ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အွန်လိုင်းရှာဖွေမှုကို ဂူဂဲလ် လက်ဝါးကြီးအုပ်မှု ဥပဒေချိုးဖောက်တာလို့ တရားရုံးဆုံးဖြတ်
အွန်လိုင်းပေါ် ရှာဖွေနိုင်မှုနဲ့ တခြားဆက်စပ် ကြော်ငြာတွေရပိုင်ခွင့်ကို ဂူဂဲလ်က လက်ဝါးကြီးအုပ်ထားပြီး တခြား ပြိုင်ဆိုင်လာတဲ့ သူတွေ ရှိလာရင်လည်း ကြီးထွားခွင့် မပြုပဲ အပြတ်အသတ် ချေမှုန်းပစ်တဲ့ အပြုအမူဟာ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တယ်လို့ အမေရိကန် ခရိုင် တရားသူကြီးတစ်ဦး ဖြစ်တဲ့ အမစ် မာဟ်တာက အမိန့်ချလိုက်ပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ ဒီ သမိုင်းဝင် ဆုံးဖြတ်ချက်ဟာ ဂူလဲလ်ရဲ့ မိခင်ကုမ္ပဏီ “အယ်လ်ဖာဘက်” အပေါ် အတော်လေး သက်ရောက် ရိုက်ခတ်သွားစေပါတယ်။ အယ်လ်ဖာဘက်အနေနဲ့ သူတို့ရဲ့ စီးပွားရေးကို ရှေ့လျှောက် ဘယ်လို လုပ်ဆောင်မလဲ ဆိုတာကို ပြန်လည် စဉ်းစား ပြင်ဆင်ဖို့ အထိ ဖြစ်လာနိုင်ပါတယ်။
ဂူဂဲလ်ကို အွန်လိုင်းရှာဖွေမှု စျေးကွက်ရဲ့ ၉၀% အထိ လက်ဝါးကြီးအုပ် ထိန်းချုပ်ထားမှုနဲ့ အမေရိကန် တရားရေးဌာနက ၂၀၂၀ ခုနှစ်မှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ လွတ်လပ်စွာ ယှဉ်ပြိုင် ကုန်သွယ်ရေး၊ စီးပွားရှာရေးကို ကာကွယ်ဖို့ ထူထောင်ထားတဲ့ အာဏာပိုင်တွေဟာလည်း အွန်လိုင်း ရှာဖွေမှု စျေးကွက်မှာ ဂူးဂဲလ်ချည်း လွှမ်းမိုးထားတာမျိုး မဟုတ်ပဲ၊ တခြား ပြိုင်ဘက်တွေလည်း ဖွံ့ဖြိုး ကြီးထွားလာနိုင်စေဖို့ ကြိုးစား နေပါတယ်။
ဂူးဂဲလ် အနေနဲ့ အခု အမှု ကိစ္စ တစ်ခုတည်းတင် မကပဲ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဆိုင်ရာ အခြေခံကနေ တရားစွဲ ခံထားရတဲ့ တခြား အမှုကိစ္စတွေ နဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အခု အမေရိကန် တရားရေးဌာနနဲ့ ထိပ်တိုင်ရင်ဆိုင်ရတဲ့ အမှုကတော့ ဂူးဂဲလ်ကုမ္ပဏီကြီး ရှေ့လျှောက် ဆက်လက် ရပ်တည်သွားနိုင်ပါ့မလား ဆိုတဲ့ အထိအောင် ခြိမ်းခြောက် နေခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခဲ့ကြပါတယ်။
လောလောဆယ်အထိတော့ ဂူဂဲလ်နဲ့ အယ်လ်ဖာဘက်အပေါ် ဘယ်လို ပြစ်ဒဏ်မျိုးတွေ အတိတကျ ချမှတ်တယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်ထွက် မလာသေးပါဘူး။
