ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ဖြန့်မိနိုင်တဲ့ ပြဿနာ

ကူးစက်နေသူတွေက အများပြည်သူ သွားလာတဲ့ ယဉ်တွေပေါ်မှာ လိုက်ပါစီးနင်းနေမယ် ဆိုရင် စည်းကမ်းချက်တွေထုတ်ပြီး လုပ်ဆောင်နေတဲ့ကြားက ရောဂါပိုး ပြန့်ပွားမှု တိုးလာနိုင်
    • ရေးသားသူ, ဒေးဗစ် ရှက်ခ်မန်း
    • ရာထူးတာဝန်, သိပ္ပံအယ်ဒီတာ

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ အများစုမှာ ချောင်းဆိုးတာ၊ အဖျားရှိတာ၊ အရသာနဲ့ အနံ့ခံနိုင်စွမ်း မရှိတော့တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ရောဂါလက္ခဏာ မပြလို့ ကိုယ့်ဟာကိုယ် ဒီပိုး ကူးနေမှန်း မသိသူတွေလည်း ရှိတယ်ဆိုတာ တွေ့ရဖန် များလာတဲ့အတွက် ဒီပိုးရဲ့ အံ့သြစိုးရိမ်ဖွယ်ရာ ဂုဏ်သတ္တိတခု အဖြစ် သိပ္ပံပညာရှင်တွေက သတ်မှတ်လာကြပါတယ်။

ဒီလို လက္ခဏာမပြဘဲ ဘယ်လိုကူးစက်တတ်တာလဲ ဆိုတာကို နားလည်ဖို့နဲ့ အခုလို 'အသံတိတ်' ရောဂါဖြန့်မိသူတွေကြောင့် ကပ်ရောဂါအသွင်ဖြစ်သွားတာ ဟုတ်မဟုတ် နားလည်ဖို့ အရေးကြီးတယ်လို့ သုတေသီတွေက ပြောကြပါတယ်။

စင်္ကာပူက ခရစ်ယာန်ဘုရားကျောင်းတကျောင်းအတွင်းတကမ္ဘာလုံးအထိ ရိုက်ခတ်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဖြစ်စေမယ်ဆိုတာကို ဘယ်သူမှ ထင်မထားကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စင်္ကာပူက ခရစ်ယာန်ဘုရားကျောင်းတကျောင်းအတွင်းတကမ္ဘာလုံးအထိ ရိုက်ခတ်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဖြစ်စေမယ်ဆိုတာကို ဘယ်သူမှ ထင်မထားကြ

'အသံတိတ်' ရောဂါပြန့်နိုင်စွမ်း ဘယ်လို စသိခဲ့တာလဲ

ဇန်နဝါရီလ ၁၉ ရက်နေ့က စင်္ကာပူက ခရစ်ယာန်ဘုရားကျောင်းတကျောင်းအတွင်း လူတွေ စုဝေးကြချိန်မှာ ဒီလိုစုဝေးမှုက တကမ္ဘာလုံးအထိ ရိုက်ခတ်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဖြစ်စေမယ်ဆိုတာကို ဘယ်သူမှ ထင်မထားကြပါဘူး။

ထုံးစံအတိုင်း ဒါက တနင်္ဂနွေနေ့ ဘုရားကျောင်းမှာ စုဝေး ဝတ်ပြုမှုဖြစ်ပြီး အဲဒီအထဲမှာ တရုတ်ဘာသာနဲ့ ရွတ်ဖတ်ပေးတဲ့ အစီအစဉ်လည်း ပါပါတယ်။

အဲဒီ ဘဝဘုရားကျောင်းအသင်းတော်ရှိရာ ရုံးခန်းအဆောက်အဦရဲ့ မြေညီထပ်မှာ အဲဒီနေ့ မနက်ကပဲ တရုတ်နိုင်ငံက ရောက်ရှိလာတဲ့ နှစ်ယောက်စလုံး အသက် ၅၆ နှစ်အရွယ်ရှိတဲ့ လင်မယားနှစ်ယောက်လည်း ဝတ်ပြုဖို့ ရောက်နေကြပါတယ်။

Graphic showing links between church virus cases and Wuhan travellers

သူတို့နှစ်ဦး ဝတ်ပြုဖို့ နေရာယူတဲ့အချိန်မှာ သူတို့ကို ကြည့်ရတာ ကျန်းကျန်းမာမာ ရှိပုံရတဲ့အတွက် သူတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေတယ်လို့လည်း အထင်ခံရစရာ မရှိခဲ့ပါဘူး။

အဲဒီကာလမှာ ရေရှည် ချောင်းဆိုးနေတတ်တာက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းရဲ့ အဓိက ရောဂါလက္ခဏာလို့ သတ်မှတ်ထားတဲ့ အချိန်ဖြစ်ပြီး အဲဒီချောင်းဆိုးတာက တဆင့် အဓိက ကူးစက်တတ်တယ်လို့လည်း ယူဆထားကြတာ ဖြစ်ပါတယ်။

အဲဒီလို ရောဂါလက္ခဏာမျိုး မရှိသူက ရောဂါလည်း ဖြန့်သူ မဖြစ်နိုင်လောက်ဘူး လို့လည်း ယူဆထားတဲ့ အချိန်ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်-၁၉ ဖြစ်စေတဲ့ ရောဂါပိုးရဲ့ အစဟာ ဘယ်ကလဲ၊ ဘယ်လောက် သိထားပြီလဲ

တရုတ်နိုင်ငံက လာတဲ့ အဲဒီ လင်မယားနှစ်ယောက်ဟာ ဝတ်ပြုပြီးပြီးချင်းမှာပဲ ပြန်ထွက်သွားကြပါတယ်။

