ငလျင်အပြီး စစ်တပ်က အပစ်ရပ်ကြေညာပေမဲ့ အကြိမ်ကြိမ် ချိုးဖောက်တာကို တွေ့ခဲ့

အမေနဲ့သား

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, အပစ်ရပ်စဲရေး ကာလမှာ စစ်တပ်အမြောက်ကျည်စထိလို့ မမာလာရဲ့ အမျိုးသား သေဆုံးပြီး လေးနှစ်အရွယ် သားလေးနဲ့ ကျန်ခဲ့
    • ရေးသားသူ, ကွမ်တင် ဆမ်းမားဗီးလ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, မြန်မာ

မတ်လကုန်က ၇.၇ ပြင်းအားရှိတဲ့ ငလျင်ကြီး မြန်မာပြည်မှာ လှုပ်လို့ အနည်းဆုံး လူ ၃၇၀၀ သေဆုံးပြီးနောက် စစ်ကောင်စီက ထိုးစစ်တွေ ရပ်ဖို့ သဘောတူခဲ့ပေမဲ့ အပစ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါတယ်။

ကရင်နီ အရှေ့ပိုင်းက တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲကို ဧပြီလလယ်ပိုင်းက ၁၀ ရက်ကြာ ကျွန်တော်၀င်သွားခဲ့ပါတယ်။ အဲဒီမှာ မြန်မာစစ်ကောင်စီတပ်တွေရဲ့ နေ့စဉ် ကျူးလွန် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဒုံးကျည်နဲ့ မော်တာကျည်ဆန်တွေ ကျလို့ အရပ်သားနဲ့ တော်လှန်ရေးတပ်သားတွေ သေကြေ ဒဏ်ရာရကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒီထဲက တယောက်က ၄၅ နှစ် အရွယ် ကိုကုလားပါ။ စစ်လေယာဉ်တွေနဲ့ ဗုံးလာကြဲလို့ သူလွတ်မယ်ထင်တဲ့နေရာ ပုန်းရင်း သေဆုံးသွားတာလို့ သူ့ကျန်ရစ်တဲ့ ဇနီး မမာလာက ပြောပါတယ်။

အပစ်ရပ်စဲရေး ကြေညာတဲ့ ဧပြီလ ၂ ရက်မှာ မမာလာနဲ့ ကိုကုလားတို့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အိမ်ပြန်နိုင်ပြီလို့ ထင်ခဲ့ကြပါတယ်။

လေးနှစ်သား ကလေးနဲ့အတူ သူတို့ ခိုလှုံရာ ဒုက္ခသည် စခန်းကနေ ဖယ်ခုံကို ပြန်လာကြတော့ အိမ်တွေ တိုက်တွေ ထိခိုက်ပျက်စီးနေတာကို တွေ့ရပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ လက်နက်တွေနဲ့ ဝေးတဲ့ လယ်တောဘက်ကို အကုန်လုံး ထပ်ရွှေ့ရပြန်ပါတယ်။

ဖယ်ခုံက ထွက်ခါနီး သူတို့ကားပေါ်မှာ ပစ္စည်းတွေ တင်နေတုန်း လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။

" အိမ်ရှေ့မှာ ရောက်နေတုန်း ကျွန်မတို့နား အမြောက်ဆန်တွေ လာကျတာပါ။ ကျွန်မတို့ အိမ်နောက်ဖေး ၀င်ပုန်းနေကြပေမယ့် ကိုကုလားကတော့ သူ့နေရာမှာပဲ ဆက်နေပါတယ်။ သူ့နားမှာ အမြောက်ဆန်ကျပြီး ပေါက်ကွဲလို့ နေရာမှာတင် ဆုံးသွားပါတယ်၊ သူက လူကောင်းပါ " လို့ ပြောရင်း မမာလာက စပြီး ငိုပါတယ်။

အဲဒီနေ့ခင်းမှာပဲ စစ်တပ်က လေယာဉ်တွေက ဒီလမ်းပေါ်က အိမ်တစ်လုံးကို ဗုံးလာကြဲလို့ အမျိုးသားလေးယောက် ထပ်ပြီး သေဆုံးပါတယ်။

" လူတွေကို အကြောင်းမဲ့ တိုက်ခိုက်နေလို့ စစ်တပ်ကို မုန်းတယ်၊ ဒီမှာ နေရတာ မလုံခြုံဘူး၊ ဂျက်တိုက်လေယာဉ်တွေက ခေါင်းပေါ်မှာ ဝဲနေပြီး ပုန်းစရာ နေရာ မရှိဘူး"လို့ မမာလာက ပြောပါတယ်။

