ရွေးကောက်ပွဲ ၂ နှစ်ပြည့်နဲ့ NLD ပါတီရှေ့ရေး
ပြည်သူလူထုတစ်ရပ်လုံး ရှိနေမယ်ဆိုရင် ပါတီကတော့ ပျက်စီးစရာ ဘာအကြောင်းမှမရှိပါဘူး

ဓာတ်ပုံ ရင်းမြစ်, MPA
NLD ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးရှိလာချိန်မှာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပါတီဝင် ၁၁၀၀ ကျော် ၊ လွှတ်တော်အမတ် ၉၀ ခန့် ဖမ်းဆီးခံထားရသလို စစ်ကြောရေးမှာဖမ်းဆီးထားစဥ်ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့တဲ့ပါတီဝင်က ၁၉ ဦးရှိပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းပါတီဝင်တွေရဲ့နေအိမ်အလုံး ၃၀၀ နီးပါးဟာလည်း ချိပ်ပိတ်ခံထားရပါတယ်။ စစ်ကောင်စီက NLD ပါတီကို တရားဝင်ဖျက်သိမ်းဖို့ကြေညာလာတာမျိုးမရှိသေးပေမဲ့ နိုင်ငံတဝန်းပါတီရုံးခန်းဆိုင်းဘုတ်တင်ဖို့တောင် အခက်အခဲတွေမျိုးစုံ ဖိအားပေးခြိမ်းခြောက်မှုတွေကြုံနေရတယ်လို့ NLD ပါတီဝင်တချို့က ပြောပါတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်အားလုံးဖမ်းဆီးထောင်ချခံထားရချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီး အစိုးရတာဝန်ကို ထပ်မံတာဝန်ယူသွားဖို့ရှိခဲ့တဲ့ NLD ပါတီအနေနဲ့ စစ်အာဏာသိမ်းမှုအောက်လပေါင်း ၂၀ ကျော်မှာ ပါတီရှင်သန်ရပ်တည်ရေးအတွက် ဘယ်လိုရုန်းကန်နေရပါသလဲ။ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအပေါ်သဘောထား၊ NLD ပါတီအမည်ကိုသုံးပြီး ရွေးကောက်ပွဲဝင်မယ့်အစုအဖွဲ့ရှိလာခဲ့ရင် ပါတီက ဘယ်လိုတုံ့ပြန်ဆုံးဖြတ်ဖို့ရှိပါသလဲ။ စတာတွေကို NLD ဗဟိုအလုပ်ကော်မတီဝင်တစ်ဦးနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘီဘီစီ-စစ်အာဏာသိမ်းအောက် အာဏာရပါတီတစ်ရပ်ဖြစ်ခဲ့တဲ့ NLD ပါတီ ရပ်တည်ရုန်းကန်ခဲ့ရတဲ့အခြေအနေ၊ လက်ရှိပါတီရပ်တည်မှုကို စပြောပြပေးပါ။
NLD-ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရပြီး တဲ့အခါမှာ ပြည်သူလူထုကို ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲကြေညာစာတမ်းမှာပါတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေကြပါတယ်။ ဥပမာအားဖြင့် ပြောရရင် ကျွန်တော်တို့ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေပါတဲ့အဖွဲ့ဖွဲ့ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရှိတဲ့ နေရာတွေကို ကျွန်တော်တို့ လိုက်လံတွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တာအထင်အရှားပါ။
ဒါပေမဲ့လည်း တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတင်ရမယ့်နေ့မနက်မှာပဲ စစ်ခေါင်းဆောင်တွေက ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ပြီးတော့ ပြည်သူလူထုက အပ်နှင်းထားတဲ့အာဏာကို အဓမ္မသိမ်းယူခဲ့ပါတယ်။
