ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘိုလီဗီးယား - ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများဆုံးဖြစ်ပွားရတဲ့အကြောင်းရင်း ၃ ချက်
- ရေးသားသူ, ဖာနန်ဒါ ပေါလ်နဲ့ ဟိုဆေး ကားလို့စ် ကွေတို
- ရာထူးတာဝန်, ဘီဘီစီ မွန်ဒို
ဘိုလီဗီးယားနိုင်ငံမှာ လာပတ်ဇ်မြို့က သမ္မတ နန်းတော်ကို စစ်သားတွေက စီးနင်းဝင်ရောက်ပြီး နာရီပိုင်း အကြာမှာပဲ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းတယ်လို့ ယူဆရတဲ့ ခေါင်းဆောင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အစိုးရရုံးအဆောက်အအုံတွေနဲ့ပြည့်နေတဲ့ မြို့တော်က မူရီညို ရင်ပြင်ရှေ့မှာ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ သံချပ်ကာယာဥ်တွေလည်း နေရာယူခဲ့ပါတယ်။ အဲဒီထဲက သံချပ်ကာယာဥ်တစ်စီးဆိုရင် သမ္မတနန်းတော် ဝင်ပေါက်ကို ဖြိုချဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စစ်သားတွေဟာ မြို့တော်ကနေ ဆုတ်ခွာသွားကြပါတယ်။
အောက်ပါ အကြောင်းအရာ ၃ ခုကတော့ ဒီဖြစ်ရပ်ကို ဦးတည်စေခဲ့တဲ့အကြောင်းအချက်တွေဖြစ်ပါတယ်။
၁. အကြိမ်ကြိမ် စစ်အာဏာသိမ်း သမိုင်းကြောင်းနဲ့ ဘိုလီဗီးယား
ဝရုန်းသုန်းကားဖြစ်ခဲ့တဲ့ နာရီပိုင်းတွေဟာ ၁၉၅၀ ပြည့်နှစ်ကတည်းကဆိုရင် အကြိမ်ကြိမ်စစ်အာဏာသိမ်းမှုဖြစ်ခဲ့ဖူးတဲ့ ဘိုလီဗီးယားအတွက်တော့ စစ်တပ်တွေက ရွေးကောက်ခံအစိုးရတွေကို ဖယ်ရှားတာတွေဖြစ်ခဲ့တဲ့မှောင်မိုက်တဲ့ကာလတွေကို ပြန်ရောက်သွားစေပါတယ်။
အမေရိကန် သမိုင်းပညာရှင်တွေဖြစ်တဲ့ ဂျွန်နသန် ပေါင်းဝဲလ်နဲ့ ကလေတန် သိုင်းတို့ လေ့လာထားတဲ့ အချက်အလက်မှတ်တမ်းတွေအရ ဘိုလီဗီးယားဟာ ပြီးခဲ့တဲ့ ၇၄ နှစ်အတွင်း အာဏာသိမ်းမှုပေါင်း ဒါဇင်နဲ့ချီဖြစ်ခဲ့ပြီး အဲဒီထဲ တစ်ဝက်နီးပါးကတော့ မအောင်မြင်တဲ့အာဏာသိမ်းမှုတွေဖြစ်ခဲ့ပါတယ်။
ပေါင်းဝဲလ်ကတော့ ဘိုလီဗီးယားဟာ ခြုံကြည့်ရင် ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အဖြစ်အများဆုံးနိုင်ငံ “ဖြစ်နိုင်ခြေ” အရှိဆုံးလို့ ဆိုပြီး “ဒါပေမဲ့ ၁၉၅၀ မတိုင်ခင်တုန်းက ဖြစ်ခဲ့တာတွေအတွက်တော့ ယုံကြည်စိတ်ချနိုင်တဲ့အချက်အလက်ရဖို့ ခက်တယ်”လို့ ဘီဘီစီ မွန်ဒို ကို ပြောပါတယ်။
အကဲခတ်တွေကတော့ လူမှုပုန်ကုန်မှုကနေ စစ်တပ်က အာဏာသိမ်းမှု ဒါမှမဟုတ် ဖွဲ့စည်းပုံနဲ့ မညီဘဲ အာဏာရယူမှုကြားက မခြားလှတဲ့အခြေအနေတွေကြောင့် စစ်အာဏာသိမ်းမှုတွေအကြိမ်ကို ရေတွက်ရာမှာ ကွဲကွဲပြားပြား မရေတွက်နိုင်တာလို့ ဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဖာဘရစ် လီဟော့ ရဲ့ အပြောအရဆိုရင် ၁၉၀၀ ပြည့်နှစ်ကတည်းက ဆိုရင် ဘိုလီဗီးယားနိုင်ငံရှိရာ လက်တင်အမေရိကတိုက်မှာ စစ်အာဏာသိမ်းမှုပေါင်း ၃၂၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။
