ဒီဇင်ဘာ ၈ ရက် ထိပ်တန်းသတင်းများ - အာဏာသိမ်း ၃ နှစ်နီးပါးမှာ သေဆုံးတဲ့အမျိုးသမီး ရာနဲ့ချီရှိ

စစ်အာဏာသိမ်း ၃ နှစ်နီးပါးအတွင်းမှာ စစ်ကောင်စီတပ်တွေကြောင့် သေဆုံးသူ အမျိုးသမီး ၇၀၀ နီးပါးရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အချက်အလက်စုစည်းမှုက ဖော်ပြပါတယ်။

BWU ရဲ့ အပြောအရ အများစုဟာ လက်နက်ကြီးပစ်ခတ်ခံရတာ၊ လေကြောင်းတိုက်ခိုက်ခံရတာတွေကြောင့် ‌သေဆုံးရတာလို့ ‌ဆိုပါတယ်။

ဒါအပြင် စစ်အာဏာသိမ်းဆန့်ကျင်တာ၊တော်လှန်ရေးအင်အားစုတွေကိုထောက်ခံတာနဲ့ သတင်းမှားတွေဖြန့်ဝေတာဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသမီး ကလည်း ၂,၅၀၀ နီးပါးရှိတယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ တစ်လတည်းမှာပဲ ‌သေဆုံးရသူ အမျိုးသမီး ၃၈ ဦးရှိပြီး အဲဒီထဲက ၁၉ ဦးက နေအိမ်တွေကိုလက်နက်ကြီးကျရောက်လို့ သေဆုံးရတာဖြစ်ပြီး ၁၃ ဦးက လေကြောင်းတိုက်ခိုက်ခံရချိန် သေဆုံးရတာလို့ဆိုပါတယ်။

နောက်ထပ် ၄ ဦးကတော့ အကြောင်းမဲ့ ပစ်သတ်ခံရပြီးသေဆုံးခဲ့တာလို့ ပြောထားပါတယ်။

သေဆုံးသူအများစုဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ကွတ်ခိုင်၊သိန္နီ တို့ကဖြစ်ပြီး ဒုတိယအများဆုံးကတော့ ပဲခူးတိုင်း တောင်ငူ၊ ချင်းပြည်နယ် မတူပီ၊ မွန်ပြည်နယ် ကျိုက်မရောနဲ့ ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ တွေက ဖြစ်တယ်လို့ ဖော်ပြပါတယ်။

BWU ကတော့ အခုထုတ်ပြန်တဲ့အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) စာရင်းကို ကိုးကားထားတဲ့ အပြင် ခိုင်လုံတဲ့ သတင်းမီဒီယာတွေကို ထုတ်ဖော်ရေးသားထားတဲ့ သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး စုစည်းထားတာဖြစ်လို့ မြေပြင်မှာ ဒီထက်ပိုများနိုင်တဲ့ အခြေအနေလို့ လည်း ပြောထားပါတယ်။

စစ်ပွဲပုံစံတွေ ပြောင်းလဲလာနေတယ်လို့ စစ်ခေါင်းဆောင် သတိပေး

ပြင်ဦးလွင်မှာ ဒီနေ့မနက်က ပြုလုပ်တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၆၅) သင်တန်းဆင်းပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်း ပြောပါတယ်။

တိုးတက်လာတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကြောင့် ပြောင်းလဲလာနေတဲ့ ၂၁ ရာစုစစ်ပွဲပုံစံတွေ နဲ့ စစ်ဗျူဟာတွေကို ကြိုတင်မျှော်တွေးထားရမယ်လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။

‘’စစ်ပွဲတွေက အကန့်အသတ်အတားအဆီးမဲ့လာနေပြီး အရပ်မျက်နှာအမျိုးမျိုးကနေ ပုံစံအမျိုးမျိုး နဲ့ ပုံဖော်တိုက်ခိုက်လာနိုင်တယ်။ နည်းပညာနဲ့အညီပြောင်းလဲလာတဲ့ စစ်နည်းဗျူဟာတွေကို လေ့လာနေကြရမယ်’’ လို့ သူက ပြောပါတယ်။

လူမှုကွန်ရက်ကနေ တပ်တွင်းစည်းရုံးရေး ပြိုကွဲအောင် လုပ်ဆောင်နေတာတွေရှိပြီး တပ်တွင်းစည်းရုံးရေးရော တပ်ပြင်စည်းရုံးရေးပါ လုပ်ကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

အမိန့်နာခံတတ်မှုက အရေးကြီးကြောင်း စစ်ခေါင်းဆောင်က ဗိုလ်လောင်းတွေကို အလေးထားပြောခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ ကတိစကားကိုလည်း သင်တန်းဆင်းမိန့်ခွန်းမှာ ထပ်ပြောခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်စခန်းရာဂဏန်းကျော်ဆုံးရှုံးနေရချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပြင်ဦးလွင်က ဗိုလ်လောင်းသင်တန်း သင်တန်းဆင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေမှာတော့ မြောက်ပိုင်းမဟာမိတ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုတွေ အမြောက်အများလုပ်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်မှူးချုပ်အဆင့်အထိ တိုက်ပွဲထဲမှာ သေဆုံးမှုတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။