ဒါပေမယ့် အခုလို သူတို့ ထွက်လာပြီး မကြာခင်မှာ နားမလည်နိုင်စရာပဲ ဇနီးဖြစ်သူက ဇန်နဝါရီ ၂၂ ရက်မှာ စတင် အဖျားဝင်လာပြီး လင်ယောက်ျားဖြစ်သူကတော့ နောက်နှစ်ရက်အကြာမှာ အဖျားဝင်လာပါတယ်။

အဲဒီ လင်မယားနှစ်ယောက်စလုံးဟာ ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်ပွားရာ ဝူဟန်မြို့ကလာသူတွေ ဖြစ်တဲ့အတွက် အများအတွက် အံ့အားသင့်စရာတော့ မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်း ရက်သတ္တပတ်မှာတော့ စင်္ကာပူဒေသခံ သုံးဦးလည်း သိသာတဲ့ အကြောင်းပြချက် ရှာမရဘဲ ဒီပိုးကူးစက်နေတာကို တွေ့လိုက်ရပြီး ဒီအဖြစ်အပျက်ကြီး တခုလုံးက စင်္ကာပူအတွက် ပထမဆုံးနဲ့ နားမလည်နိုင်ဆုံး ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိမှုတွေထဲက တခု ဖြစ်လာပါတယ်။

ဒီလို ဘာလို့ဖြစ်ရတာလဲ ဆိုတာကို လေ့လာတဲ့အခါမှာတော့ ဒီရောဂါပိုးက ဘယ်လို ဝေဒနာသည် အသစ်ရှာတတ်သလဲ ဆိုတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့ရှိမှု အသစ်တခုကို သိလိုက်ရပါတော့တယ်။

ဒေါက်တာလီနဲ့တကွ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေဟာ ရဲတွေ၊ ရောဂါပိုးအစရှာမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့အတူကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုနဲ့ ဆက်စပ်နေသူအားလုံးကို အစကောက် ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာလီနဲ့တကွ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေဟာ ရဲတွေ၊ ရောဂါပိုးအစရှာမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့အတူကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုနဲ့ ဆက်စပ်နေသူအားလုံးကို အစကောက် ရှာဖွေ

ရောဂါပိုးကို စုံစမ်းထောက်လှမ်းခြင်း

စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါဌာန အကြီးအကဲ ဒေါက်တာ ဗာနွန်လီကတော့ တယောက်နဲ့တယောက် မသိကြသူ အချင်းချင်း ရောဂါလက္ခဏာလည်း မပြဘဲ တနည်းနည်းနဲ့ ရောဂါကူးစက်သွားကြတာဟာ အဲဒီအချိန်က ဒီရောဂါအကြောင်း သိထားသလောက်နဲ့ အံမဝင်တဲ့အတွက် တော်တော် နားမလည်နိုင်စရာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပဲ ဒေါက်တာလီနဲ့တကွ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သိပ္ပံပညာရှင်တွေဟာ ရဲတွေ၊ ရောဂါပိုးခြေရာခံရှာမှုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့အတူ စုံစမ်း စစ်ဆေးရေး စလုပ်ကြပြီး လက်ရှိကူးစက်ခံနေရသူတွေက ဘယ်အချိန် ဘယ်နေရာမှာ ရှိနေခဲ့သလဲ ဆိုတာကို မြေပုံထုတ်ကြည့် ကြတယ်လို့ ဆိုပါတယ်။

အခုလို စုံစမ်းထောက်လှမ်းရာမှာ ထိတွေ့မှု ခြေရာခံခြင်းလို့ ခေါ်တဲ့ လုပ်ငန်းစဉ်လည်း ပါဝင်ပြီး ယူကေနိုင်ငံမှာလည်း လက်ရှိ အလားတူ လုပ်ဆောင်ဖို့ လုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုလည်း ဖြစ်ပါတယ်။

ဒီလို စစ်ဆေးတဲ့ စနစ်က ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုနဲ့ ဆက်စပ်နေသူအားလုံးကို အစကောက် ရှာဖွေခြင်းအားဖြင့် ရောဂါတိုက်ဖျက်ရေးမှာ အကူအညီရမှာဖြစ်တဲ့အတွက် ဒါကို အရေးပါတဲ့ စနစ်တခုအဖြစ် ယူဆကြပြီး စင်္ကာပူကလည်း ဒီလို လုပ်ဆောင်ရာမှာ စွမ်းရည်ရော လျင်မြန်မှုအတွက်ပါ လူသိများခဲ့ပါတယ်။

အံ့သြချီးကျူးစရာကောင်းတာကတော့ ရက်ပိုင်းအတွင်းမှာပဲ အဲဒီ ရောဂါထောက်လှမ်းတဲ့ အဖွဲ့က အဲဒီခရစ်ယာန်အသင်းတော်ရဲ့ အဖွဲ့ဝင် ၁၉၁ ယောက်ထက် မနည်း တွေ့ဆုံခဲ့ပြီး ဒီအထဲက ၁၄၂ ယောက်က အဲဒီတနင်္ဂနွေနေ့ ဝတ်ပြုမှုကို တက်ရောက်ခဲ့ကြသူတွေ ဖြစ်ကြောင်း သိလိုက်ရပါတယ်။

တဆက်တည်းမှာပဲ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းတွေ့ရှိရတဲ့ စင်္ကာပူနိုင်ငံသား နှစ်ဦးဟာ အဲဒီ ဝတ်ပြုမှုကို တက်ရောက်ခဲ့ကြောင်း လျင်လျင်မြန်မြန် ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အခုလို တွေ့ရှိမှုက အသုံးဝင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ မပြတဲ့ တရုတ်လင်မယားနှစ်ယောက်ကနေ အခြားလူတွေကို ဘယ်လို ကူးသွားတယ် ဆိုတာကိုတော့ အဖြေမရှာနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