“ဖြစ်တဲ့အကြိမ်တိုင်းမှာ ဘိုလီဗီးယားဟာ အီကွေဒေါ ဒါမှမဟုတ် အာဂျင်တီးနားနိုင်ငံတို့နဲ့ ဆက်နွှယ်နေပြန်တယ်” လို့ လီဟော့က ဘီဘီစီကို ပြောပါတယ်။
ယေဘုယျအားဖြင့် စစ်အာဏာသိမ်းမှု တစ်ဝက်လောက်က အောင်မြင်ခဲ့တယ်လို့ လီဟော့က ပြောပါတယ်။ ဘိုလီဗီးယားနိုင်ငံမှာ ၂၀ ရာစုအတွင်း စစ်တပ်ရဲ့ အာဏာသိမ်းမှု တစ်ဝက်ကျော်ဟာ သမ္မတကို ဖြုတ်ချနိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ဒီတော့ အခုနောက်ဆုံးဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းယူဖို့ ဘာတွေက အစပျိုးခဲ့တာလဲ။
အာဏာသိမ်းစစ်တပ်ကို ဦးဆောင်ခဲ့သူကတော့ ဗိုလ်ချုပ်ကြီး ဟွမ် ဟိုဆေး ဆုညီကာ ဖြစ်ပါတယ်။ သူ့ကို မထုတ်ပယ်ခင်အထိ သူဟာ နိုင်ငံ့စစ်တပ်ကို ဦးဆောင်နေခဲ့သူဖြစ်ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ၂၀၂၅ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ခွင့် တားမြစ်ခံထားရပေမဲ့ သမ္မတဟောင်း အီဗို မိုရာလက်စ် တစ်ယောက် ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုရင် သမ္မတ ဟောင်းကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက်မှာ လက်ရှိ သမ္မတ လူဝီ အာဆေးက ဗိုလ်ချုပ်ကြီး ဆုညီကာကို ဖယ်ရှားလိုက်တာဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးကတော့ “ဒီမိုကရေစီ ပြန်လည်ဖွဲ့စည်းဖို့အတွက်” ကြိုးပမ်းခဲ့တာလို့ ပြောပါတယ်။ သမ္မတရဲ့ တောင်းဆိုချက်ကြောင့် စစ်တပ်က ကြားဝင်ဖြေရှင်းခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာပဲ တိုက်ခိုက်မှုမှာ ပါဝင်မှုနဲ့ ဗိုလ်ချုပ်ကြီးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။
သမ္မတ လူဝီ အာဆေးကတော့ “အာဏာသိမ်းဖို့ ကြိုးပမ်းမှု” လို့ ရှုတ်ချပြောဆိုပြီး လူထုအနေနဲ့ “ဒီမိုကရေစီကို ထောက်ခံကြောင်း ပြသဖို့ စည်းလုံး ညီညွတ်ကြပါ”လို့လည်း ပြောပါတယ်။
ရာနဲ့ချီတဲ့ ဘိုလီဗီးယားနိုင်ငံသားတွေကလည်း အစိုးရကို ထောက်ခံတဲ့အကြောင်း လမ်းပေါ်ကို ထွက်ခဲ့ကြပါတယ်။
နိုင်ငံအတွင်းမှာ တင်းမာတာတွေ မြင့်တက်လာချိန်မှာပဲ အခုလို မငြိမ်သက်မှု ထွက်ပေါ် လာတာဖြစ်ပါတယ်။
စီးပွားရေးအရ ထိခိုက်လွယ်တဲ့အခြေအနေရှိနေတာ၊ သမ္မတ အာဆေးနဲ့ သမ္မတဟောင်း မိုရာလက်စ်တို့ကြားက နိုင်ငံရေးပြိုင်ဆိုင်မှုတွေကြောင့်လည်း ပြီးခဲ့တဲ့လတွေအတွင်းမှာ ဘိုလီဗီးယားမှာ ဘက်ခွဲမှုတွေနဲ့ ဆန္ဒပြမှုတွေကို ဖြစ်လာစေခဲ့ပါတယ်။
၂. အာဆေးနဲ့ မိုရာလက်စ်
