ဇွန် ၂၁ ရက်၊ ထိပ်တန်းသတင်းများ- ထိုင်းရောက် နိုင်ငံခြားအလုပ်သမားတွေအတွက် အထောက် အထားသက်တမ်းတိုးဖို့ ၂ လခွဲ ထပ်မံခွင့်ပြု

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင် ခွင့်စတဲ့ အထောက်အထားတွေ သက်တမ်းတိုးပြင်ဆင်ပေးတဲ့ကာလကို နောက်ထပ် ၂ လခွဲ ထပ်မံတိုးမြှင့် သတ်မှတ်ပေးလိုက်ပါတယ်။

မြန်မာအပြင် ကမ္ဘောဒီယား၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ စုစုပေါင်း ၄ နိုင်ငံက အလုပ်သမားတွေအတွက် အခုလို ထပ်မံတိုးမြှင့်ပေးလိုက်တာပါ။ ဒီမတိုင်ခင်ကတော့ မေလ ၁၅ ရက်နေ့အထိ နောက်ဆုံးထားသတ်မှတ်ထား တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းရောက်နေတဲ့ ၄ နှစ်ပြည့်ပြီးတဲ့ အလုပ်သမားတွေ ရရှိထားတဲ့အလုပ်လုပ်ကိုင်ခွင့်အထောက် အထားတွေကို သက်တမ်းတိုးရမှာဖြစ်ပါတယ်။ အခုလိုအချိန်တိုးမြှင့်ပေးထားပေမယ့် ကုန်ကျစရိတ်နဲ့ လိုအပ်ချက်တွေကိုတော့ အတိအကျထုတ်ပြန်တာမရှိသေးပါဘူး။

“အလုပ်သမားတွေအတွက် အဆင်ပြေနိုင်တဲ့အချိန်တိုးပေးမှုပါ၊ လိုအပ်တဲ့ငွေရော၊ အထောက်အထားတွေ ရှာဖွေလျှောက်ထားဖို့အဆင်ပြေနိုင်မှာပါ” လို့ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလိုထပ်မံတိုးမြှင့်ပေးတာကို ဝန်ကြီးချုပ်ရဲ့ အတွင်းရေးမှုး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီက ဒီရက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတယ်လို့ ထိုင်းရောက်မြန်မာ့အရေးကူညီပေးသူတွေထံကသိရပါတယ်။

အခုလုပ်ဆောင်ချက်ဟာထိုင်းအစိုးရရဲ့ အလုပ်သမားဆိုင်ရာစီမံခန့်ခွဲမှုနဲ့ စီးပွားရေး လုပ်ငန်းရှင် အလုပ်သမား စတဲ့နှစ်ဘက်လုံးအတွက် လုပ်ဆောင်ပေးမှုဖြစ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးအတွက်လည်း အထောက် အကူဖြစ်စေအောင်လို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိကို ထိုင်းအစိုးရက အထောက်အထားလျှောက်ထားလာတဲ့ အလုပ်သမား ၄ သိန်းလောက်အထိကို အချိန်မီပြန်လည် မထုတ်ပေးနိုင်တာကြောင့်လည်း အခုလိုအချိန်ထပ်တိုးခွင့်ပြုပေးတာလို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့လည်း နိုင်ငံတွင်းကစက်မှုစီးပွားရေးလုပ်ငန်းတွေမှာ လုပ်သားရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ကန့်ဘလူမြို့နယ်မှာ ရက်နှစ်ဆယ်အတွင်း စစ်ဘေးရှောင် ၁၁ ယောက် မြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၁၁ ယောက်ဟာ ဇွန် ၁ ရက်ကနေ ဇွန် ၂၀ အတွင်း အဆိပ်ပြင်းတဲ့မြွေ အကိုက်ခံရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မြွေကိုက်ခံရသူတွေဟာ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၅ ယောက်ဖြစ်ပါတယ်။