နောက်ထပ် ပဟေဠိ ကြီးကြီး ဖြစ်သွားရတာတခုကတော့ သူတို့နဲ့ တစ်ချိန်တည်း မရှိခဲ့ပေမဲ့ ဒီဘုရားကျောင်းမှာပဲ အဲဒီနေ့မှာ ထပ်ကျင်းပတဲ့ စုဝေးဝတ်ပြုမှုကို တက်ရောက်ခဲ့သူ အသက် ၅၂ နှစ်အရွယ် အမျိုးသမီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံလိုက်ရကြောင်း တွေ့ရှိရတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးက ဘယ်လို ပျံ့နှံ့သလဲ

ဘယ်သူမှ ထင်မထားတဲ့ ရောဂါကူး သက်သေ

ရောဂါပိုး ထောက်လှမ်းရှာဖွေတဲ့ အဖွဲ့ အနေနဲ့ ဒီဘုရားကျောင်းက လုံခြုံရေးရုပ်သံရိုက်ကူးမှုတွေကို ကြည့်ရှုတဲ့အခါမှာတော့ အဲဒီ ၅၂ နှစ်အရွယ် အမျိုးသမီးဟာ ယခင် တရုတ်လင်မယားထိုင်သွားတဲ့ ထိုင်ခုံတခုံမှာ နောက်ထပ် နာရီပိုင်းအကြာမှာ ထိုင်မိခဲ့တာကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတော့တယ်။

အခုလို ထိုင်သွားတဲ့ တရုတ်လင်မယားဟာ ရောဂါလက္ခဏာ မပြခင်မှာ တနည်းနည်းနဲ့ ရောဂါဖြန့်မိသလို ဖြစ်သွားခဲ့ပြီး လက်ကတဆင့်လား၊ သူတို့ အသက်ရှူထုတ်လိုက်တဲ့ လေကနေ ပြန့်သွားတာလား မသိနိုင်ခဲ့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအချိန်က ရောဂါလက္ခဏာ ကိုယ့်မှာနဲ့ အခြားသူတွေမှာ ရှိမရှိ စောင့်ကြည့်ဖို့ တကမ္ဘာလုံးက ကျန်းမာရေး အကြံပေးမှုတွေ လုပ်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ဒီလို တွေ့ရှိမှုက အရေးပါ ပါတယ်။

ဒီအဖွဲ့ရဲ့တွေ့ရှိမှုနဲ့တကွ အခြား အလားတူ လေ့လာမှုတွေအရ ဒီရောဂါပိုး ကူးစက်ခံရသူတွေ ရောဂါလက္ခဏာ ပြမလာခင် ၂၄ နာရီနဲ့ ၄၈ နာရီ အကြားကာလက အလွန်အရေးကြီးပြီး ကိုယ်တိုင် မသိလိုက်ဘဲ သူတပါးကို ရောဂါအဖြန့်နိုင်ဆုံး ကာလတောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကိုယ်ကိုယ်တိုင်စပြီး ရောဂါလက္ခဏာတွေ ပြလာတာနဲ့ ကိုယ်နဲ့ လတ်တလော နီးနီးကပ်ကပ် ရှိနေခဲ့သူအားလုံးကို အိမ်ပြင်မထွက်ဘဲ သီးခြားခွဲနေလိုက်ဖို့ သတိပေးနိုင်တယ်ဆိုတော့ ဒီလို တွေ့ရှိမှုက အဖိုးမဖြတ်နိုင်လောက်အောင်ပါပဲ။

ဒီလိုလုပ်ခြင်းအားဖြင့် အခြားသူကို ရောဂါဖြန့်နိုင်တဲ့ အခြေအနေမှာ သီးခြားခွဲနေပြီး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မယ် ဆိုပေမယ့် ချောင်းဆိုးပြီး တံတွေးစက်ကလေးတွေ ပြန့်သွားတာမျိုးလို ရောဂါလက္ခဏာ မရှိဘဲ ဘယ်လို ပြန့်နိုင်တယ်ဆိုတဲ့ ကိစ္စကတော့ ဆက်လက် ငြင်းခုံနိုင်စရာ ရှိနေပါသေးတယ်။

ဖြစ်နိုင်တာတခုကတော့ ဒီရောဂါပိုးက အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပွားများနေတယ်ဆိုရင် စကားပြောတာနဲ့ အသက်ရှူထုတ်ရာကနေ ရောဂါပိုးပြန့်သွားနိုင်ပြီး အထူးသဖြင့် အဆောက်အဦးတခုအတွင်းမှာ အတူရှိနေသူတွေအတွက် အလွယ်တကူပိုပြီး ကူးသွားနိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေကတော့ ထိတွေ့မှုဖြစ်ပြီး လူအချင်းချင်း လက်အစရှိတဲ့ ထိတွေ့မှုနဲ့ လူ့လက်နဲ့ ထိတွေ့မိတဲ့ တံခါးလက်ကိုင်၊ ထိုင်ခုံ စတာတွေကို ထိတွေ့မှုတွေကနေ ကူးစက်နိုင်ခြေ ဖြစ်ပါတယ်။

ဘယ်လိုကြောင့်ပဲ ကူးကူး ရောဂါပိုး ကူးစက်ခံနေရတယ်လို့ မသိသူတွေက ပေါ့လျော့မိတာကို ဒီရောဂါပိုးက အသုံးချပြီး ပိုပျံ့နှံ့စေတာက အထူးသတိထားရမယ့် အချက် ဖြစ်နေပါတယ်။