အရင်က နိုင်ငံရေးမဟာမိတ်တွေဖြစ်ခဲ့တဲ့ သမ္မတ အာဆေးနဲ့ သမ္မတဟောင်း မိုရာလက်စ်တို့ဟာ ၂၀၂၅ သမ္မတရွေးကောက်ပွဲ မတိုင်ခင် အာဏာလွန်ဆွဲမှုအတွင်းမှာ ရောက်နေကြတယ်လို့ ဆိုရမှာပါ။
သူတို့နှစ်ဦးဟာ ဆိုရှယ်လစ်စနစ်ဆီသို့ လှုပ်ရှားမှုလို့ အဓိပ္ပာယ်ရတဲ့ Movimiento al Socialismo (MAS) နိုင်ငံရေးပါတီရဲ့ ပါတီဝင်တွေဖြစ်ခဲ့ကြပါတယ်။
နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက သမ္မတဟောင်း မိုရာလက်စ်ကို ၄ ကြိမ်မြောက် သမ္မတ သက်တမ်းအတွက် အရည်အချင်း မပြည့်မီဘူးလို့ ဒီဇင်ဘာလကတည်းက ဆုံးဖြတ်ထားခဲ့ပေမဲ့ သမ္မတဟောင်းက ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ ကြေညာခဲ့တာကြောင့် သဘောထားကွဲလွဲမှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံခုံရုံး အင်တာနက်စာမျက်နှာမှာတော့ ''တစ်စုံတစ်ဦးဟာ သူတစ်ဦးတစ်ယောက်တည်း အာဏာကိုချုပ်ကိုင်မှု မရှိရေး သေချာအောင် စီမံတဲ့အနေနဲ့'' သမ္မတ သက်တမ်းကို ကန့်သတ်ထားတယ်လို့ ရေးထား ပါတယ်။
မိုရာလက်စ်ရဲ့ ရည်ရွယ်ချက်တွေဟာ ပြန်လည်ရွေးကောက်ခံဖို့ မျှော်လင့်ထားတဲ့ သမ္မတ အာဆေးကို ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုအဖြစ် ရှုမြင်ခံရပါတယ်။
ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ၂၀၁၉ ခုနှစ်မှာ မိုရာလက်စ်ကို ရာထူးကနေ နုတ်ထွက်ဖို့နဲ့ နိုင်ငံကနေ ထွက်သွားအောင် စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေက တွန်းခဲ့ပါတယ်။
အဲဒီစွပ်စွဲချက်တွေကို မိုရာလက်စ်က ငြင်းဆိုပါတယ်။
ဗဟို လက်ယာယိမ်း ဂျနီး နာညက်စ်ဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ တစ်နှစ်နီးပါးကြာအောင် နိုင်ငံရဲ့ ယာယီခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ Morales ကို ဖြုတ်ချဖို့အတွက် အာဏာသိမ်းဖို့ စီစဉ်မှုနဲ့ စွပ်စွဲခံရပြီး ထောင် ၁၀ နှစ် ချမှတ်ခံရပါတယ်။
ပြန်ကျင်းပတဲ့ရွေးကောက်ပွဲ မဲပေးမှုမှာတော့ လူဝီ အာဆေး အနိုင်ပြန်ရခဲ့ပါတယ်။
မိုရာလက်စ်က သူဟာ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူးလို့ ဆုံးဖြတ်ခံရတာမျိုး ဆက် ဖြစ်နေမယ်ဆိုရင် ဘိုလီဗီးယားမှာ “လူမှုမငြိမ်သက်မှု”တွေဖြစ်လိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပြီးတော့ သူ့နောက်မှာ သမ္မတ ရာထူးရယူခဲ့တဲ့ သမ္မတ လူဝီအာဆေးကလည်း သူ သမ္မတလောင်း မဖြစ်လာအောင် ကြိုးစားနေတယ်လို့ စွပ်စွဲပါတယ်။
သူဟာ ဘိုလီဗီးယားမှာ ပထမဆုံးသော တိုင်းရင်းသား သမ္မတဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ သမ္မတ တာဝန် ယူခဲ့ပါတတယ်။ သူက နိုင်ငံရေးလောကမှာ ရေပန်းစားပေမဲ့လည်း အငြင်းပွားဖွယ်ရာ ခေါင်းဆောင်အဖြစ်လည်း ဆက်ရှိနေပါတယ်။