အာဏာသိမ်းတာနဲ့တပြိုင်နက်တည်းမှာ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးတယ်။ ပါတီရုံးချုပ်အပါအဝင် တိုင်းရုံးအချို့ကို အကြောင်းမဲ့ ဝင်ရောက်ရှာဖွေတာတွေ၊ ပါတီပိုင် ပစ္စည်းတွေကို သိမ်းယူဖျက်ဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်လာပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပါတီရဲ့အမှုဆောင်တွေကို သူတို့နေထိုင်တဲ့အိမ်တွေမှာ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လာတယ်။ ဖမ်းဆီးခံတချို့ဆိုရင် သူတို့ရဲ့ စစ်ကြောရေးစခန်းမှာတင် နှိပ်စက်သတ်ဖြတ်ခံရပါတယ်။
ဥပမာအားဖြင့် ပြောရရင် ပန်းဘဲတန်းက မြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်လတ်တို့၊ ရွှေပြည်သာက စုအသက်မွေးသိပ္ပံကျောင်းတာဝန်ခံ ကိုဇော်မြတ်လင်းတို့ပေါ့ဗျာ။ အဲတော့ ပါတီဝင်တွေအားလုံးနီးပါးက မိမိတို့ရဲ့နေရပ်ကိုစွန့်ခွာပြီးတော့ ရှောင်တိမ်းနေကြရပါတယ်။ ဒါပေမဲ့လည်း ပါတီဝင်အများစုဟာ ရောက်ရာဒေသကနေ ပြည်သူလူထုရဲ့ဆန္ဒကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ရောက်ရာနေရာကနေ ကျရာတာဝန်ကို ထမ်းနေကြပါတယ်။ နောက်....ပါတီအနေနဲ့ကလည်း ချိတ်ဆက်လို့ရတဲ့ စီအီးစီတွေနဲ့ ၊ စီအီးစီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းပေးထားတဲ့၊ ဒီလွှတ်တော်အတွက် ဖွဲ့ပေးထားတဲ့ steering committee ဆိုတာရှိတယ်။ အဲဒီကော်မတီနဲ့ပေါင်းစပ်ပြီးတော့ CWC (Central Working Committee) ပေါ့နော်။ ဗဟိုအလုပ်ကော်မတီအဖြစ် ပြန်လည် စုစည်းပြီးတော့ ပါတီဝင်တွေကို ရနိုင်တဲ့ နည်းလမ်းတွေနဲ့ အစုအစည်းမပျက်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။
CWC ကတော့ အဓိကဆောင်ရွက်နေတာက အဲဒီပါတီရဲ့ ချမှတ်ထားပြီးသား မူဝါဒတွေနဲ့အညီ လက်တွေ့လုပ်ငန်းစဥ်တွေကို ကျွန်တော်တို့ ဆက်လက်အကောင် အထည်ဖော်နေတာဖြစ်တယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘီဘီစီ-ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေဖမ်းဆီးထိန်းသိမ်းခံထားရချိန်မှာ ပါတီရှေ့ဆက်သွားတဲ့လုပ်ငန်းစဥ်မှာ ဘာတွေသတိထားဆောင်ရွက်ပါသလဲ။
NLD - ပါတီခေါင်းဆောင်တွေကို ထိန်းသိမ်းထားတာကြောင့် ကျွန်တော်တို့ ဆက်သွယ်ရေးကတော့ ခက်ခဲပြတ်တောက်သွားတာပေ့ါနော်။ ဒါပေမဲ့လည်း လက်ရှိ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်အားလုံးက ပါတီရဲ့ချမှတ်ထားတဲ့မူဝါဒတွေအတွင်းကပဲ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တကူးတက ကျွန်တော်တို့ .နားလည်မှု၊ လမ်းညွှန်မှုတွေ ထပ်ယူစရာ မလိုပါဘူး။
ဘီဘီစီ - NLD ပါတီနဲ့တိုင်းရင်းသားပါတီတွေကြား ဒီနှစ်နှစ် အတောအတွင်းမှာ ဆက်ဆံရေး အခြေအနေက ဘယ်လိုရှိပါသလဲ။
NLD - ရွေးကောက်ပွဲကြေညာစာတမ်းမှာ တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းမှာ....။ အဲဒီတော့ တိုင်းရင်းသားအရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ကျွန်တော်တို့က ရွေးကောက်ပွဲပြီးပြီးချင်းပဲ ပြည်သူလူထုက ၈၃ ရာခိုင်နှုန်းကျော် ထောက်ခံအားပေးမှု ရပြီးပြီးချင်းပဲ တိုင်းရင်းသားပါတီတွေကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေပါတဲ့ အဖွဲ့ဖွဲ့ပြီးတော့ကို တိုင်းရင်းသားပါတီတွေနဲ့ လိုက်လံထိတွေ့ဆက်ဆံတာပေ့ါ။ အသစ်လည်း မဟုတ်ပါဘူး။ အဲဒါ မူဝါဒအရဘာကိုပြောချင်လဲဆိုတော့ ဒီ NLD ပါတီအနေနဲ့က ပြည်သူလူထုတခဲနက်ထောက်ခံမဲပေးလိုက်တာ၊ ပေးလိုက်တဲ့အချိန်မှာ NLD တစ်ခုတည်းကပဲ နိုင်ငံရေးအာဏာကို၊ ဥပဒေပြုရေးအာဏာကို စွဲကိုင်ပြီးတော့ လုပ်မယ်မဟုတ်ဘူး ဆိုတဲ့ မူဝါဒကို ဖော်ပြထားတာပါ။