ဇွန် ၁၈ ရက် တစ်ရက်တည်းမှာ ကိုးထောင်ဘို့တိုက်နယ်အတွင်းက စစ်ဘေးရှောင် အမျိုးသမီး ၂ ယောက် ၊ ဇွန် ၁၉ ရက်မှာ အပေါ့အပါးသွားနေချိန် အကိုက်ခံရတဲ့ စစ်ဘေးရှောင်အမျိုးသားတစ်ယောက် ၊ ဇွန် ၂၀ ရက်မှာ စစ်ရှောင်အမျိုးသား တစ်ယောက် စုစုပေါင်း ၄ ယောက်ဟာ ဒီအပတ်ထဲမှာတင် အကိုက်ခံရပါတယ်။

အကိုက်ခံရသူတွေထဲက အမျိုးသမီးတစ်ယောက်သာ ပြန်လည်ကောင်းမွန်လာပြီး ကျန်တဲ့ ၃ ယောက်က စောင့်ကြည့်နေရတုန်းပဲလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

“နွေတုန်းကလည်း အကိုက်ခံကြရတယ်။ အဲ့ကတည်းက မြွေဆိပ်ဖြေဆေးတွေက ဆက်တိုက်လိုနေတာ။ အခုကာလ ဇွန်၊ ဇူလိုင်က ပိုပြီး မြွေပွေးအန္တရာယ်ပိုများတယ်။ စစ်ရှောင်တွေကလည်း အိမ်မပြန်ရဲသေးတော့ တောထဲမှာပဲ ဆက်နေကြရတယ်။ စစ်ရှောင်ကူညီပေးတဲ့အဖွဲ့တွေကတော့ မြွေအန္တရာယ်နဲ့ ပတ်သက်ပြီး စစ်ရှောင်တွေကို ပညာပေးဖို့ ပြင်ဆင်နေတယ်။ မြွေအန္တရာယ်က အချိန်တိုင်း သတိထားနေရတယ်”လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မြွေကိုက်ခံရသူတွေကို BPI မြွေဆိပ်ဖြေဆေး လေးလုံးကနေ အလုံး ၂၀ အထိ ထိုးပေးကြရပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် မေ အထိ မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၆၂ ယောက်ရှိပြီး အဲ့ဒီထဲက ကလေး ၂ ယောက်အပါအဝင် လူ ၆ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မေ လ တုန်းက ထုတ်ပြန်ထားပါတယ်။

အဖမ်းခံရတဲ့ အလုပ်သမားတွေပြန်လွှတ်ပေးဖို့ EU ထုတ်ပြန်

ဟိုစိမ့် (Hosheng Myanmar) အထည်ချုပ်စက်ရုံကနေ အလုပ်သမားရေးရာ အငြင်းပွားမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အဖမ်းခံထားရတဲ့ အလုပ်သမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး EU က ဇွန် ၂၀ ရက် မနေ့က တောင်းဆိုထုတ်ပြန်လိုက်ပါတယ်။

အထည်ချုပ်အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားနေသူတွေ အထိန်းသိမ်းခံရတာ နဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် စိုးရိမ်ပူပန်ရတာကြောင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင့်သုံးနေသူတွေကို ဖမ်းဆီးတာကနေ အမြန်ဆုံးရပ်တန့်ပေးစေချင်တယ်လို့ EU က တောင်းဆိုလိုက်တာပါ။

ဟိုစိမ့်မြန်မာ ကုမ္ပဏီအနေနဲ့လည်း အလုပ်သမားတွေကိုယ်စား ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ရရှိ‌အောင် ညှိနှိုင်းပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလုပ်ပြန်လည်ခန့်အပ်သင့်ပြီး လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းနဲ့ ရပိုင်ခွင့်များဆိုင်ရာ ILO ကြေညာစာတမ်းနဲ့အညီ ဆောင်ရွက်ဖို့ သက်ဆိုင်သူတွေကို တောင်းဆိုတယ်လို့လည်း EU က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်မှာ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် ဟိုစိမ့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ၆ ယောက်ဖမ်းဆီးခံရသလို အလုပ်သမားအရေးဆောင်ရွက်ပေးသူ ၂ ယောက် ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန်၅ လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံသားပိုင် Sun Apparel (Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ၂ ယောက် အဖမ်းခံခဲ့ရတာပါ။

