ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်းကျောင်းတွေက ဆံပင်တော်လှန်ရေး - အနှစ် ၅၀ ဆံပင် ကန့်သတ်ချက် အမိန့်ကို ထိုင်း တရားရုံးချုပ် ပယ်ဖျက်
ထိုင်းနိုင်ငံမှာ ကျောင်းသူမိန်းကလေးတွေ ကျောပေါ်ထိအောင် ဆံပင် အရှည်ထားခွင့်၊ မစည်းမနှောင်ဘဲ ဖြန့်ထားပိုင်ခွင့် တရားဝင် ရရှိသွားပြီ ဖြစ်ပါတယ်။ ကြားရင် အထူးအဆန်းလို့ ထင်မိမှာပါ။ တကယ်တော့ ထိုင်းမှာ ရှိနေတဲ့ ပညာရေး ဝန်ကြီး ဌာနရဲ့ ဆံပင်နဲ့ ပတ်သက်တဲ့ ညွှန်ကြားချက် အမိန့်ကို ပယ်ဖျက်နိုင်အောင် ကြိုးစားနေခဲ့တာ နှစ်များစွာ ရှိနေခဲ့ပါပြီ။
အခု မတ်လ ဆန်း ပထမ ပတ်ထဲမှာပဲ ထိုင်းရဲ့ အမြင့်ဆုံး တရားရုံးတော်က ပညာရေးဌာနရဲ့ အနှစ် ၅၀ ကြာမြင့် ခဲ့ပြီ ဖြစ်တဲ့ ညွှန်ကြားချက်ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အဲဒီ ညွှန်ကြားချက်က ဘယ်လို စည်းကမ်းတွေ ချမှတ်ထားသလဲ ဆိုရင် ကျောင်းသား ဆိုရင် ဆံပင်တို၊ ကျောင်းသူ ဆိုရင် နားရွက် လောက် အထိပဲ ရှည်တဲ့ ဆံပင် ကုပ်ဝဲ ထားရမယ်လို့ တင်းကျပ် ထားပါတယ်။
လက်တွေ့မှာတော့ ထိုင်းနိုင်ငံ တဝန်းက ကျောင်းတွေ အတော်များများမှာ အဲဒီ စည်းကမ်း ဥပဒေသကို တင်းတင်းကျပ်ကျပ် လိုက်နာတာမျိုး မလုပ်ဘဲ၊ တဖြေးဖြေးချင်း ဖြေလျှော့ လာခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်၊ ၁၉၇၅ ထိုင်း အစိုးရရဲ့ အမိန့် ညွှန်ကြားချက်ကို လိုက်နာ နေကြဆဲ ကျောင်းတွေလည်း ရှိနေကြဆဲ ဖြစ်ပါတယ်။ အဲဒီလို တင်းကျပ်တဲ့ ကျောင်းမျိုး ဆိုရင် ဆံပင်ပုံစံ စည်းကမ်းကို မလိုက်နာရင် ဇွတ်အတင်း ညှပ်တာမျိုး ပြုလုပ်လေ့ ရှိပါတယ်။
အဲဒီ ၁၉၇၅ ညွှန်ကြားချက်ဟာ ထိုင်း အခြေခံ ဥပဒေက အာမခံထားတဲ့ တသီးပုဂ္ဂလ လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေပြီး မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနဲ့ မကိုက်ညီတော့ဘူးလို့ တရားရုံးတော်ရဲ့ အမိန့်ထဲ ပြောထားပါတယ်။