ရောဂါလက္ခဏာ လုံးဝမပြလိုက်သူတွေလည်းရှိ

မယ်ရီမယ်လွန် ကိုယ်တိုင်ကတော့ ဘယ်လိုမှ မခံစားရပေမယ့် အလုပ်သွားလုပ်တဲ့ တအိမ်ပြီး တအိမ်မှာ လူတွေ တိုက်ဖွိုက်ရောဂါဖြစ်ကြပြီး တော်တော်များများ သေဆုံးတဲ့အထိ ဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မယ်ရီမယ်လွန် ကိုယ်တိုင်ကတော့ ဘယ်လိုမှ မခံစားရပေမယ့် အလုပ်သွားလုပ်တဲ့ တအိမ်ပြီး တအိမ်မှာ လူတွေ တိုက်ဖွိုက်ရောဂါဖြစ်ကြပြီး တော်တော်များများ သေဆုံးတဲ့အထိ ဖြစ်ခဲ့

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတဲ့ ကာလတလျှောက်လုံးမှာ ရောဂါလက္ခဏာ လုံးဝမပြတဲ့ ကိစ္စကတော့ သိပ္ပံပညာရှင်တွေအတွက် ပိုထူးဆန်းပြီး အဖြေမရှိတဲ့ ပဟေဠိ ဖြစ်နေပါတယ်။

ဒါလို ရောဂါလက္ခဏာမပြတဲ့ အခြေအနေရှိသူကို asymptomatic လို့ခေါ်ပြီး ဒီလို အလားတူ ဖြစ်ခဲ့တဲ့အထဲမှာ နာမည်အကျော်ဆုံးကတော့ ပြီးခဲ့တဲ့ ရာစုနှစ်အစ ကာလမှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စားဖိုမှူး အလုပ်ကို လုပ်ကိုင်သူ အိုင်းရစ် အမျိုးသမီးတယောက်ရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

မယ်ရီမယ်လွန်ဆိုတဲ့ အဲဒီ အမျိုးသမီး အလုပ်သွားလုပ်တဲ့ တအိမ်ပြီး တအိမ်မှာ လူတွေ တိုက်ဖွိုက်ရောဂါဖြစ်ကြပြီး လူအနည်းဆုံး သုံးယောက်ကနေ တော်တော်များများ သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မယ်ရီမယ်လွန် ကိုယ်တိုင်ကတော့ ဘယ်လိုမှ မခံစားရပါဘူး။

နောက်ဆုံးကျမှ သူကိုယ်တိုင်မှာ ဒီရောဂါပိုးရှိနေပြီး ရောဂါပိုးဖြန့်မိနေသူ ဖြစ်တယ်ဆိုတာကို သိလိုက်ရပါတယ်။

အဲဒီအတွက် သတင်းထောက်တွေက သူ့ကို 'တိုက်ဖွိုက်မယ်ရီ' လို့ခေါ်ကြပြီး ဒီလိုခေါ်တာကို မယ်ရီမယ်လွန်ကလည်း အမြဲကန့်ကွက်ခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ နောက်ထပ် ရောဂါထပ် အဖြစ်မခံတော့ဘူးဆိုပြီး ၁၉၃၈ ခုနှစ် မယ်ရီမယ်လွန် ကွယ်လွန်သွားတဲ့အထိ လူတွေနဲ့ သီးခြားခွဲထားပြီး နေစေခဲ့ပါတယ်။

လတ်တလော မထင်မှတ်ဘဲ ရောဂါကူးနေကြောင်း သိလိုက်ရသူ တဦး

ဒီရောဂါခံစားရသူတွေကိုတောင် တကိုယ်ရေကျန်းမာရေးအကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ပြီး စောင့်ရှောက်ပေးနေခဲ့သူ ကိုဗစ်-၁၉ ရောဂါးပိုး ကူးစက်နေ
ဓာတ်ပုံ ပုံစာ, ဒီရောဂါခံစားရသူတွေကိုတောင် တကိုယ်ရေကျန်းမာရေးအကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ပြီး စောင့်ရှောက်ပေးနေခဲ့သူ ကိုဗစ်-၁၉ ရောဂါးပိုး ကူးစက်နေ

ပြီးခဲ့တဲ့ ဧပြီလမှာ ကိန်းဘရစ်(ဂျ်)မြို့က အက်ဒန်ဘရွတ်(က်) ဆေးရုံက သူနာပြု အမယ်လီယာ ပါဝယ်က သူလည်း ရောဂါလက္ခဏာ မပြဘဲ ကိုဗစ်-၁၉ ရောဂါးပိုး ကူးစက်နေကြောင်း ဆရာဝန်က ဖုန်းဆက်ချိန်မှာ ထိတ်လန့်သွားခဲ့ရပါတယ်။

သူအခုလို တံတွေးကို အစစ်ခံပြီး ဒီပိုးရှိမရှိ မစစ်ခင်က ဒီရောဂါခံစားရသူတွေကိုတောင် တကိုယ်ရေကျန်းမာရေးအကာအကွယ် ပစ္စည်းတွေ ဝတ်ဆင်ပြီး စောင့်ရှောက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုယ်သူ စိတ်ချလက်ချ ရှိနေခဲ့ရာကနေ ရောဂါအကူးခံနေရကြောင်း သိလိုက်ရတဲ့အတွက် မိသားစုထဲက တယောက်ယောက် ဆုံးပါးသွားတယ်လို့ အပြောခံလိုက်ရသလို ဖြစ်သွားတယ်လို့ အမယ်လီယာက ဆိုပါတယ်။