အလုပ်သမားခေါင်းဆောင်တွေဟာ လုပ်ခလစာတိုးမြှင့်ပေးရေးကိစ္စအပါအဝင် လုပ်ငန်းခွင်အခက်အခဲတွေကို ညှိုနှိုင်းလုပ်ဆောင်ရွက်ရေးကိစ္စတွေအတွက် လုပ်ငန်းခွင်ထဲမှာဆော်သြခဲ့တာကြောင့် စက်ရုံဆူပူအောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်သမားခေါင်းဆောင်တွေ အလုပ်ထုတ်ခံရသလို ပြန်ခန့်ပေးဖို့ ပြောဆိုသူတွေကိုလည်း ရဲ ကို တိုင်ကြားခဲ့တဲ့အတွက် အဖမ်းခံကြရတာဖြစ်ပါတယ်။

အမျိုးသားစာပေဆုရှင် စာရေးဆရာညီပုလေး ကွယ်လွန်

အမျိုးသားစာပေဆုရ စာရေးဆရာ ညီပုလေးဟာ ဒီနေ့(ဇွန် ၂၁ရက်)မနက် ၁၀နာရီက မန္တလေးမြို့ နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

စာရေးဆရာညီပုလေးရဲ့ နာမည်အရင်းက ငြိမ်းချမ်း (ခ) ဘိုညိုဖြစ်ပြီး ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ မွေးဖွားခဲ့တာကြောင့် ကွယ်လွန်ချိန်မှာ အသက် ၇၂နှစ်ရှိပြီဖြစ်ပါတယ်။

လူထုဒေါ်အမာနဲ့ လူထုဦးလှတို့ရဲ့ သားသမီး ၅ ယောက်မှာ သားအငယ်ဆုံးသား ဖြစ်တာကြောင့် ကလေးနာမည်ကို “ညီပုလေး”လို့ သုံးစွဲခဲ့တာပါ။

အမျိုးသားစာပေဆုကို နာဂတောင်တန်းပေါ်က စေတနာဆရာ ခွဲစိတ်ဆရာဝန်အကြောင်းရေးသားထားတဲ့ “ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်” နဲ့ ၂၀၁၆ခုနှစ်က ရရှိခဲ့တာဖြစ်ပါတယ်။

ဆရာ ညီပုလေးဟာ သဟာယစာပေဆုတွေအပြင် မြေးသူကြီး ဝတ္တုတွေနဲ့ ကျော်ကြားခဲ့သူဖြစ်ပါတယ်။ သူဟာ ဝတ္တုတို ရေးသားရာမှာလည်း သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ကလောင်တွေနဲ့အသုံးပြု ရေးသားခဲ့ပါတယ်။

