ဧပြီ ၁၅ ရက်ထိပ်တန်းသတင်းများ- လွိုင်ကော်က ကယားပြည်နယ်ဗဟိုသင်္ကြန်မဏ္ဍပ်ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရတာတွေရှိ

လွိုင်ကော်သင်္ကြန်မဏ္ဍပ် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲ စစ်ကောင်စီခန့် အရာရှိတချို့ ပါဝင်တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ပြော

စစ်ကောင်စီဘက်ကတော့ သတင်းမထုတ်ပြန်သေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ဧပြီ ၁၅ ရက် မနက် (သင်္ကြန်အကြတ်နေ့) ၈ နာရီကျော်မှာ စစ်ကောင်စီ သင်္ကြန်မဏ္ဍပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူ နှစ်ဆယ်ကျော်ရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

"နယ်လုံလည်း လုပ်ဖူးတယ်၊ စစ်ကြောင်းမှူးလည်း လုပ်ဖူးတဲ့ အခု စစ်ကောင်စီခန့်ဝန်ကြီးချုပ်ရဲ့ ပီအေ (ကိုယ်ရေးအရာရှိ) ထိခိုက်တယ်သိရတယ်။ အဲဒီ ဗိုလ်ချုပ် ကိုယ်တိုင် ထိမထိတော့ မသိဘူး။ ၂၄ ဦး ထိတယ်လို့ အတည်ပြုနိုင်တယ်"လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီမဏ္ဍပ်မှာ ဗုံးပေါက်တာ သုံးကြိမ်ကြားရပြီး ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီရဲ့ ဆေးရုံကြီးကားနဲ့ ခေါ်ဆောင်သွားတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီသတင်းတွေကိုဖော်ပြလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တချို့မှာတော့ ဒီနေ့မနက်ပိုင်းက လွိုင်ကော်က ရေကစားမဏ္ဍပ်ကို KNPP/KNDF တို့က ရှော့တိုက်ဒုံး၊ Drop ဗုံးတွေနဲ့ပစ်ခတ်လို့ ၂၅ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၆ ဦးမှာ စိုးရိမ်ရတယ်လို့ ဖော်ပြနေပါတယ်။

စစ်ကောင်စီသတင်းတွေကိုထုတ်ပြန်တဲ့ News of Myanamar ချန်နယ်မှာတော့ ဗုံးဟာ မဏ္ဍပ်ရှေ့က ရေကစားနေတဲ့သူတွေကြား ကျရောက်ပေါက်ကွဲပြီး ၂၆ ဦးဒဏ်ရာရကာ ၆ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ကယားပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်းဖော်ပြထားပါတယ်။

လွိုင်ကော်က ကယားပြည်နယ်ဗဟိုသင်္ကြန်မဏ္ဍပ်ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရတာတွေရှိ

ကယား(ကရင်နီ) ပြည်နယ် အစိုးရရုံး ဗဟိုသင်္ကြန်မဏ္ဍပ်မှာ ဒီနေ့ ဧပြီ ၁၅ ရက်သင်္ကြန်အကြတ်နေ့မနက် ၈ နာရီကျော်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူဆယ်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီပေါက်ကွဲမှုမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာလို့ သတင်းဖော်ပြမှုတွေရှိနေပေမဲ့လည်း ဘီဘီစီက အတည်မပြုနိုင်သးသလို ထိခိုက်သူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာတော့ ဘီဘီစီက ဆက်လက်စုံစမ်းနေပါတယ်။