ချက်ချင်းဆိုသလိုပဲ သူအလုပ်လုပ်နေတာကို ရပ်ပြီး အိမ်မှာ သီးခြားခွဲနေလိုက်ရပါတယ်။

သူ့အနေနဲ့ အခြားအလားတူ ကူးစက်ခံနေရသူတွေ အချိန်တိုအတွင်း အခြေအနေဆိုးတာလာမျိုး မြင်ခဲ့ရဖူးတဲ့အတွက် သူလည်း အဲဒီလို ဖြစ်လာမှာကို စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူကိုယ်တိုင် အံ့အားသင့်လောက်အောင်ပဲ ဘယ်လို ရောဂါဝေဒနာမှ မခံစားရပဲ အိမ်မှာ လေ့ကျင့်ခန်းလုပ်နိုင်၊ ပုံမှန်စားသောက်နိုင်ပြီး ပုံမှန်လည်း အိပ်ပျော်တယ်လို့ဆိုပါတယ်။

စိန်မင်းသမီး အပျော်စီး ပင်လယ်ကူးသင်္ဘောပေါ်မှာဆိုရင် ရောဂါလက္ခဏာမပြပဲ ကိုဗစ်-၁၉ ကူးစက်နေသူ ၇၀ဝ လောက် ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စိန်မင်းသမီး အပျော်စီး ပင်လယ်ကူးသင်္ဘောပေါ်မှာဆိုရင် ရောဂါလက္ခဏာမပြပဲ ကိုဗစ်-၁၉ ကူးစက်နေသူ ၇၀ဝ လောက် ရှိခဲ့

လက်ရှိအခြေအနေမှာ အခုလို ကိုယ်တိုင်မသိရဘဲ ရောဂါပိုးရှိနေသူ ဘယ်လောက် ရှိနေမလဲ ဆိုတာ သိဖို့ မဖြစ်နိုင်သေးပါဘူး။

အမယ်လီယာ ကိုယ်တိုင်တောင်မှ သူ့ဆေးရုံက ဝန်ထမ်းတွေကို လေ့လာစစ်ဆေးမှု တခုကြောင့် ဒီလို သိရှိလာတာ ဖြစ်ပြီး လူတထောင်ကို စမ်းသပ်ရာမှာ ၃ ရာခိုင်နှုန်းလောက်အထိ စစ်ဆေးချိန် ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်ကမ်းလွန်ပင်လယ်ပြင်မှာ ဒီနှစ်အစောပိုင်းက သွားလာနေခဲ့တဲ့ စိန်မင်းသမီး အပျော်စီး ပင်လယ်ကူးသင်္ဘောပေါ်မှာဆိုရင် ဒီထက် ပိုပြီး အချိုးအစားများတဲ့ ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ကူးစက်နေသူ ၇၀ဝ လောက် ရှိခဲ့ရာမှာ ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရှုဖို့ ရောဂါပိုးမွေးတဲ့ ပလတ်စတစ်ခွက် petri dish လို ဖြစ်နေတယ်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။

အဲဒီ သင်္ဘောပေါ်က ကူးစက်ခံရသူတွေကို လေ့လာချက်အရ လေးပုံ သုံးပုံလောက်က ရောဂါလက္ခဏာ မပြကြဘူးလို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာ တခုမှာဆိုရင်လည်း လူဦးရေ တဝက်ကျော်လောက် အထိ ဒီရောဂါပိုး ကူးစက်ခံနေရပေမယ့် ရောဂါလက္ခဏာ မပြကြဘူးလို့ ဆိုပါတယ်။

လေ့လာမှုတွေ အများအပြားရှိရာမှာ ဘယ်လောက် အချိုးအစားအထိ ရောဂါလက္ခဏာ မပြသူ ပါမလဲ ဆိုတာက ၅%ကနေ ၈၀% အထိ အမျိုးမျိုး ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေ့လာမှုတွေ အများအပြားရှိရာမှာ ဘယ်လောက် အချိုးအစားအထိ ရောဂါလက္ခဏာ မပြသူ ပါမလဲ ဆိုတာက ၅%ကနေ ၈၀% အထိ အမျိုးမျိုး ဖြစ်နေ

တကယ်တမ်း စိတ်ချရတဲ့ လေ့လာမှု မရှိသေးတဲ့ ပြဿနာ

ဒီလို အလားတူ လေ့လာမှုတွေ အများအပြားရှိရာမှာ ဘယ်လောက် အချိုးအစားအထိ ရောဂါလက္ခဏာ မပြသူ ပါမလဲ ဆိုတာကလည်း ၅ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အမျိုးမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်နေတာကို အောက်စဖို့ဒ်တက္ကသိုလ်က ပါမောက္ခ ကားလ် ဟယ်နဂန်က သုတေသန စီမံကိန်း ၂၁ ခုကို လေ့လာ သုံးသပ်ရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး သုံးသပ်လို့ရတာကတော့ ရောဂါလက္ခဏာ မပြသူ အချိုးအစား ဘယ်လောက်ရှိနိုင်သလဲဆိုတာကို စိတ်ချရတဲ့ အဖြေထုတ်နိုင်တဲ့ လေ့လာမှု မရှိသေးဘူး ဆိုတဲ့ အချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေမျိုးမှာ ရောဂါလက္ခဏာ ပြလာသူတွေကိုပဲ ရှိမရှိ စစ်ဆေးပေးတဲ့ ယူကေရဲ့ ရောဂါစစ်ဆေးမှု မူဝါဒကြောင့် တကယ် ရောဂါပိုးရှိနေပေမယ့် မစစ်ဆေးရသူတွေ အများအပြား ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် အတွက် ဘယ်လိုနည်းနဲ့ စစ်ဆေးတာ ထိရောက်မလဲ

ရောဂါ လက္ခဏာ မပြဘဲ ကူးစက်ခံနေရတဲ့ သူနာပြု အမယ်လီယာကတော့ မရည်ရွယ်ဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့တကွ သူ့ကို မှီခိုနေရတဲ့ လူနာတွေကိုပါ ကူးအောင် လုပ်မိမှာကို စိုးရိမ်နေပါတယ်။

သူရဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးမှာ ပိုးမရှိကြောင်း တွေ့ခဲ့ရတယ် ဆိုပေမယ့် သူ့မှာ ဘယ်အချိန်ကတည်းက ဒီရောဂါပိုး အကူးခံရသလဲဆိုတာ မသိတဲ့အတွက် စိုးရိမ်စရာပဲလို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလို ရောဂါလက္ခဏာ မပြသူတွေဆီက ကူးနိုင် မကူးနိုင် ဆိုတာကလည်း အသေအချာ ပြောနိုင်လောက်အောင် အချက်အလက် နည်းနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံက လေ့လာမှု တခုမှာ ဆိုရင် ရောဂါလက္ခဏာ မပြပဲ ကူးစက်ခံနေရသူ အရေအတွက်ကတောင် ပိုများနေတာ တွေ့ရတဲ့အတွက် ဒီရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအပိုင်းမှာ ဒီလို လက္ခဏာ မပြသူတွေကိုလည်း သတိထားရမယ် ဆိုပြီး သိပ္ပံပညာရှင်တွေက သတိပေးခဲ့ပါတယ်။

စိန်မင်းသမီး ပင်လယ်ကူးသင်္ဘောပေါ်က ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို လေ့လာမှုမှာတော့ ရောဂါလက္ခဏာ မပြသူတွေဆီက ကူးစက်နိုင်ခြေက ပိုနည်းတယ် ဆိုပေမယ့် သိသာတဲ့ ကူးစက်နိုင်စွမ်းတော့ ရှိတယ်လို့ ဆိုပါတယ်။

မျက်နှာကာတပ်ထားသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

စကြဝဠာအမှောင်ထုလို သိရခက်တဲ့ ကူးစက်မှု

ဒီလို ရောဂါလက္ခဏာ မပြဘဲ ကူးစက်မှုကို အဖြေရှာဖို့အတွက် ယူကေနိုင်ငံ နောရစ်ချ် တမြို့လုံးကို ရောဂါစစ်ဆေးဖို့ မြို့ခံ သိပ္ပံပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။

အာကာသ သိပ္ပံပညာအရ စကြဝဠာဟာ ထိတွေ့ မခွဲခြားနိုင်သေးတဲ့ အမှောင်ဒြပ်ထုတွေနဲ့ အများစု ဖွဲ့စည်းထားသလိုပဲ လက်ရှိ လက္ခဏာ မပြတဲ့ ကူးစက်ခံရမှု ဆိုတာက ကိုရိုနာဗိုင်းရပ်စ်ရောဂါဘေး အတွက် အမှောင်ဒြပ်ထု လိုပဲ ထိတွေ့ မခွဲခြားနိုင်သေးပဲ ဖြစ်နေတယ်လို့ ပါမောက္ခ နီးလ်ဟော က ဆိုပါတယ်။

အဲဒီ လက္ခဏာ မပြဘဲ ကူးစက်မှုတွေကြောင့်ပဲ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီး ဖြစ်နေနိုင်တာကို နောရစ်ချ်မြို့က အားလ်ဟမ်းမ် သုတေသီအဖွဲ့ သက်ရှိသိပ္ပံ သုတေသီဌာနကဖြစ်တဲ့ ပါမောက္ခ ဟောက အဓိက စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒီလို ကူးစက်နေသူတွေက အများပြည်သူ သွားလာတဲ့ ယဉ်တွေပေါ်မှာ လိုက်ပါစီးနင်းနေမယ်၊ ကျန်းမာရေး ဝန်ဆောင်မှုဌာနတွေကို လာရောက် အသုံးပြုနေမယ်ဆိုရင် အများပြည်သူအတွက် စည်းကမ်းချက်တွေထုတ်ပြီး လုပ်ဆောင်နေတဲ့ကြားက ရောဂါပိုး ပြန့်ပွားမှု တိုးလာမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

လူတွေမှာ ရောဂါလက္ခဏာ ပြလာမှ ကုသမှုပေးမယ်ဆိုရင် ဒီရောဂါ ပြဿနာကို တဝက်ပဲ ဖြေရှင်းတာမျိုး ဖြစ်မယ်လို့လည်း ပါမောက္ခ ဟောက ပြောပါတယ်။

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်က သိပ္ပံပညာရှင်အဖွဲ့ကလည်း ရောဂါလက္ခဏာ မပြသူတွေကို မစစ်ခင်မှာ ခန့်မှန်းရခက်တဲ့ အခြေအနေဟာ ဒီရောဂါဘေး တိုက်ဖျက်ရာမှာ အာခိလိစ် ဖနောင့်လို ပျော့ကွက် ဖြစ်လာနိုင်တယ်လို့လည်း ယူဆကြပါတယ်။

ဒါဟာ ဂရိဒဏ္ဍာရီထဲက အာခိလိစ် သူရဲကောင်းဟာ သူ့ရဲ့ ပျော့ကွက်ဖြစ်တဲ့ ဖနောင့်ကို မြှားမှန်တော့မှ အသက်သေဆုံးရတာကို တင်စားပြောဆိုတာ ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ ကိုးရက်အတွင်းမှာ ရောဂါလက္ခဏာ မပြသူတွေပါ ပါဝင်တဲ့ လူပေါင်း ၆.၅ သန်းခွဲလောက်ကို စစ်ဆေးနိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝူဟန်မြို့မှာ ကိုးရက်အတွင်းမှာ ရောဂါလက္ခဏာ မပြသူတွေပါ ပါဝင်တဲ့ လူပေါင်း ၆.၅ သန်းခွဲလောက်ကို စစ်ဆေးနိုင်ခဲ့