အဲဒီ တရားရုံး အမိန့်ဟာ အစိုးရကျောင်း ၂၃ ကျောင်းက ကျောင်းသား ကျောင်းသူ အယောက် ၂,၀၀၀ ကျော် စုပေါင်းပြီး တင်သွင်းခဲ့တဲ့ အမှုကို တရားရုံးက လက်ခံ ကြားနာပြီး ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆံပင်ပုံစံ လမ်းညွှန်ချက်ကို ပယ်ဖျက်ရေး ထိုင်း ကျောင်းသား ကျောင်းသူ တက်ကြွ လှုပ်ရှားသူတွေ ဆော်ဩ နေခဲ့တာ နှစ်ကာလ တာရှည် ခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ပန်တင်း ထာနုထာနာနုဆက သူတို့ ငယ်ငယ်တုန်းကဆိုရင် ကလေးတွေရဲ့ အမြင်နဲ့ အဲဒီလို စည်းကမ်း အမိန့်မျိုးကို ပြောင်းအောင် လုပ်လို့ မရနိုင်လောက်ဘူးလို့ မှတ်ယူခဲ့ကြပေမယ့်၊ စိန်ခေါ်လိုတဲ့ စိတ်မျိုးတော့ ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
"လူငယ်တွေ အပေါ် ဖိနှိပ်ထားတဲ့ လူကြီးတွေရဲ့ အမိန့်အာဏာကို ဘယ် ကျောင်းသူ ကျောင်းသားကမှ အာခံတာမျိုး မလုပ်ဝံ့ဘူး ဆိုရင် ဘဝ တစ်သက်တာလုံး ခါးသည်းနေစေမယ့် အရှက်တကွဲ အကျိုးနည်း အတွေ့အကြုံမျိုးတွေနဲ့ ကြီးပြင်းလာရဖွယ် ရှိပါတယ်" လို့လည်း သူက ဆိုပါတယ်။
ဆံပင် စည်းကမ်းအမိန့်ကို ပယ်ဖျက်နိုင်ရေး အစဉ်တဆက် လှုပ်ရှားလာခဲ့တာမှာ ၂၀၂၀ ခုနှစ်က စပြီး ယောက်ျားလေး၊ မိန်းကလေး ဆံပင်ရှည်ထားလိုသူတွေ ထားနိုင်တယ် ဆိုတဲ့ ဖြေလျှော့မှုမျိုး ပညာရေး ဝန်ကြီးဌာန က လုပ်လာပါတယ်။
ဒါပေမယ့် အဲဒီ အပေါ် ကန့်သတ်ချက်မျိုးတွေ ထပ်ပြီး ချမှတ်ပြန်ပါတယ်။ ကျောင်းသား ဆိုရင် လည်ကုပ်ကို မဖုံးစေရ၊ ကျောင်းသူ ဆိုရင် ဆံပင်ရှည်ကို စည်းနှောင်ထားရမယ် … ဖြန့်ချမထားရ ဆိုပြီး ကန့်သတ်ပါတယ်။
အဲဒီ စည်းကမ်း ကန့်သတ်ချက်တွေကို ၂၀၂၃ မှာတော့ ပြန်လည် ရုပ်သိမ်းပါတယ်။ အဲဒီ အချိန်က ပညာရေး ဝန်ကြီး သရီနု ထရင်ထောင်ရဲ့ ကြေညာချက် ထွက်လာတာမှာ "ကျောင်းသူကျောင်းသားတွေ၊ မိဘတွေနဲ့ ကျောင်းအာဏာပိုင်တွေကြား ဘယ်လို ဆံပင်ပုံစံမျိုးဟာ ကိုယ့် ကျောင်းမှာတော့ လက်ခံနိုင်တဲ့ ပုံစံမျိုး ဖြစ်တယ် ဆိုတာ ညှိနှိုင်းယူကြပါ" လို့ ဆိုထားပါတယ်။
အဲဒီလို ဆံပင်စည်းကမ်းတွေ အဆင့်ဆင့် အပြောင်းအလဲ ရှိလာချိန်မှာပဲ ၁၉၇၅ စည်းကမ်း ဥပဒေကို တသမတ်တည်း ကိုင်စွဲ နေခဲ့တဲ့ ကျောင်းတချို့လည်း ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဆံပင်ကို ဇွတ် အတင်း ညှပ်ပစ်တဲ့ နည်းကိုလည်း အပြစ်ပေး စည်းကမ်းကိုင်တဲ့ နည်းလမ်း တစ်ခု အဖြစ် သုံးနေခဲ့ကြပါတယ်။