“မနက်က ရှစ်နာရီကျော်လောက်ကဖြစ်တာ။ ဗုံးပေါက်ပြီးတော့ ဒဏ်ရာရသူတွေကိုတော့ သူတို့ အစိုးရဆေးရုံကားတွေနဲ့ ဆေးရုံကို ပို့တာသိရတယ်။ အခု ပြောနေတာကတော့ လူ ၂၀ ကျော်လောက်ထိတယ်ပေါ့နော်။ ဒါမဲ့ ကျွန်တော်တို့က မသွားရတော့သေချာမသိရပါဘူး။ အခုကတော့ အဲဒီမဏ္ဍပ်လည်း ငြိမ်သက်သွားပါတယ်။ မြို့ထဲမှာလည်း လူကမရှိသလောက်ရှင်းသွားပါပြီ။ ရေကစားသူလည်းမရှိတော့ပါဘူး”လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုနှစ် သင်္ကြန်ကာလအတွင်း အကြိုနေ့ ဧပြီ ၁၃ ရက်နေ့ မှာ လားရှိုးမြို့အဝင် ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီ လူ လေးဦးကို ပီဒီအက်ဖ်တွေကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ​စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုန့ယ်က ကြွယ်ပုံကျေးရွာမှာလည်း သင်္ကြန်ရေကစားနေသူတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၈ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ အဲဒီရွာဟာ စစ်ကောင်စီကိုလိုလားတဲ့အရပ်အခေါ် ပျူစောထီးအဖွဲ့တွေအားကောင်းတဲ့ကျေးရွာဖြစ်ပြီး အဲဒီအဖွဲ့တွေဦးစီးလုပ်ဆောင်တဲ့ သင်္ကြန်မဏ္ဍပ်ကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြသလို ဒေသခံတွေကလည်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေအခြေဆိုက်တဲ့ကျေးရွာလို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေထဲ​ကလေးငယ်တွေပါတယ်ဆိုတဲ့အပေါ်မှာတော့ သီးသန့် ပြောကြားထား မရှိပါဘူး။

အလားတူ စစ်ကိုင်းမြို့နယ်မှာ သင်္ကြန်အကျနေ့က ကမ်းနားလမ်းမှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်မှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဧပြီ ၁၄ ရက်ညပိုင်းမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မြို့တော် သတင်းက ဖော်ပြထားပါတယ်။

ပဇီကြီးလေကြောင်းတိုက်ခိုက်မှု-ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာလို့ KIO ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်က ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ရွာသူရွာသားတစ်ရာကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဒီနေ့ ဧပြီ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာ လို့ ရှုမြင်ပြီး သေဆုံးခဲ့ရသူတွေရဲ့မိသားစုဝင်တွေ မိတ်ဆွေတွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။

ပြည်သူကို ကာကွယ်ရမယ့်အစား ရန်ကသူသဖွယ် အရပ်ဘက် စစ်ဘက်မခွဲခြားဘဲစစ်ရေးပစ်မှတ်မဟုတ်တဲ့ ရပ်ရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီကတော့ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာ ကျေးရွာအပြင်ဘက်မှာ သီးခြားတည်ရှိနေတဲ့အဆောက်အအုံကို စစ်ဘက်ပစ်မှတ်တစ်ခုအနေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပြီး ပဇီကြီးရွာမှာ NUG ရဲ့ အနောက်ပိုင်းဌာနချုပ် အဖြစ် ဌာနချုပ်တည်ဆောက်ဖို့ လုပ်ဆောင်လာတာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆေးရေး အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေကတော့ သေဆုံးသူအများစုဟာ အရပ်သားပြည်သူတွေဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် စုစုပေါင်း သေဆုံးသူ ၁၇၁ ဦးထိ ရှိခဲ့ကြောင်းနဲ့ ပဇီကြီးမှာ KIA လည်းမရှိကြောင်း၊ ဌာနချုပ်ကြီးလည်းမရှိကြောင်းနဲ့ မိမိရပ်ရွာလုံခြုံရေးအရ ဖွဲ့စည်းထားတဲ့ ကျေးရွာလုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေသာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ကျောက်ကြီးမြို့နယ်ထဲ အရပ်သားတွေ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရ

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဒေသခံ ၅ ဦး လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုပြီး KNU ဘက်က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ တပ်ဟာ ဧပြီလ ၁၃ ရက် မနက်ပိုင်းမှာ ကျောက်မော်ဘုရားကြီးကျေးရွာက ပြည်သူ ၅ ဦးနဲ့ ကော်သာစေးကျေးရွာက ပြည်သူ ၁ ဦးကို ပန်းအင်းကျေးရွာမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီပြည်သူ ၆ ဦးဟာ လုပ်ကိုင်စားသောက်ဖို့နဲ့စျေးဝယ်ဖို့ သွားလာချိန်မှာဖမ်းဆီးခံရတာဖြစ်ပြီး ပန်းအင်းကျေးရွာက ဒေသခံကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန် ၅ ဦးကို တော့ စစ်ကောင်စီတပ်က သူတို့ရဲ့ဘောကထာစခန်းကို လမ်းအပြအဖြစ် ခေါ် သွားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့မတိုင်ခင် ဧပြီလ ၁၁ ရက်တုန်းကလည်း စစ်ကောင်စီတပ်ဟာ ဘောကထာစခန်းကနေ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ချိန် မဘီလေးနဲ့ ငဖယ်အင်းကျေးရွာတို့က နေအိမ်အချို့ လက်နက်ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ၅၀၀ နီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ကေအဲန်ယူဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

အရာတော် ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ တော်လှန်သင်္ကြန် သံချပ် မြင်ကွင်းများ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံမှုအားကောင်းတဲ့ အညာဒေသ စစ်ကိုင်းတိုင်းထဲက တစ်နေရာမှာတွေ့ရတဲ့ သံချပ်မြင်ကွင်းတွေပါ။

ဒီတော်လှန်သံချပ် သင်္ကြန်လူထု သပိတ်စစ်ကြောင်းကိုတော့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းသားများသမဂ္ဂ၊ ဒေသခံ တွေပူးပေါင်းပြီး ဧပြီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းရဲ့ကျေးရွာ သောင်းနဲ့ချီဟာ မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ဘေးရှောင်ကလည်း သိန်းနဲ့ချီရှိနေပေမဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက မြို့နယ်အများစုကို ၂၀၂၃ ဖေဖော်ဝါရီလမှာ စစ်အုပ်ချုပ်ရေး ထပ်တိုးထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့မြေပြင်မှာတော့ တိုက်ပွဲတွေဆက်ရှိနေသလို စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့လူထုသပိတ်တွေလည်း ဆက်ရှိနေပြီး အခု သင်္ကြန်ကာလမှာလည်း စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးအင်အားစုတွေရဲ့ သံချပ်ထိုးတာတွေ လည်း ရှိနေပါတယ်။

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု-စစ်ရှောင် သုံးရာကျော် အရေးပေါ်အကူအညီတွေလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်မှာရှိတဲ့ ပဇီကြီးကျေးရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မနက်ပိုင်းမှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇၁ ဦးသေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာမှာ စစ်ဘေးရှာင် သုံးရာကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ သန့်ရှင်းတဲ့ရေအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေထံက သိရပါတယ်။