"မိသားစုထဲ စာရေးဆရာအဖြစ် ထင်ထင်ရှားရှား ရပ်တည်ခဲ့တာ သူတယောက်ပါပဲ။ အချိုးအကွေ့တိုင်း မှန်မှန်ကန်ကန် ရပ်တည်ခဲ့သူပဲ။ သူ့အားသာချက်က လူမှုရေးသိပ်ကောင်းတယ်။ ကြီးသူရိုသေ ရွယ်တူတန်းတူ လေးစားတယ်။ မျိုးဆက်သစ်တွေကို လက်တွဲခေါ်ပြီး တံခါးဖွင့်ထား ကြိုဆိုနေသူပါ။ ဒီလို အချိန်ခါမျိုးမှာ တိုင်းပြည်အတွက်ရော ဗမာစာပေအတွက်ရော ဝတ္တုတို/ရှည် လောကအတွက်ရော နိူင်ငံရေးအတွက်ရော နစ်နာဆုံးရှုံးရပါတယ်"လို့ မန္တလေးမြို့မှ အမျိုးသားစာပေဆုရှင် စာရေးဆရာတဦးက စာရေးဆရာ ညီပုလေး ကွယ်လွန်တာနဲ့ပတ်သက်လို့ ဝမ်းနည်းတဲ့အကြောင်း ပြောဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတယောက်ဖြစ်တာကြောင့် စက်ဘီးစီးခြင်းနဲ့ ကျန်းမာရေးလိုက်စားသူလည်း ဖြစ်ပါတယ်။ လူထုကြီးပွားရေး စာအုပ်တိုက်ကို ကနေ့အချိန်ထိ ဦးဆောင်ပါဝင် လုပ်ကိုင်နေသူ ဖြစ်သလို ကိုယ်ပိုင်အရည်ချင်းနဲ့ မိဘတွေရဲ့ နိူင်ငံရေး ရပ်တည်ချက်၊ စာပေအရ၊ ယဉ်ကျေးမှုအရတွေမှာပါ မိဘအမွေကို လက်ဆင့်ကမ်းယူဆောင်နိုင်သူလည်း ဖြစ်တယ်လို့ စာပေလောကမှာ မှတ်ချက်ပြုကြပါတယ်။

ထိုင်းဘက်ကပြောတဲ့ စခန်းတွေ ပြန်ဆုတ်ပေးမှာမဟုတ်ဘူးလို့ “ဝ” တပ်ဖွဲ့ပြော

ထိုင်းဘက်ကတောင်းဆိုတဲ့ “ဝ” တပ်ဖွဲ့ရဲ့ တပ်စခန်း ၅ ခုကို ပြန်ဆုတ်ပေးမှာမဟုတ်ဘူးလို့ “ဝ” ဒေသရဲ့ သတင်းတွေကို ထုတ်ပြန်တင်ပြနေတဲ့ Wa Channel က ဇွန်လ ၂၁ ရက်၊ ဒီကနေ့မှာ ထုတ်ပြန်ဖော်ပြလာပါ တယ်။

မြန်မာ - ထိုင်း နယ်စပ်တစ်လျှောက် အခိုင်အမာ တပ်စွဲထားတဲ့ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ရဲ့ တပ်စခန်း ၅ ခုကိုဖယ်ရှားပေးဖို့ ၉၇ ကြိမ်မြောက်ကျင်းပတဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံရဲ့ မြို့နယ် အဆင့် နယ်ခြားကော်မတီအစည်းအဝေး (TBC) ကတဆင့် ထိုင်းဘက်က တောင်းဆို ခဲ့တာပါ။

အဲဒီအစည်းအဝေးကို ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်က ဟိုတယ် ၁ ခုမှာ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့ တာလို့ သိရပါတယ်။

ထိုင်းဘက်ကတော့ ဘန်မယ်ဆိုင်ခရိုင်ခွဲ၊ ဝီယန်းဖန် ခမ်းခရိုင်ခွဲ၊ မယ်ဆိုင်ခရိုင်နဲ့ ချင်းမိုင်းခရိုင်တွေထဲက “ဝ”တပ်ဖွဲ့ရဲ့ စခန်းတွေလို့ အစည်းအဝေးမှာ ထိုင်းဘက်က ပြောခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေ ကြပါတယ်။

အဲဒီတပ်စခန်းတွေဟာ ထိုင်းဘက်ခြမ်းမှာ ရှိနေတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာသာ ရှိနေတာ ကြောင့်လို့ UWSA တောင်းပိုင်းဆက်ဆံရေးရုံးတာဝန်ခံက ပြောကြားထားပါတယ်။

အဲဒီတပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ ထိုင်းနိုင်ငံအနေနဲ့ ဖိအားပေးစရာမဟုတ်သလို စစ်ကောင်စီဘက် ကလည်း တောင်းဆိုစရာမရှိဘူးလို့ UWSA တောင်ပိုင်းဆက်ဆံရေးရုံးတာဝန်ခံက ပြောပြတာကို Wa Channel ကဖော်ပြလာတာပါ။