ဆံပင် စည်းကမ်း မလိုက်နာသူတွေကို မနက် တန်းစီ စုဝေးချိန်မှာ ပုံဆိုးပန်းဆိုး တို သွားအောင် ဇွတ်ညှပ်ပစ်တာမျိုးတွေ လုပ်တဲ့ ကျောင်း ဆရာ ဆရာမတွေ ရှိနေခဲ့ ကြပါတယ်။
ဒါ့အပြင် အစိုးရကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေကြား နဖူးပေါ် ဆံပင်တွေ ဘုတ်သိုက်ချတဲ့ စတိုင်နဲ့ ဆံပင်တွေ ဆေးဆိုးကြတဲ့ ဖက်ရှင် အင်မတန် ခေတ်စား တွင်ကျယ်လာတဲ့ အခါ အဲဒီလို မလုပ်ဖို့ တားဆီး ပိတ်ပင်တဲ့ ကျောင်းတွင်း အမိန့်တွေ ထုတ်ပြန်တာမျိုးလည်း ရှိခဲ့ပါတယ်။
ကျောင်းသားကျောင်းသူ အရွယ် ဆံပင်တိုတို သေသေသပ်သပ်ထားတာ၊ စည်းနှောင်တာတွေဟာ ပိုပြီး ကောင်းမွန်တဲ့၊ လူ့စည်းကမ်းကို ပျိုးထောင်တဲ့ ပုံစံ အဖြစ် သဘောတူတဲ့ အမြင်တွေလည်း တစ်ဖက်မှာ ရှိနေပါတယ်။
အခုနှစ်ဆန်း ဇန်နဝါရီလမှာတော့ ပညာရေး ဝန်ကြီးဌာနက ကျောင်းသူ ကျောင်းသားတွေ ဆံပင်ရှည်မှု အပေါ် ကန့်သတ်ချက် အားလုံးကို ပယ်ဖျက်ပါတယ်။
"ပညာရေးကဏ္ဍရဲ့ ရှုထောင့် အစုံမှာ မတူကွဲပြားမှုနဲ့ မျှတစွာ ဆက်ဆံမှုကို မြှင့်တင်ပေးဖို့ရာ အရေးကြီးတဲ့ အကြောင်း ဝန်ကြီးဌာန အနေနဲ့ အသိအမှတ်ပြု လက်ခံတယ်" လို့ ကြေညာချက် ထုတ်ပါတယ်။
အခုအခါ ၁၉၇၅ ပညာရေး ဝန်ကြီးဌာနရဲ့ ဆံပင် လမ်းညွှန်မိန့်ကို တရားရုံးက တရားဝင် ပယ်ဖျက် လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကျောင်းချင်းစီ အနေနဲ့ ကိုယ်စီ စည်းကမ်းတွေ ထုတ်ရမှာ ဖြစ်တဲ့ အတွက် ပိုပြီး ရှေးရိုးစွဲ ဆန်တဲ့ ကျောင်းမျိုးတွေမှာ ဆိုရင် ဆံပင်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဆက်ပြီး ကျင့်သုံးနိုင်ဖွယ် ရှိတယ်လို့ ကျောင်းသား အခွင့်အရေး ဆော်ဩ လှုပ်ရှားခဲ့သူ ပန်တင်း ထာနုထာနာနုဆ က ဆိုပါတယ်။
"ဘာပဲပြောပြော နှစ်ရှည်လများ ကြိုးစား တိုက်ပွဲ ဝင်ခဲ့ရကျိုး နပ်ပြီး လက်တွေ့ ထင်သာ မြင်သာ တိုးတက်မှုမျိုး ရှိလာတဲ့ အပေါ် ဝမ်းသာတယ်၊ အခု တရားရုံး အမိန့်ကနေ တဆင့် အခြေခံ လူ့အခွင့်အရေးတွေ အပေါ် သိမြင်နားလည် နိုင်အောင် ကျောင်းတွေမှာ အသိအမြင် သွတ်သွင်းပေးနိုင်တဲ့ အခြေအနေကို ရောက်စေဖို့ မျှော်လင့်တယ်"လို့လည်း သူက ဆိုပါတယ်။