အဲဒီတော့ တိုင်းရင်းသားတွေအားလုံးနဲ့ ကျွန်တော်တို့က တိုင်းပြည်အနာဂတ်၊ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်းပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး ဥပဒေတွေ ပြဋ္ဌာန်းဖို့ပေ့ါနော်။ အဲဒီတော့ ဖက်ဒရက်ဒီမိုကရေစီနိုင်ငံအတွက်ကို ကျွန်တော်တို့က အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူဝါဒက ဒီအာဏာမသိမ်းခင်ကာလတည်းကိုက ကျွန်တော်တို့ ပါတီခေါင်းဆောင်တွေက ချမှတ်ထားပြီးသားဖြစ်တယ်ပေ့ါ။ အဲဒီအတွက် တိုင်းရင်းသားပါတီတွေအကုန်လုံးနဲ့တော့ ကျွန်တော်တို့က ထိတွေ့ဆက်ဆံဖို့တော့ ကြိုးစားပါတယ်။ တချို့ပါတီတွေနဲ့လည်း ထိတွေ့ဆက်ဆံဖြစ်တယ်ပေါ့နော်။ တချို့ပါတီတွေကျတော့လည်း အခုချိန်မှာ ကျွန်တော်တို့နဲ့ဆက်သွယ်ဆက်ဆံဖို့က အခက်အခဲရှိနေကြတာမျိုး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဘီဘီစီ - အာဏာသိမ်းမှုအလွန် NLD ပါတီရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးက ဘယ်လိုရှိပါသလဲ။
NLD - ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ တရုတ်ကွန်မြူနစ်ပါတီနဲ့တော့ ဆက်ဆံရေး ဆက်သွယ်ရေး အရာရှိထားပြီးတော့ ကျွန်တော်တို့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိပါတယ်။ ကျန်တဲ့ နိုင်ငံတကာက ပါတီတွေနဲ့တော့ ကျွန်တော်တို့ ကြိုးစားဆဲပါ။ တချို့ပါတီတွေလည်း formal မဟုတ်ဘဲနဲ့တော့ အကြောင်းပြန်တာတော့ရှိပါတယ်။ အားရလောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ကျွန်တော်တို့ မရရှိသေးပါဘူး။ ဒါပေမဲ့လည်း ဒါ ကျွန်တော်တို့ ကြိုးစားနေပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ပြည်ပက ဒီမိုကရေစီလိုလားတဲ့၊ လူ့အခွင့်အရေးကို လေးစားမြတ်နိုးတဲ့နိုင်ငံကြီးတွေနဲ့လည်း ကျွန်တော်တို့ CWC နဲ့တိုက်ရိုက်ဆက်သွယ်မှုရှိပါတယ်လို့။ ကျွန်တော်တို့ CWC ကို အားပေးထောက်ခံမှုရှိတယ်။ ဥပမာအားဖြင့် ပြောရရင် ကျွန်တော်တို့ CWC က ကျင်းပတဲ့အခမ်း အနားတွေကို သံတမန်အဆင့်ကိုယ်တိုင် တက်ရောက်တာတွေရှိပါတယ်။ တချို့လည်း နာမည်ထုတ်ဖော်ပြောခွင့်ပြုတယ်ပေါ့နော်။ ပြီးခဲ့တဲ့ ပါတီ ၃၄ နှစ်မြောက်အခမ်းအနား ဆိုရင် အမေရိကန်ပြည်ထောင်စုက တက်ရောက်ပါတယ်။ တက်ရောက်တယ်ဆိုတာက သံအမတ်ကြီးအနေနဲ့ သံတမန်အနေနဲ့တက်ရောက်တာမဟုတ်ဘဲ သူတို့လွှတ်လိုက်တဲ့ ကိုယ်စားလှယ်က အမေရိကန်ပြည်ထောင်စု အနေနဲ့ တက်ရောက်တာပါဆိုတာကို ကျွန်တော်တို့ကို တရားဝင်ပြောကြားတာမျိုးရှိပါတယ်။ လက်ရှိကျွန်တော်တို့ရဲ့ဒီမိုကရေစီရေးပေါ့နော်၊ ပြည်သူတွေရဲ့အခွင့်အာဏာ ပြည်သူတွေလက်ထဲပြန်ရဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံအားပေးတဲ့နိုင်ငံကြီးတွေ ရှိပါတယ်လို့ ဒါလေးပြောချင်တာပါ။