သမ္မတ အာဆေးနဲ့ ဗိုလ်ချုပ်ကြီး ဆုညီကာတို့က သူ့ကိုဆန့်ကျင်နေတဲ့ “မကောင်းတဲ့အစီအစဉ်”တစ်ခုကို အကွက်ချနေတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း စစ်တပ်က တပ်ဖွဲ့တွေ ဖြန့်ကြက်ရွှေ့ပြောင်းတဲ့အချိန်အတွင်းမှာတော့ ဒီမိုကရေစီကို ကာကွယ်ကြဖို့ဆိုပြီး မိုရာလက်စ်က ဘိုလီဗီးယားပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။ ဆိုလိုတာကတော့စစ်တပ်က အာဏာသိမ်းသွားတာကို ခွင့်ပြုတာထက် သမ္မတ အာဆေးအစိုးရ ဆက်ပြီး အုပ်ချုပ်နေသင့်တယ်လို့ သွယ်ဝိုက်ပြောကြားရာလည်း ရောက်ပါတယ်။
၂၀၂၂ ခုနှစ်မှာ သမ္မတ အာဆေးက စစ်တပ်ရဲ့ ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးကို ခန့်အပ်ခဲ့ပြီးတဲ့နောက် နှစ်ယောက်စလုံးဟာ မိုရာလက်စ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူတွေဖြစ်လာကြပါတယ်။စ ရုပ်သံအင်တာဗျူးတစ်ခုမှာဆိုရင် ဗိုလ်ချုပ်ကြီး ဆုညီကာက သမ္မတဟောင်းတစ်ယောက် “ဖွဲ့စည်းပုံကို နင်းဖြေဖို့” ကြိုးပမ်းမှုကို ကာကွယ်သွားမယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုပြောပြီး ၃ ရက်အကြာမှာတော့ ဗိုလ်ချုပ်ကြီး ဆုညီကာက သမ္မတ အာဆေးဟာ “သူ နာမည်ကြီး လူကြိုက်များဖို့” စစ်အာဏာသိမ်းမှုကို ကြိုးကိုင်ခဲ့တယ်ဆိုပြီး သူအဖမ်းမခံရရင်မှာပဲ စွပ်စွဲ ပြောဆိုပါတယ်။
ဆုညီကာကတော့ သူ့ရဲ့ အခုလို ပြောဆိုချက်တွေနဲ့ ပြည်တွင်းက ဝရုန်းသုန်းကားဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သက်သေခိုင်ခိုင်မာမာ မပြောခဲ့ပါဘူး။
၃. ခြိမ်းခြောက်ခံနေရတဲ့ ဘိုလီဗီးယားရဲ့ အံ့ဖွယ်စီးပွားရေး
ရှုပ်ထွေးတဲ့စီးပွားရေးနဲ့ လူမှုရေးနောက်ခံအကြောင်းအရာတွေဖြစ်နေချိန်မှာပဲ ဘိုလီဗီးယားနိုင်ငံမှာ အခုလို မငြိမ်သက်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဘိုလီဗီးယားဟာ လက်တင်အမေရိကတိုက်ထဲမှာဆိုရင် ငွေကြေးဖောင်းပွမှုဒဏ် ကာလရှည်ကြာ ခံစားနေရတဲ့ အိမ်နီးချင်းနိုင်ငံတွေထက်စာရင် ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းတာ၊ တည်တည်ငြိမ်ငြိမ်ဖြစ်တာနဲ့ မြန်မြန်ဆန်ဆန် တိုးတက်တာတွေ ရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ ဘိုလီဗီးယားဟာ လက်တင်အမေရိကမှာ ဆင်းရဲမွဲတေမှု အမြင့်ဆုံးနိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
ပြည်တွင်းငွေကြေးတန်ဖိုး ကျသထက် ကျဆင်းနေတဲ့ ဘိုလီဗီးယားနိုင်ငံမှာ အမေရိကန် ဒေါ်လာငွေဟာ လူထုက သူတို့ရဲ့ ကုန်ပစ္စည်းတွေ ဝယ်ခြမ်းရာမှာ အများသုံးငွေကြေးလို အသုံးပြုနေပါတယ်။