လျော်ကြေး ဒါမှမဟုတ် ဘယ်လို ပုံစံမျိုးနဲ့ နစ်နာကြေးတွေ ပေးဆောင်ရမယ် ဆိုတာကို ဆုံးဖြတ်ချက် ချပေးမယ့် တရားရုံး ကြားနာပွဲတစ်ရပ် ပြုလုပ်လာမှာ ဖြစ်ပါတယ်။
အမေရိကန် အစိုးရကတော့ ကုမ္ပဏီ ဖွဲ့စည်းတည်ဆောက်ပုံ တစ်ခုလုံး ဖြေလျှော့ဖို့ လိုတယ် ဆိုတဲ့ စကားလုံး ဝေါဟာရကို သုံးပြီး တိုက်တွန်းထားပါတယ်။ အဲဒါဟာ သီအိုရီအရဆိုရင် ကုမ္ပဏီကို သီးခြား အပိုင်းလိုက် အပိုင်းလိုက်တွေ အဖြစ် ခွဲလိုက်ဖို့ ဆိုတဲ့ အဓိပ္ပာယ်အထိ သက်ရောက်နေပါတယ်။
ဂူးဂဲလ်ဟာ စမတ်ဖုန်းတွေ အပါအဝင် တခြား အင်တာနက် ဘရောက်ဇာတွေ ပေါ်မှာပါ သူတို့သာ search engine လို့ ခေါ်တဲ့ အွန်လိုင်းရှာဖွေရေးမှာ အလိုအလျောက် ဦးစားပေး မူလပထမ search engine ဖြစ်နေစေဖို့ရာ ဒေါ်လာ သန်းထောင်ပေါင်းများစွာ အသုံးပြုထားတယ် ဆိုပြီး တရားသူကြီး ချမှတ်လိုက်တဲ့ အခု ဆုံးဖြတ်ချက်ထဲမှ ထည့်သွင်း ပြောထားပါတယ်။
စာမျက်နှာ ၂၇၇ မျက်နှာထိအောင် ပါဝင်တဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ထဲ “ဂူးဂဲလ်ဟာ လက်ဝါးကြီးအုပ် ဝါဒီဖြစ်ပြီး၊ လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အခြေအနေမှာ တည်မြဲနေစေဖို့ ပြုမူဆောင်ရွက်ခဲ့တယ်” လို့ ဆိုထားပါတယ်။
တရားသူကြီး ဆုံးဖြတ်ချက် အပေါ် အယူခံဝင်သွားမယ်လို့ အယ်လ်ဖာဘက် ကုမ္ပဏီက ပြောပါတယ်။
“အခု တရားသူကြီး ဆုံးဖြတ်ချက်ထဲမှာကို ဂူးဂဲလ်ဟာ အကောင်းဆုံး အွန်လိုင်းရှာဖွေမှု ဖြည့်ဆည်းပေးနိုင်တဲ့ search engine ဖြစ်တာကို အသိအမှတ်ပြု ထားပေမယ့်၊ အဲဒီ အကောင်းဆုံး ဝန်ဆောင်မှုကို လူတွေဆီ လွယ်လွယ်နဲ့ ရောက်ဖို့ရာ ခွင့်မပြုသင့်ဘူး ဆိုတဲ့ ပုံစံမျိုး ကောက်ချက်ချထားတယ်” လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲ ဝေဖန်ထားပါတယ်။
တရားသူကြီး မာဟ်တာရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်ရဲ့ ရှေ့နေချုပ် မားရစဂါလဲန်ကတော့ အမေရိကန် ပြည်သူတွေရဲ့ သမိုင်းဝင် အောင်ပွဲ ဆိုပြီး ချီးကျူး ဂုဏ်ပြု ပြောဆိုပါတယ်။
ဘယ်လောက်ကြီးတဲ့ ကုမ္ပဏီဖြစ်ဖြစ်၊ ဘယ်လောက် သြဇာညောင်းညောင်း ဥပဒေရဲ့အထက်မှာ ရှိလို့ မရဘူးလို့ ရှေ့နေချုပ် ဂါလဲန်က ပြောပါတယ်။ တရားရေးဌာန အနေနဲ့လည်း စီးပွားရေး လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဆိုင်ရာ ဥပဒေတွေ သက်ရောက်မှု ရှိအောင် အပြင်းထန်ဆုံး ဆက်လက် လုပ်ဆောင် သွားမယ်လို့လည်း ဆိုပါတယ်။