UWSA ရဲ့ နိုင်ငံခြားဆက်ဆံရေးအရာရှိလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးညီရန်းကတော့ လက်ရှိအကြောင်းအရာနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးတာ မရှိသေးပါဘူး။

အဲဒီအစည်းအဝေးကိုတက်ရောက်တဲ့ မြန်မာဘက်ကတော့ ထိုင်းနိုင်ငံအတွင်းရှိနေတဲ့ တရားမဝင် လက်နက် ခဲယမ်းသယ်ဆောင်သူတွေနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထိုင်းဘက်က သတင်းတွေက ဖော်ပြပါတယ်။

စစ်ကောင်စီသတင်းစာတွေကတော့ အဲဒီအစည်းအဝေးဟာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေး၊ တရားဥပဒေဆိုင်ရာ ကိစ္စတွေနဲ့ မယ်ဆိုင်ချောင်းရေ ပူးတွဲအသုံးပြုရေးစတာတွေကို အပါအဝင် ဆက်စပ်အကြောင်းအရာ တွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ညောင်ပင်ကြီးရွာကို ချောဆွဲခံရတဲ့ စက်လှေသမား ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့က မုံရွာတဖက်ကမ်းကနေ စက်လှေခေါ်လာပြီးနောက် အပြန်မှာ စက်လှေသမားကို ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညောင်ပင်ကြီးကို ပစ္စည်းတွေပို့ဖို့ စက်လှေသမားကို ချောဆွဲလာတာ။ စက်လှေသမားက အပြန်မှာ ကမ်းကပ်ပြီးမောင်းတာ၊ အဲ့ဒါကို လှမ်းပစ်လိုက်တာ၊ အလောင်းက ရေထဲကျသွားတယ်၊ ပြန်တော့ မတွေ့သေးဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

မနေ့ကလည်း စိတ်ရောဂါသည်တစ်ယောက် အပါအဝင် ပြည်သူ ၄ ယောက် အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ စိတ်ရောဂါသည်သေဆုံးတာကိုသာ အတည်ပြုနိုင်ပြီး ကျန် ၃ ယောက်ကိုတော့ အတည်မပြုနိုင်ကြသေးပါဘူး။

စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးကျေးရွာမှာ စစ်ကြောင်းထိုး တပ်စွဲနေတာဟာ ဇွန် ၉ ရက်ကနေ ဒီနေ့ ဇွန် ၂၁ ရက်အထိ ၁၂ ရက်ကြာပြီဖြစ်ပြီး မနေ့ကအထိ နေအိမ်တွေကို နေ့စဉ်ရက်ဆက် မီးရှို့တာကြောင့် ကျေးရွာနဲ့ ရပ်ကွက် ၈ ခုက နေအိမ် ၄၀၀ ဝန်းကျင်လောက်မီးလောင်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မှာတော့ မီးရှို့ခံရတဲ့ မီးခိုးတွေ မတွေ့ရဘဲ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ စစ်ကြောင်းထိုး တပ်စွဲနေတာကြောင့် ဒေသခံ ၃၀၀၀ ဝန်းကျင်ဟာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်ချက်တွေ ရှိနေကြပါတယ်။

ရခိုင်နဲ့ချင်းကို မိုခါအတွက် စာနာထောက်ထားမှုအကူညီတွေ ဆိုင်းငံ့ခံထားရဆဲလို့ UNOCHA ထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခံရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေကို ဆိုင်ကလုန်းမိုခါ တုန့်ပြန်မှု ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးရေးနဲ့ သယ်ယူပို့ဆောင်ရေးအစီစဉ်တွေအတွက် အတည်ပြုချက်ဟာ ဆိုင်းငံ့ခံထားရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ OCHA Myanmar က ဇွန် ၁၉ ရက်က ထုတ်ပြန်ပါတယ်။

အဲဒါအပြင် နိုင်ငံပြင်ပကနေ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြည့်တင်းဖို့ရှိနေပေမယ့် စစ်ကောင်စီဆီက အတည်ပြုချက် မရသေးဘူးလို့လည်း ဆိုပါတယ်။