အဲဒီ သိပ္ပံပညာရှင်တွေရဲ့ အမြင်အရ ဒီရောဂါပြန့်ပွားမှုကို ရပ်ဖို့ တခုတည်းသော နည်းလမ်းကတော့ ရောဂါလက္ခဏာ ပြပြ မပြပြ၊ ကူးစက်မှု ရှိမရှိ လိုက်စစ်ဆေးဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ ဗြိတိသျှအောက်လွှတ်တော် သိပ္ပံနဲ့ နည်းပညာ ကော်မတီဝင် အမတ်တွေက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ပေးလိုက်တဲ့ စာထဲမှာပါတဲ့ အကြံပေးချက်လည်း ဖြစ်ပါတယ်။

ရောဂါလက္ခဏာ မပြဘဲ ကူးစက်နိုင်ခြေကြောင့် ဒီရောဂါကပ်ဘေးထိန်းချုပ်ရေးမှာ အရေးပါတဲ့ သက်ရောက်မှုဖြစ်စေပြီး ဒီရောဂါပိုးဒဏ် ပိုခံရနိုင်သူတွေကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေကို ပုံမှန် စစ်ဆေးမှုတွေ လုပ်သင့်တယ်လို့ အဲဒီအကြံပေးစာထဲမှာ ဖော်ပြထားပါတယ်။

အလားတူ ချဉ်းကပ်မှုမျိုးကို ရောဂါကပ်ဘေး စတင်ရာ ဝူဟန်မြို့မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့ပြီး ကိုးရက်အတွင်းမှာ ရောဂါလက္ခဏာ မပြသူတွေပါ ပါဝင်တဲ့ လူပေါင်း ၆.၅ သန်းခွဲလောက်ကို ရောဂါရှိမရှိ စစ်ဆေးနိုင်ခဲ့ပါတယ်။

အလုပ်သွား ဈေးသွားသူတွေလည်း များလာတဲ့အချိန်မှာ လက္ခဏာ မပြဘဲ ကူးစက်မှုလို ရှင်းရှင်းလင်းလင်း မမြင်ရသေးတဲ့ အခြေအနေကို ကိုယ်တွယ်ဖို့က ပိုပြီး အရေးကြီးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလုပ်သွား ဈေးသွားသူတွေလည်း များလာတဲ့အချိန်မှာ လက္ခဏာ မပြဘဲ ကူးစက်မှုလို ရှင်းရှင်းလင်းလင်း မမြင်ရသေးတဲ့ အခြေအနေကို ကိုယ်တွယ်ဖို့က ပိုပြီး အရေးကြီးလာ

ပြင်ပသွားလာရေး ကန့်သတ်မှု လျှော့ချိန်မှာ ပိုသတိထားရ

ပြင်ပသွားလာရေး ကန့်သတ်မှု လျှော့လာတဲ့အတွက် အများပြည်သူသုံး ကား၊ရထား အစရှိတဲ့ ယာဉ်တွေမှာ လိုက်ပါ စီးနင်းသူတွေ များလာသလို၊ အလုပ်သွား ဈေးသွားသူတွေလည်း များလာတဲ့အချိန်မှာ လက္ခဏာ မပြဘဲ ကူးစက်မှုလို ရှင်းရှင်းလင်းလင်း မမြင်ရသေးတဲ့ အခြေအနေကို ထိထိရောက်ရောက် ကိုယ်တွယ်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။

လက်ရှိအခြေအနေမှာ အခုလို သွားလာနေကြသူတွေထဲက ကိုယ်တိုင်မသိဘဲ ရောဂါပိုးရှိနေသူ ဘယ်နှယောက်ရှိမလဲဆိုတာ မသိနိုင်သေးပါဘူး။

ဒါ့ကြောင့်လည်း တကမ္ဘာလုံးက အစိုးရတွေက ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကို အစကောက်ရာမှာ လူတိုင်းက ပူးပေါင်း လုပ်ဆောင်ပေးကြဖို့ မရှိမဖြစ် လိုအပ်တယ်လို့ တိုက်တွန်းနေကြတာ ဖြစ်ပြီး ဒါမှလည်း ထိတွေ့မိခဲ့သူတွေက မြန်မြန်သီးခြားခွဲနေပြီး ရောဂါထပ်မပြန့်အောင် ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ကိုဗစ်-၁၉ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးအောင် ခပ်ခွာခွာ ဘယ်လို နေရမလဲ

ဒါ့အပြင် အကောင်းဆုံးကာကွယ်မှုကတော့ လူချင်း ခပ်ခွာခွာနေဖို့ပဲ ဖြစ်ပြီး ဒီလို လုပ်လို့ မရတဲ့ အခြေအနေမှာတော့ မျက်နှာကို အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်တဲ့ နှာခေါင်းစည်းနဲ့ပဲ ဖြစ်ဖြစ် အနည်းဆုံး ကာကွယ်ထားတဲ့ နည်းလမ်းကို သုံးသင့်တယ်လို့လည်း အစိုးရတွေက အကြံပေးနေကြပါတယ်။

အမေရိကန်အစိုးရက အခုလို တိုက်တွန်းချက်တွေ ထုတ်ပြန်ချိန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ စင်္ကာပူက ခရစ်ယာန်ဘုရားကျောင်း အခြေအနေ စုံစမ်းတွေ့ရှိမှုကို ကိုးကားထားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာထက် ကိုယ်မသိဘဲ သူတပါးကို ကူးသွားမှာကို ကာကွယ်ရေး အလေးထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, မျက်နှာဖုံး အမြဲတပ်ဖို့ လိုအပ်ပြီလား

နှာခေါင်းစည်းတပ်တာကြောင့် လက်ဆေးတာနဲ့ လူလူချင်း ခပ်ခွာခွာ နေထိုင်မှုမှာ ဂရုစိုက်မှု အားနည်းသွားမှာကို ကျန်းမာရေးကျွမ်းကျင်သူ အများစုက စိုးရိမ်ကြပြီး အကိုယ်အတွယ်မတတ်ရင် ပိုပြီး ရောဂါပြန့်ပွားနိုင်ခြေ များသွားမှာကိုလည်း စိုးရိမ်ကြပါတယ်။