ဘီဘီစီ-အာဏာမသိမ်းခင်နဲ့အာဏာသိမ်းပြီးတဲ့နောက် တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဆံရေးမှာရောအပြောင်းအလဲရှိပါသလား။
NLD - ဘယ်အရာမှတော့လေ တစ်သမတ်တည်းတော့ မရှိပါဘူး။ အခြေအနေနဲ့အချိန်အခါပေါ်မှာတော့ အပြောင်းအလဲတွေကတော့ ရှိတတ်ပါတယ်။ ဖြေထားပြီးသားအတိုင်းပဲထပ်ဖြေရရင်တော့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းတော့ တည်ဆောက်ထားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ - အခက်အခဲတွေမျိုးစုံကြား NLD ပါတီ ရေရှည်ရပ်တည်ဖို့ ဘာတွေ စဥ်းစားကြံဆောင်တာရှိပါသလဲ။
NLD - ‘ပြည်သူရှိရင် ပါတီရှိနေမယ်’ ဆိုတဲ့ ယုံကြည်ချက်ရှိပါတယ်။ အဲတော့ ထွေထွေထူးထူးတော့ ကျွန်တော်တို့ မဟာဗျူဟာ နည်းဗျူဟာတွေတော့ ချမှတ်ထားစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ပါတီကိုယ်တိုင်ကိုက ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတယ်ဆိုတာက ပြည်သူလူထုရဲ့အားပေးထောက်ခံမှုအဆင့်ဆင့်နဲ့ ပြည်သူလူထုကနေပဲ မွေးဖွားလာတဲ့ ပါတီဖြစ်တယ်။ ဒီပါတီမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ပါတီဖြစ်ပါတယ်။ အဲဒီတော့ လူမျိုးတစ်မျိုးတည်း၊ အလွှာတစ်လွှာတည်းက ဖွဲ့စည်းထားပြီးတော့ ပါဝင်လှုပ်ရှားနေတဲ့ ပါတီ မဟုတ်ပါဘူး။ အဲဒီတော့ ပြည်သူလူထုတစ်ရပ်လုံးရှိမယ်၊ တိုင်းရင်းသားလူမျိုးတွေလည်း ရှိနေမယ် ဆိုရင်တော့ ပါတီကတော့ ပျက်စီးစရာ ဘာအကြောင်းမှ မရှိပါဘူး။
ဘီဘီစီ - စစ်ကောင်စီက လာမယ့်နှစ်အတွင်း ပီအာစနစ်သုံး ရွေးကောက်ပွဲ တစ်ရပ်ကျင်းပဖို့ပြင်နေပြီး နိုင်ငံရေးပါတီတချို့လည်း ဝင်ရောက်ယှဥ်ပြိုင်မယ့် အရိပ်အယောင်မြင်ရပါတယ်။ NLD ကရော ဒီအပေါ်မှာ သဘောထားဘယ်လိုရှိပါသလဲ။
NLD - ကျွန်တော်တို့ ရှေ့တွေမှာလည်း ပြောခဲ့ဖူးပါတယ်။ စစ်ကောင်စီက အာဏာသိမ်းလိုက် ကတည်းကိုက တည်ဆဲဥပဒေတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်။ ဒါကြောင့် သူတို့ လုပ်ကိုင်ဆောင်ရွက်သမျှတွေက ဘာတစ်ခုမှ တရားမဝင်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောရမယ်ဆိုရင်တောင် ဒီစစ်ကောင်စီလို ဥပဒေချိုးဖောက်ပြီးတော့ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့အဖွဲ့ကိုမဆိုထားနဲ့...... ပြောမနေနဲ့တော့။ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းအရ တရားဝင် ဖွဲ့ပေးရတယ်ဆိုရင်တောင် ရွေးကောက်ပွဲ ကော်မရှင်လို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမျိုးကို ဖျက်သိမ်းခွင့်၊ အသစ်ခန့်အပ်ပိုင်ခွင့်ကို ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက် ပုဒ်မ ၄၁၀ ကနေ ပုဒ်မ ၄၃၂ အထိ တစ်ချက်မှမပါပါဘူး။