အဲ့လို ကန့်သတ်ချက်တွေ ရှိနေပေမဲ့ အကူညီပေးရေးအဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ထောက်ပံ့မှုတွေရှိတဲ့ ဆိုင်ကလုန်းဒဏ်ခံ ရပ်ရွာတွေကို အရေးကြီးတဲ့အကူညီတွေ ပေးအပ်နေတယ်လို့လည်း UNOCHA Myanmar က ဆိုပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်နဲ့ တခြားဒေသတွေမှာ ခိုလှုံစရာတွေနဲ့ လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကို ရေဘေးသင့်ပြည်သူ ၁ သိန်း ၄ သောင်း ကျော်ဆီ ပေးထားတဲ့အကြောင်း၊ ဒါပေမဲ့ ပျက်စီးသွားတဲ့ အမိုးအကာနည်းနည်းလောက်သာ ပြုပြင်ပြီးကြတဲ့အကြောင်း၊ မိုးရာသီအတွင်းမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အမိုးအကာမရှိတော့ နေထိုင်နေရတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် တစ်ခုတည်းမှာ စားနပ်ရိက္ခာအကူညီလိုအပ်သူ ၃ သိန်း ၈ သောင်းနီးပါးရှိနေပြီး ရခိုင်ပြည်နယ် အနောက်မြောက်နဲ့ ကချင်ပြည်နယ်က လူပေါင်း ၁ သောင်း ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သလို ရခိုင်ပြည်နယ်ထဲက ဦးစားပေးမြို့နယ် ၈ ခုမှာ အသက် ၅ နှစ်အောက်ကလေး ၇ ထောင်နဲ့ ပြုစုစောင့်ရှောက်ပေးသူ ၁၅၀၀ ကျော်ကို အာဟာရ ထောက်ပံ့တာတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“မိုခါမုန်တိုင်းတိုက်လို့ အိမ်တွေပျက်စီး၊ စပါးကျီတွေပျက်စီးတာ ၁ လကျော်သာရှိသွားပြီ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ချင်းပြည်နယ်ဘက်ကို ရောက်လာတာ မရှိသေးဘူး။ အိမ်လုံးဝပျက်စီးသွားတဲ့သူတွေက အစက စာသင်ကျောင်းမှာနေတယ်၊ ကျောင်းဖွင့်တော့ ဘုရားကျောင်းတို့ ဘုန်းကြီးကျောင်းတို့ကို ထပ်ပြောင်းကြရတယ်။ အိမ် တချို့တဝက်ပျက်တဲ့သူတွေကျတော့ ငွေချေးပြီးတော့ ပြန်ပြင်နေကြရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ လာဖို့ကတော့ သိပ်မမျှော်လင့်ထားပါဘူး။ ဘာလို့ဆို စစ်ကောင်စီရဲ့ အသုံးချခံတွေဖြစ်တာ များနေလို့” ဆိုပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မုံရွာခရိုင် PDF စခန်းတစ်ခု မီးလောင်ပြီး ကျပ် သိန်း ၃၀၀ ကျော်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်တပ်ရင်း Chindwin Attack Force အဖွဲ့ရဲ့ စခန်းမှာ ဇွန် ၁၉ ရက်က မတော်တဆ မီးလောင်မှုဖြစ်သွားတာကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၃၀၀ ကျော်ရှိတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မီးလောင်မှုကြောင့် သိန်း ၁၅၀ ကနေ ၂၀၀ ဝန်းကျင်ရှိ ယမ်းသိုလှောင်ပစ္စည်းတွေ၊ မော်တာတွေ၊ တွင်ကုန်စက်တွေ၊ လုပ်ကိုင်လက်စ လက်နက်ပစ္စည်းတွေပါ မီးထဲပါသွားတာကြောင့် ဆုံးရှုံးမှုပမာဏ ကြီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

