအခြေပြုကျန်းမာရေးဌာနတွေမှာ မရှိပါဘူး “
နောက်ဆက်တွဲ ကျန်မာရေး ပြဿနာတွေကြောင့်လည်း တရုတ်ပြည်တွင်းထုတ် ကာကွယ်ဆေးတွေကို ယုံကြည်မှုနည်းလာကြပါတယ်။အဲ့ဒီထဲမှာ ဘေးကင်း လုံခြုံရေးကိစ္စတွေအပြင်၊ ခွေးရူးပြန်ရောဂါ၊ ဆုံဆို့နာ နဲ့မေးခိုင်ရောဂါ ကာကွယ်ဆေးတွေရဲ့ ထုတ်လုပ်မှု စံချိန်စံနှုန်းတွေနဲ့ပတ်သက်တဲ့ ကိစ္စတွေလည်း ပါပါတယ်။
တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေက ထိရောက်မှုရှိရဲ့လား
ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးအသေကိုသွင်းပြီး ဗိုင်းရပ်စ် တိုက်ထုတ်တဲ့ ကိုယ်ပိုင် ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံက တီထွင် ထုတ်လုပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲ့ဒီကာကွယ်ဆေးက ထိရောက်မှုရှိတယ်လို့ဆိုပေမယ့် ကမ္ဘာပေါ်က အခြား နေရာ တွေမှာ အသုံးပြုနေတဲ့ mRNA ကာကွယ်ဆေးတွေလောက်တော့ အစွမ်းမထက်ပါဘူး။
Pfizer/BioNTechတို့လို mRNA ကာကွယ်ဆေးတွေ နှစ်လုံးထိုးပြီးထားရင် အဖျား ပြင်းထန်တာ သို့မဟုတ်၊ သေဆုံးတာအတွက်ပါ ၉၀%အထိ ကာကွယ်ပေးနိုင် ပေမယ့်၊ တရုတ်နိုင်ငံမှာ အသုံးအများဆုံး ကာကွယ်ဆေး Sinovac နှစ်ကြိမ်ထိုးရင် ၇၀%ပဲ ကာကွယ်နိုင်တယ်လို့ သုတေသနတွေ့ရှိချက်အရသိရပါတယ်။
တရုတ်နိုင်ငံမှာ ကာလအတန်ကြာ လော့ဒေါင်းချထားတာက လူတွေအချင်းချင်း ရောနှောမှုမရှိအောင် လုပ်ဖို့ အဓိကရည်ရွယ်တာပါ။
ကာကွယ်ဆေးထိုးထားတဲ့ သူတွေတောင်မှ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုအားနည်းရင် “နှစ်မျိုးစပ်ကိုယ်ခံစွမ်းအား” ရရှိမှုအားနည်းပြီး ၊ ကာကွယ်မှု အကျိုးကျေးဇူးရမှုလည်း အားနည်းပါတယ်။ ပေါင်းစပ်ထားတဲ့ကာကွယ်ဆေးနဲ့ ဗိုင်းရပ်စ်ပိုး ထိတွေ့ပြီးတဲ့အချိန်ကျမှ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ အဆင့်ရောက် လာတာကို ဆိုလိုတာပါ။
“သဘာဝထိတွေ့မှုနဲ့ အစွမ်းထက်တဲ့ ကာကွယ်ဆေးကိုပေါင်းစပ်ပြီး ဗိုင်းရပ်စ်ကို ကာကွယ်မှုကို တည်ဆောက်နိုင်တာပါ။ ကျန်တဲ့ ကမ္ဘာ့နေရာ အများစုမှာလည်း ဒီနည်းကို ဖန်တီးအသုံးပြုပြီး ကိုဗစ်နဲ့ အတူယှဥ်တွဲနေထိုင်တဲ့ မူဝါဒကို ချမှတ် နေထိုင်နေကြပါပြီ” လို့ ဘီဘီစီ ကျန်းမာရေးနဲ့ လုပ်ကြံသ တင်းဖော် ထုတ်ရေး သတင်းထောက် ရေချယ်ဆာချာက ပြောပါတယ်။
အိုမီခရွန် မျိုးကွဲ ဗိုင်းရပ်စ်အသစ်တွေ ထွက်ပေါ်လာပြီး၊ ကာကွယ်ဆေးထိုးထားတဲ့သူတွေကိုပါ ကူးစက်လာတဲ့အတွက် ဗိုင်းရပ်စ်ပိုး လုံးဝပပျောက်သွားအောင် ဖယ်ရှားနိုင်ဖို့ အလားအလာက ပို မဖြစ်နိုင်တော့ဘူးလို့လည်း သူက ထပ်ဖြည့်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနောက်တိုင်းထုတ် ကာကွယ်ဆေးတွေ တရုတ်က ဘာကြောင့် အသုံးမပြုတာလဲ
ကိုဗစ် ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးဖြန့်ချိတဲ့ အစောပိုင်းကာလတွေမှာ တရုတ်နိုင်ငံဟာ သူတို့နိုင်ငံတွင်းမှာထုတ်တဲ့ ကာကွယ်ဆေးတွေကို အများကြီး ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
မနှစ်တုန်းကလည်း ကမ္ဘာပေါ်မှာ လက်ရှိထုတ်လုပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး ထက်ဝက်ခန့် ပမာဏကို သူတို့နိုင်ငံက ထုတ်တာလို့ တရုတ်က ထုတ်ပြောပါတယ်။
ဒါကြောင့် အခြားနေရာတွေမှာ ထုတ်လုပ်တဲ့ကာကွယ်ဆေးတွေကို သူတို့နိုင်ငံ အတွင်းမှာ အသုံးပြုဖို့ တွန့်ဆုတ်နေတဲ့အချက်က အံ့သြစရာမရှိပါဘူး။
အနောက်တိုင်းထုတ် mRNA ကာကွယ်ဆေးတွေ အသုံးပြုဖို့ကို စဥ်းစားဖို့ ဂျာမနီ ကလည်း တရုတ်ကို တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်မှာ အဲ့ဒီ ကာကွယ် ဆေးတွေကို တရုတ်နိုင်ငံတွင်းမှာ ရရှိနိုင်ဖို့ ခက်ခဲနေပြီး၊ တရုတ်နိုင်ငံတွင်းက နိုင်ငံခြားသားတွေပဲ အသုံးပြုခွင့် ရပါတယ်။
လတ်တလောမှာတော့ တရုတ်နိုင်ငံက mRNA ကာကွယ်ဆေးနည်းပညာကို အသုံးပြုပြီး သူတို့ကိုယ်ပိုင် ကာကွယ်ဆေးတွေ တီထွင်နေပြီလို့ ယူဆရပေမယ့်၊ အဲ့ဒီကာကွယ်ဆေးတွေ ဘယ်အချိန်မှာ အသုံးပြုခွင့်ရနိုင်မလဲဆိုတဲ့အချက်ကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး ။