ဒါကြောင့်မို့လို သူတို့လိုတရားမဝင် အဖွဲ့အစည်းက ဖွဲ့စည်းထားတဲ့ တရားမဝင် ရွေးကောက်ပွဲ ကော်မရှင်လို အဖွဲ့အစည်းမျိုးက ကျင်းပတဲ့ ရွေးကောက်ပွဲလိုမျိုးက ဘယ်လိုမှ တရားဝင်မှုလည်း မရှိဘူး။ ပြည်သူလူထုကလည်း လက်ခံမှာလည်း မဟုတ်ဘူး။ အဲဒီလိုမျိုးပဲ ပြည်သူလူထု လက်မခံတဲ့အတွက် ပြည်သူ့ဆန္ဒအစစ်အမှန်လည်း ပေါ်ထွက်လာမှာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုကိုကိုယ်စားပြုတဲ့ လွှတ်တော်ရှိပြီးသားဖြစ်တဲ့အတွက် ဒီလွှတ်တော်တွေကသာ တရားဝင်ပြီးတော့၊ စစ်ကောင်စီက ကျင်းပဖို့ ကြံနေတဲ့ ရွေးကောက်ပွဲလို ဟာမျိုးကို လုံးဝ လက်ခံအသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ဒါလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ထုတ်ပြောထားပြီးသားဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီမိုကရေစီကိုလိုလားတဲ့၊ အမှန်တရားကို မြတ်နိုးတဲ့ မိတ်ဆွေနိုင်ငံတွေကလည်း လက်မခံကြောင်း၊ အသိအမှတ်မပြုကြောင်းထုတ်ဖော်ပြောကြားနေတာ တွေ့ပြီးသားဖြစ်ပါလိမ့်မယ်။
ဒါကြောင့်မို့ ပြည်တွင်းပြည်ပအင်အားစုတွေအနေနဲ့ကလည်း အားလုံး ဝိုင်းဝန်း ကန့်ကွက်ကြဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေတဲ့နိုင်ငံရေးပါတီတွေ၊ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံရေးပါတီတွေရှိတာလည်း ကျွန်တော်တို့ တွေ့ပါတယ်။ အဲဒီတော့ သူတို့ တကယ်ဒီလိုရွေးကောက်ပွဲမျိုးကို ဝင်ရောက်ယှဥ်ပြိုင် မလားပေါ့နော်ဆိုတာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေပေါ်လာမှပဲ ကျွန်တော်တို့ ပြောလို့ရမှာ ဖြစ်ပါတယ်။
ဘီဘီစီ - တကယ်လို့သာ ဒီရွေးကောက်ပွဲမှာ NLD ပါတီအမည်ကိုသုံးပြီး တချို့ ပါတီဝင်တွေက ရွေးကောက်ပွဲဝင်လာမယ့် အခြေအနေမျိုးရှိလာမယ်ဆိုရင်ရော ပါတီဘက်က ဘယ်လိုတုံ့ပြန်မှာပါလဲ။
NLD - အဲဒီလိုမျိုး ပါတီနာမည်ကို ခေါင်းဆောင်တွေရော၊ ပါတီဝင်ထုရောပေါ့နော်။ ထောက်ခံတဲ့ ပြည်သူလူထု ရဲ့သဘောထားတွေမပါဘဲနဲ့တော့ တချို့သော ပါတီဝင် ပုဂ္ဂိုလ်တွေကတော့ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့မယ်ဆိုရင်တော့ သူတို့သမိုင်း သူတို့ရေးတာပဲပေ့ါနော်။ သူတို့ရဲ့ နိုင်ငံရေးသမိုင်းမှာ သူတို့ အမည်းစက်ဖြစ်သွားမှာပေ့ါနော်။ အဲဒီဟာပေါ်မှာ သူတို့ဆွေစဥ်မျိုးဆက် ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့ စဥ်းစားကြဖို့ပဲရှိပါတယ်။ ကျွန်တော်တို့ကတော့ ခုချိန်မှာတော့ ဝင်မယ်လို့တော့ ကျွန်တော်တို့တော့ မကြားသေးပါဘူး။
ဒါပေမဲ့ တချို့ မီဒီယာတချို့မှာတော့ အဲဒီလို ဇောင်းပေးရေးနေတာတွေရှိတယ်။ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အရိပ်အမြွက် ဖော်ပြနေတာတွေမျိုးရှိတဲ့အတွက်တော့ ဒီအချိန်မှာ ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆို တာမျိုးတော့ ကျွန်တော်တို့မှာ စဥ်းစားထားတာမရှိပါဘူး။ အဲဒီလိုလည်း ကြိုပြီးတော့ ဟို preconceive လုပ်ထားတာ မရှိဘူးပေ့ါနော်။ ပြောရမယ်ဆိုရင်တော့......။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ကြံစည်နေတယ်၊ လုပ်မယ်ဆိုရင်တော့ သူတို့သမိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဒီ နိုင်ငံရေးသမိုင်းဆိုတာ ပြည်သူလူထုက ရွေးချယ်ပေးတာဖြစ်တဲ့အတွက်တော့ ပြည်သူလူထု အဆုံးအဖြတ်ပဲကျွန်တော်တို့က ယူကြရတာဖြစ်တယ်။ ပြည်သူလူထုကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။