“ဖြစ်တာက တစ်ဖွဲ့က ဂဟေဆော်နေတာ၊ တဖက်မှာက ကျည်ဘောက်တွေလုပ်နေတာ၊ ဂဟေဆော်တဲ့နေရာကနေ မီးဖွားက လွင့်လာပြီး မတော်တဆ မီးလောင်မှုဖြစ်တာပါ။ လုပ်နေတာတွေရော၊ လုပ်လက်စတွေရော၊ ယမ်းတွေရော အကုန်ပါသွားတော့ တော်တော်ပျက်စီးသွားတယ်။ စိတ်ဓာတ်လည်း တော်တော်ကျတယ်ဗျာ”လို့ ပြောပါတယ်။

Chindwin Attack Force ဟာ မုံရွာခရိုင်တပ်ရင်း ၂၊ ၃၊ ၄ တို့ ပူးပေါင်းထားတာဖြစ်ပြီး တိုက်ပွဲမှာ စွမ်းရည်မြင့်တဲ့ AK 47 လက်နက်တွေ ထုတ်လုပ်ပြီး တိုက်ပွဲဝင်နေတာဖြစ်တယ်လို့လည်း အဲ့ဒီတပ်ဖွဲ့ကနေ သိရပါတယ်။

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်ရဲ့ဖခင်ကို စစ်ကောင်စီဖမ်းဆီး

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ကိုမင်းလွင်ဦးကို ဖမ်းမမိတာကြောင့် အသက် ၆၅ နှစ်ခန့်ရှိ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီတပ်တွေက ဇွန် ၁၉ ရက် နေ့လယ်ပိုင်းမှာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ကိုမင်းလွင်ဦးဖခင်နေထိုင်တဲ့ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာထဲက နေအိမ်ကို အင်အား ၃၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ကား ၄ စီး ရောက်လာပြီး ဦးအောင်ဖေကို ရိုက်နှက်ဖမ်းဆီးတာအပြင် ဖုန်း ၂ လုံး၊ ငွေ ၈ သိန်းကျပ်တို့ကို ယူဆောင်သလို နေအိမ်ထဲက ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုမင်းလွင်ဦးရဲ့ မိခင်ဖြစ်သူကိုလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ တုန်းက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးဖူးတယ်လို့ ထားဝယ်ကော်မတီက ထုတ်ပြန်ထားပြီး ပြန်လွတ်-မလွတ်ကိုတော့ ဘီဘီစီအနေနဲ့ စုံစမ်းနေပါတယ်။

စစ်အာဏာသိမ်းခံရပြီးတဲ့အချိန်ကစပြီး ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးဟာ အခုချိန်အထိ အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို ဦးဆောင်လာသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်မြေအေးချမ်းသာယာမှုကို ထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ကိုမင်းလွင်ဦးကို ဖမ်းဆီး၊ သတင်းပေးနိုင်ရင် ငွေကျပ် သိန်း ၃၀၀ ချီးမြှင့်မယ်လို့ စစ်ကောင်စီက ဧပြီ ၁၂ ရက်မှာ ကြေညာခဲ့ပါသေးတယ်။

အဲ့ဒီကြေညာချက်စာရွက်တွေကို လောင်းလုံးမြို့နယ်အတွင်းက လူမြင်သာတဲ့ လမ်းတချို့မှာ ကပ်ထားတာဖြစ်ပါတယ်။

ကိုမင်းလွင်ဦးကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ် မှာ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ဒီနှစ် မတ် မှာ အကြမ်းဖက်မှုဥပဒေနဲ့ တရားထပ်စွဲထားပါတယ်။

MFTB နဲ့ MICB အပေါ် စီးပွားရေးပိတ်ဆို့ခဲ့ရင်လည်း ထိခိုက်မှုမရှိဘူးလို့ စစ်ကောင်စီပြော