အခုဆုံးဖြတ်ချက်ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ သီတင်းပတ် ၁၀ ပတ် ကြာအောင် တရားရုံး ကြားနာမှု ပြုလုပ်ပြီးတဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီ အမှုမှာ အစိုးရ တရားစွဲ ရှေ့နေတွေဘက်က အဓိက ပြောကြားခဲ့တဲ့ အချက်ကတော့ ဂူဂဲလ်ဟာ အက်ပဲလ်၊ ဆမ်ဆောင်းနဲ့ မိုဇီလာ အပါအဝင် ပလက်ဖောင်း အမျိုးမျိုးမှာ သူတို့သာ search engine အလိုအလျောက် ဖြစ်နေစေဖို့ ဂူဂဲလ်ကို အဆင်သင့် ကြိုသွင်း ပေးထားတဲ့ သဘောတူမှု ရအောင် နှစ်စဉ်ကို ဒေါ်လာ သန်း ထောင်ပေါင်းများစွာ ပေးနေခဲ့တယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
အဲဒီလို ငွေနဲ့ဖိပြီး လုပ်ဆောင်နေတာကြောင့် တခြား ကုမ္ပဏီတွေ အတွက် အဓိပ္ပာယ်ရှိတဲ့ ပြိုင်ဆိုင်နိုင်ခွင့် အခွင့်အရေး လုံးဝ မရစေတော့ဘူးလို့ ဆိုပါတယ်။
ဒီအကြောင်း အကောင်းဆုံး ဖော်ပြနေတဲ့ သက်သေကတော့ ဂူးဂဲလ် ကနေ ဘယ်လောက် ထိအောင် ငွေတွေ ဝင်နေသလဲ ဆိုတဲ့ အချက်ပဲ ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနရဲ့ အစိုးရရှေ့နေ ကဲနက် ဒင်ဇာက ရုံးတော်ကို ပြောကြားခဲ့ပါတယ်။
ဂူးဂဲလ် အွန်လိုင်း ရှာဖွေမှု search engine ဟာ ကုမ္ပဏီကြီး တစ်ခုလုံး အတွက် ဝင်ငွေ အကြီးအကျယ် ရှာဖွေပေးနေတာ ဖြစ်ပါတယ်။ ဂူးဂဲလ်ပေါ်မှာတင်တဲ့ ကြော်ငြာခတွေ ကနေ အဓိက ငွေဝင်နေတာ ဖြစ်ပြီး တစ်နှစ်တစ်နှစ်ကို ဒေါ်လာ ဘီလျံပေါင်းများစွာထိအောင် ရနေပါတယ်။
ဂူဂဲလ်ဟာ သူတို့အတွက် အသုံးဝင်နေကြောင်း လူတွေက အသိအမှတ်ပြု လက်ခံပြီး သုံးနေတာ ဖြစ်သလို၊ ဂူဂဲလ်အနေနဲ့လည်း အသုံးပြုသူတွေ အတွက် ပိုပြီး ကောင်းသထက် ကောင်းအောင် အကြီးအကျယ် ပြန် ရင်းနှီးမြှုပ်နှံနေတာ ဖြစ်တယ်ဆိုပြီး ဂူဂဲလ်ရှေ့နေတွေက ခုခံ ချေပ ခဲ့ကြပါတယ်။
စျေးကွက်မှာ ဂူဂဲလ်နိုင်တယ်ဆိုတာ ဂူဂဲလ်က ပိုကောင်းလို့ပဲ ဆိုပြီး ဂူဂဲလ်ရဲ့ ရှေ့နေ ဂျွန် ရှမစ်ဒ်လျံက တရားရုံးကို ပြောခဲ့ပါတယ်။
ဂူဂဲလ်အနေနဲ့ သူတို့ရဲ့ ကြော်ငြာနည်းပညာနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ နောက်အမှုတစ်ခုလည်း အမေရိကန်ထဲမှာ နောက်လ စက်တင်ဘာဆိုရင် စတင်ကြားနာလာဖို့ ရှိနေပါတယ်။
ဥရောပမှာဆိုရင်လည်း စျေးကွက် လက်ဝါးကြီးအုပ်မှု စွဲချက်တွေနဲ့ ဂူဂဲလ်ဟာ ဒဏ်ကြေး ဒေါ်လာ ဘီလျံပေါင်းများစွာ ချမှတ် ခံထားရပါတယ်။