“စစ်ဘေးရှောင်တွေက တူရာတူရာလေးတွေစုနေကြတာပေါ့။ တချို့ နေရာတွေမှာ လူ ၅၀။ တချို့ နေရာ လူ ၁၀၀ အဲဒီလိုမျိုးလေးတွေ လေးနေရာလောက် ရှိတယ်။ အကူအညီပေးသူတွေလာရင်တောင်အရမ်းကြောက်လန့်နေကြတာ။ ဘယ်သူတွေလဲ၊ ဘာလာလုပ်ကြမှာလဲ ဆိုပြီး စိုးရိမ်နေကြတယ်။ စစ်ရှောင်တွေက အများစုကတော့ ကလေးငယ်တွေနဲ့အမျိုးသမီးတွေများတယ်။ နေရာထိုင်ခင်းကလည်း အဆင်မပြေဘူး။ လမ်းပန်းကလည်းမသာဘူး။ သွားလာရအရမ်းခက်ခဲတယ်။ တချို့နေရာတွေကျတော့ရေကိုမရှိတာ။ တချို့နေရာတွေကျတော့ ရေတော့ရှိတယ်။ မသန့်ရှင်းဘူး။ နောက် လေဖြတ်လူနာလို သွေးတိုးလို နာတာရှည်ဝေဒနာသည်တွေပါတယ်။ အားလုံးက လက်လွတ် ကိုယ်လွတ်ထွက်ပြေးလာရတာဆိုတော့ ဘာဆိုဘာမှကိုမပါဘူး။ တောထဲက အသီးတွေကောက်စားရတာလည်းရှိတယ်။ လိုအပ်ချက်ကတော့အရမ်းကြီးတယ်။ အခု ကျွန်တော်တို့ ဝန်ကြီး ဦးရည်မွန်ကတော့ မနေ့က ဒီရုံးအကြောင်း စကားထွက်ပြောတာတွေ့တယ်။ အခု စစ်ရှောင်တွေအတွက်လည်း NUG က တာဝန်ရှိသူတွေ အားပေးစကားပြောတာမျိုး လုပ်သင့်တယ်လို့ထင်တယ်။ စိတ်ပိုင်းဆိုင်ရာကလည်း စစ်ရှောင်တွေအရမ်းကိုထိခိုက်နေကြတယ်”လို့ မြေပြင်မှာ ကူညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပဇီကြီးကျေးရွာကို ဆက်လက်ရှင်းလင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် ပဇီကြီးအပါအဝင် အနီးအနားက ကျေးရွာတွေကပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီကျေးရွာမှာ KIA/PDF တွေက နယ်မြေစိုးမိုးဖို့လုပ်ဆောင်တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

“စစ်တပ်ထုတ်ပြန်ချက်ကဗျာ ပဇီကြီးနဲ့ ဒီနားတွေမှာ တကယ့်ဌာနချုပ်ကြီးပဲတည်ရှိနေတဲ့ပုံမျိုးအမြစ်ပြတ် ချေမှုန်းမယ်လို့ ပြောနေတာ။ နောက်ပြီး KIA လည်း ဘယ်ကရှိရမှာတုန်း။ မရှိပါဘူးဗျာ။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ပြည်သူတွေရဲ့ဆင်းရဲဒုက္ခကိုဖြေရှင်းဖို့အတွက်ပဲ ဆောင်ရွက်တာပါ”လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ပဇီကြီးကျေးရွာရဲ့ မြေပြင် အခြေအနေမှန်နဲ့ပတ်သက်လို့ ကန့်ဘလူဒေါင်းနီအဖွဲ့ကလည်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုဒီကနေ့ ဧပြီ ၁၅ ရက်မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့ရှိနေပါတယ်။

စစ်ကောင်စီကတော့ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းဝန်ခံထားပြီး အဲဒီမှာ ၄င်းတို့ရဲ့တိုက်ခိုက်မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အခင်းဖြစ်ရာအနီးတဝိုက်က လက်နက်ခဲယမ်းနဲ့မိုင်းတွေ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများပြားတာဆိုပြီးထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့ အပြိုင်ကျင်းပတဲ့ သင်္ကြန်စည်ကား

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့က သင်္ကြန်ပွဲတော်ကို အပြိုင်အဆိုင်ကျင်းပနေကြတာဖြစ်ပါတယ်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ကတော့ ရခိုင်ရိုးရာ နံ့သာသွေးပွဲတော်နဲ့ ဘုရားရေသပ္ပာယ်ကြပြီး ဧပြီ ၁၄ မှာတော့ သင်္ကြန်ရေပက်ကစားတာတွေရှိနေကြပြီဖြစ်ပါတယ်။

စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ စစ်တွေမြို့မှာ မနေ့ကတစ်နေကုန် ဘုရားရေသပ္ပာယ်ကြတဲ့မြင်ကွင်းတွေနဲ့ စည်ကားနေခဲ့တာဖြစ်ပါတယ်။

ပြည်နယ်မြို့တော် စစ်တွေအပါအဝင် ခရိုင်မြို့ကြီးတွေမှာလည်း စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို ဦးစီးကျင်းပနေတာဖြစ်ပြီး အေအေကတော့ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကျောက်တော်မြို့နယ် ဇီးချောင်းအပါအဝင် နယ်ဘက်တွေမှာ ဦးစီးကျင်းပနေကြတာဖြစ်ပါတယ်။