နိုင်ငံခြားသုံးငွေအကောင့်တွေ စီမံခန့်ခွဲပြီး ဝန်ဆောင်မှုပေးနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် အဲဒီဘဏ်သုံးစွဲသူတွေ၊ ကုန်သည်တွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်သူတွေအကြား စိုးရိမ်မှုတွေရှိနေတာပါ။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှင်းမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်ဘက်က စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့်အရင်ကာလတွေက အနည်းငယ်တည်ငြိမ်နေတဲ့ အမေရိကန်ဒေါ်လာစျေးဟာ ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၃၀၀၀ ကျပ်အထိကို ပြင်ပစျေးကွက်မှာ စျေးပေါက်လာပါတယ်။ စစ်ကောင်စီကတော့ ၂၁၀၀ နှုန်းနဲ့သာ သတ်မှတ်ထားဆဲပါ။

အလားတူ ပြည်တွင်းက ရွှေစျေးဟာလည်း အခေါက်ရွှေ ၁ ကျပ်သားကို သိန်း ၃၀ ကျော်အထိ ရောက်ရှိနေပေမယ့် ဝယ်ယူလိုသူအများအပြားရှိနေတာကို ရွှေစျေးကွက်အတွင်းကသိရပါတယ်။ ဒါကြောင့် ‌မြန်မာ့ရွှေစျေးကတော့ အကျဘက်ကိုဦးတည်ဖို့ ခက်ခဲလိမ့်မယ်လို့ ရွှေစျေးကွက်အတွင်းက သုံးသပ်နေကြပါတယ်။

ရွှေစျေးတွေကိုထိန်းပေးနိုင်ဖို့ဆိုကာ မန္တလေးရွှေလုပ်ငန်းရှင်တွေကိုယ်တိုင်က အခေါက်ရွှေ ၁ ကျပ်သားကို သိန်း ၃၀ နဲ့ ၅ သောင်းနဲ့ ‌အခုရက်ပိုင်းမှာ ထုတ်ရောင်းပေးနေရတာလည်းရှိပါတယ်။

ကမ္ဘာရွှေစျေးကတော့ အရင် ၁ အောင်စကို ‌ဒေါ်လာ ၁၉၃၀ အထိရှိနေပေမယ့်၊ အကျဘက်ကို ရောက်လာဖို့ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။

စစ်ကောင်စီရဲ့ ဘဏ် ၂ ခုကို စီးပွားရေးပိတ်ဆို့မှု လုပ်မယ့်သတင်းတွေထွက်ပေါ်နေပေမယ့် အမေရိကန်ကတော့ တရားဝင်ထုတ်‌ပြန်ပြီး ပိတ်ဆို့အရေးယူတာမျိုးမရှိသေးဘူးလို့ စစ်ကောင်စီဘက်က သိရပါတယ်။

နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ အမေရိကန်ဘဏ်တွေနဲ့ ဆက်စပ်ပြီး ဘဏ်ငွေစာရင်းဖွင့်လှစ်ထားတာ၊ ချိတ်ဆက်ပြီး လုပ်ဆောင်နေတာမျိုးမရှိတဲ့အတွက် စီးပွားရေးပိတ်ဆိုမှုရှိခဲ့ရင်လည်း ထိခိုက်မှုမရှိဘူးလို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံခြားဘဏ်ဝန်ဆောင်မှုတွေကို MFTB နဲ့ MICB တို့ သာမက ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေအပြင် အခြားနိုင်ငံခြားဘဏ်တွေနဲ့လည်း ချိတ်ဆက်ဝန်ဆောင်မှုတွေပေးနေတာလို့ စစ်ကောင်စီက ‌ထုတ်ပြောလာပါတယ်။

လက်ရှိ ပြည်ပကလွှဲပြောင်းပေးပို့နေတဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ၊ အလုပ်သမား၊ သင်္ဘောသားလုပ်ခ၊ လစာတွေလွှဲပို့ခြင်းကိစ္စတွေကို အဆင်ပြေစေရေး စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ နဲ့ ဗဟိုဘဏ်တို့က ဆက်လက်ဆောင်ရွက်ပေးမှာလို စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။