ဒါပေမယ့် နှာခေါင်းစည်းတပ်ခြင်းရဲ့ အကျိုးရှိမှုကို လတ်တလော ယူကေ အပါအဝင် အစိုးရတော်တော်များများက အသိအမှတ်ပြုလာကြပါတယ်။

နှာခေါင်းစည်းတပ်တာ သက်သက်ကြောင့် ဒီရောဂါကပ်ဘေးကြီးကို ရပ်ဆိုင်းနိုင်မှာ မဟုတ်ပေမယ့် ရောဂါလက္ခဏာ မပြဘဲ ကူးစက်နိုင်တဲ့ အခြေအနေအကြောင်း အသေအချာ မသိသေးတဲ့ အချိန်မှာ ကာကွယ်လို့ရသမျှ ကာကွယ်ထားတာက အကျိုးမယုတ်နိုင်ပါဘူး။

အထူးကြပ်မတ် ကုသဆောင်မှာ ကုသရသူတွေထဲမှာတောင်မှ နားလည်ရခက်တဲ့ ကွဲပြားမှုတွေ ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အထူးကြပ်မတ် ကုသဆောင်မှာ ကုသရသူတွေထဲမှာတောင်မှ နားလည်ရခက်တဲ့ ကွဲပြားမှုတွေ ရှိနေ

ရောဂါရှိတဲ့ လက္ခဏာပြင်းထန်သူတွေကြားမှာပါ ရောဂါကို တုံ့ပြန်ပုံ ကွဲပြားနေ

ယူကေနိုင်ငံက အထူးကြပ်မတ် ကုသဆောင်တွေမှာ ကိုဗစ်-၁၉ ရောဂါကပ်ဘေး အခြေအနေကို ရက်သတ္တပတ်ပေါင်းများစွာ လုံးပန်း ဖြေရှင်းရအပြီး ဆရာဝန်တွေ ပြောလေ့ရှိတာကတော့ ဒါမျိုး တခါမှ မကြုံဖူးဘူး ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဒီရောဂါပိုးသစ်စပြီး ပြန့်ပွားလာတဲ့အချိန်မှာ ယူကေကိုလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒီရောဂါပိုးသစ် ရောက်လာမယ်ဆိုတာ သိထားကြပြီး ရှိထားတဲ့ ကျန်းမာရေး အသုံးအဆောင် အရင်းအမြစ်တွေနဲ့ မနိုင်မနင်း ဖြစ်တော့မယ် ဆိုတာလည်း သိထားကြတယ်လို့ ဆိုပါတယ်။

ဒီ ဆရာဝန်တွေရဲ့ တွေ့ရှိချက်အရ ဆိုရင်လည်း ယူကေနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နေကြောင်း တွေ့ရှိရသူ အများစုက သိပ်မပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရပြီး လုံးဝ မခံစားရသူလည်း ရှိတယ်လို့ဆိုပါတယ်။

တဖက်မှာလည်း ထောင်ချီတဲ့ ကူးစက်ခံရသူတွေ ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားရတာလည်း ရှိတဲ့အတွက် စိုးရိမ်စရာကောင်းလောက်အောင် ရှုပ်ထွေးတဲ့ ဒီရောဂါရဲ့ သက်ရောက်မှုကို ယူကေ ဆရာဝန်တွေ သတိပြုမိလာကြပါတယ်။

အထူးကြပ်မတ် ကုသဆောင်မှာ ကုသရသူတွေထဲမှာတောင်မှ နားလည်ရခက်တဲ့ ကွဲပြားမှုတွေ ရှိနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

အသက် ၇၀ ကျော် အသက်ရှူရခက်လာတဲ့ လူနာတချို့ကို အသက်ရှူစက်နဲ့ ဆက်ပေးထားရုံနဲ့ ရောဂါ ထိန်းထားနိုင်တဲ့ အခြေအနေမှာ အသက် ၂၀ ကျော်သာ ရှိသေးတဲ့ လူနာတချို့မှာ ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တဲ့ အထိ အခြေအနေဆိုးလာတာကိုလည်း တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ သိရှိသလောက် မှန်းဆချက်ကတော့ သွေးတိုးနဲ့ ဆီးချို ဖြစ်နိုင်ခြေ များမှုနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ ရှိနေရင် ဒီရောဂါရဲ့ ဒဏ်ကို ပိုခံရနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ယူကေနိုင်ငံက အထူးကြပ်မတ်ဆောင်တွေမှာ ကုသရသူ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက် နည်းလာနေပါတယ်။

ဗီဒီယို ပုံစာ, ဗိုင်းရပ်စ် မကူးအောင် ဘယ်လို ကာကွယ် နေထိုင်ရမလဲ

ဒါပေမယ့် ဘယ်လို အခြေအနေမှာ အသက်ရှူစက်ပေးပြီး ကုသရမယ်၊ ဘယ်လို ဗိုင်းရပ်စ်တိုက်ဖျက်ရေး၊ အရောင်ကျဆေးနဲ့ ကိုယ်ခံအား ထိန်းချုပ်တဲ့ ဆေးမျိုးတွေ တိုက်ရမယ် ဆိုတာတွေနဲ့ ပြန်လည် သက်သာလာသူတွေဆီက သွေးကို သွင်းပြီး ကုသခြင်းက ထိရောက် မထိရောက် ဆိုတဲ့ မေးခွန်းတွေအတွက်လည်း ရှင်းလင်းတဲ့ အဖြေ မထုတ်နိုင်သေးပဲ ဆက်လက် ရှာဖွေ နေရတုန်းပဲလို့ ဆိုပါတယ်။