ဒါပေမဲ့ အမေရိကန် ဒေါ်လာငွေ စက္ကူ အရွက်သေးတွေရဖို့ ခက်သထက် ခက်လာတဲ့အခါ စီးပွားရေးပညာရှင်တွေရဲ့ အခေါ်အရ “ဘိုလီဗီးယားစီးပွားရေး ကြမ္မာကောင်း” ဟာ ခြိမ်းခြောက်ခံနေရပါတယ်။
အမေရိကန်ဒေါ်လာ ရှားပါးလာတာဟာ ပို့ကုန်နဲ့ သွင်းကုန် လုပ်ငန်းတွေကို ပျက်စီးစေပြီး ဘိုလီဗီးယား ပြည်သူတွေဟာ ဆန်နဲ့ ခရမ်းချဉ်သီးလို အခြေခံစားသောက်ကုန် ဝယ်ယူဖို့တောင် အိပ်ကပ်ထဲက ငွေကို ရှာရပါတော့တယ်။
ဘိုလီဗီးယားစီးပွားရေး ပညာရှင် ဂျေမီ ဒွန်းကတော့ အမေရိကန်ဒေါ်လာ ရှားပါးလာတာဟာ သမ္မတ မိုရာလက်စ် လက်ထက် ၂၀၀၆ ခုနှစ်မှာ ဟိုက်ဒရိုကာဗွန်လုပ်ငန်းကို နိုင်ငံပိုင်လုပ်ပြီးနောက် သဘာဝဓာတ်ငွေထုတ်လုပ်မှုတွေ ကျဆင်းလာတာနဲ့လည်း သက်ဆိုင်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ အရှည်ဆုံးတောင်တန်းတွေထဲက တစ်ခုဖြစ်တဲ့ အန်ဒီးတောင်တန်းကြီးပေါ် မေးတင်နေတဲ့ ဘိုလီဗီးယားမှာ သမ္မတမိုရာလက်စ်နဲ့ သမ္မတ အာဆေးလက်ထက်တို့မှာ လူမှု ဖူလုံရေးအစီအစဥ်တွေအတွက် အမေရိကန်ဒေါ်လာတွေကို ပုံအော သုံးခဲ့ကြပါတယ်။
“ဒါကပဲ နိုင်ငံထဲမှာ အကျပ်အတည်းဖြစ်စေခဲ့တာ။ ဝင်ငွေ ကျသွားပေမဲ့ အသုံးစရိတ်က မြင့်တက်နေသေးတာလေ။ ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် သဘာဝဓာတ်ငွေ့ကရတဲ့ငွေက ပြည်တွင်း၊ ပြည်ပ အကြွေးတွေကို ကာမိစေခဲ့တယ် ” ဒွန်းက ရှင်းပြပါတယ်။
သမ္မတ အာဆေးရဲ့အပြောအရဆိုရင် ဘိုလီဗီးယားဟာ နိုင်ငံထဲမှာ သုံးနေတဲ့ ဒီဇယ် ၈၆ ရာခိုင်နှုန်းနဲ့ ဓာတ်ဆီ ၅၆ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းတာဖြစ်ပါတယ်။
အခုတော့ အကဲခတ်တွေက ဘိုလီဗီးယားဟာ လောင်စာဆီကို တင်သွင်းဖို့ ဒေါ်လာ လုံလုံလောက်လောက် မရှိတော့ဘူးလို့ သတိပေးချိန်မှာပဲ လူထုဆန္ဒပြမှုတွေလည်း နိုင်ငံတဝန်းမှာမြင့်တက်လာပါတယ်။
ကမ္ဘာတဝန်းက နိုင်ငံတွေကတော့ ဇွန်လ ၂၇ ရက်တုန်းက ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှု ကို ရှုတ်ချပြောဆိုထားပါတယ်။
အကဲခတ်တွေကတော့ ဇွန်လ ၂၇ ရက်တုန်းက လုပ်ဆောင်ချက်ဟာ ပိုမိုကျယ်ပြန့်တဲ့အာဏာဖြိုခွဲမှုဆိုတာထက် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့လုပ်ဆောင်ခဲ့တာမဟုတ်တဲ့ တဒင်္ဂပုန်ကန်မှုလို့ပဲ ပြောပါတယ်။
ဒီဖြစ်ရပ်ကို အစိုးရက မြန်မြန်ဆန်ဆန် ပြန်လည် ထိန်းသိမ်းနိုင်စွမ်းဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဝင်ဖို့ ခြေလှမ်းနေချိန် ယိုယွင်းလာနေတဲ့လူထုထောက်ခံမှုကို ပြန်အဖတ်ဆယ်နိုင်မှာလား၊ ဒါမှမဟုတ် ဘိုလီဗီးယားနိုင်ငံရေးမှာ အားနည်းလာနေတယ်လို့ရှုမြင်ခံရတဲ့ အစိုးရရဲ့ အာဏာကို စိန်ခေါ်မှု ဆက်ပြီး ရှိမလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့် အခြေအနေပါ။