မမာလာက အသက် ၃၁ နှစ်ပဲ ရှိသေးပြီး ကိုယ်ဝန် ၇ လနဲ့ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်မှာ သူလည်း ဒုက္ခသည်စခန်းရောက်နေပါတယ်။ သူ့ဘေးမှာ အဖေကို လွမ်းနေတဲ့ သားက မခွာဘဲ ကပ်နေတာပါ။

ကရင်နီ ကျေးလက်

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

 ခြေထောက်ဖြတ်ထားသူ

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, မြန်မာပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာရသူတယောက်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငလျင်ကြီးမလှုပ်ခင်ကတည်းက မြန်မာပြည်မှာ ပြည်တွင်းစစ်က နိုင်ငံအနှံ့ ဖြစ်နေခဲ့တာပါ။ ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် လူမျိုးစု လက်နက်ကိုင်တွေနဲ့ လူငယ် တော်လှန်ရေးတပ်သစ်တွေ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ကို အကျပ်ဆိုက်စေခဲ့ပါတယ်။

နိုင်ငံရဲ့ နယ်မြေ သုံးပုံ နှစ်ပုံလောက်က တော်လှန်ရေးတပ်တွေ လက်ထဲ ကျနေပါပြီ။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လူသောင်းချီ သေဆုံးခဲ့ပြီး ဒီထဲမှာ ကလေးအများအပြား ပါပါတယ်။

ငလျင်ကြောင့် နောက်ထပ် လူ နှစ်သန်း အကူအညီလိုအပ်လာပြီး လူ နှစ်သန်းခွဲလောက်ကတော့ ငလျင်မတိုင်ခင်ကတည်းက နေရပ်ရွှေ့ပြောင်း နေခဲ့ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကရင်နီ ခေါ် ကယားပြည်နယ်က ငလျင်ဗဟိုချက်နဲ့ ဝေးပါတယ်။ ကရင်နီရဲ့ ဝေးခေါင်မှုက ကောင်းကျိုးရော ဆိုးပြစ်ပါ ရှိပါတယ်။ တောနက်ကြီးထဲမှာ စစ်ကောင်စီကို ပုန်ကန်သူတွေအတွက် ပုန်းခိုရာ ဖြစ်သလို သွားရေးလာရေးလည်း ခက်ခဲပါတယ်။

လမ်းတွေက ဆိုးပြီး လမ်းမကြီးတွေကိုလည်း စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ပြည်နယ်ရဲ့ နယ်မြေအများစုကိုတော့ လူမျိုးစု တော်လှန်ရေးတပ်တွေက ချုပ်ကိုင်ထားပါတယ်။

မတ်လ ၂၈ ရက် ငလျင်ကြောင့် ကရင်နီမှာ လူသေတယ်လို့ သတင်းမရပေမဲ့ ဆေးရုံတွေမှာတော့ ကျောရိုးနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ ပြည့်နေဆဲ ဖြစ်ပါတယ်။

ဒီးမော့ဆို မြို့နားတ၀ိုက်က တောထဲမှာတော့ ပေတရာနက်တဲ့ ကျင်းကြီး ပေါ်လာပါတယ်။ မြေကြီးတွေ လှုပ်လာချိန်မှာ စစ်တပ်က ဗုံးလာကြဲတာလို့ နယ်ခံတွေက ထင်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ ငလျင်တွေလည်း နေ့တိုင်း လှုပ်နေလို့ ဒီကျင်းကြီးက ပိုကျယ်လာပါတယ်။

ငလျင်ဘေးကြုံရတဲ့ ဒေသတွေပြမြေပုံ
ဓာတ်ပုံ ပုံစာ, ငလျင်ဘေးကြုံရတဲ့ ဒေသတွေပြမြေပုံ
ငလျင်ကြောင့် ဘုရားကျောင်း ထိခိုက်

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့် ဘုရားကျောင်း ထိခိုက်

ငလျင်အပြီး အပစ်ရပ်စဲရေး ကြေညာထားတာတောင် မြန်မာစစ်တပ်က စစ်ဆင်ရေးတွေ ဆက်လုပ်နေလို့ ရပ်တန့်ဖို့ ကုလသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေကို စစ်ကောင်စီက မှတ်ချက်မပေးပေမဲ့ တော်လှန်ရေးတပ်တွေက လာတိုက်ခိုက်တယ်လို့ ဆိုပါတယ်။ အပစ်ရပ်စဲရေးကာလမှာ တိုက်ခိုက်လာရင် ပြန်တုံ့ပြန်ခွင့်ကိုလည်း အားလုံးက အရန်သင့်ယူထားကြပါတယ်။

ကျွန်တော် ကရင်နီ မိုးဗြဲမှာ ၁၀ ရက် နေခဲ့တဲ့အတွင်း နေ့စဉ် စစ်ကောင်စီ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ KNDF က ၂၃ နှစ်အရွယ် စတက်ဖနိုနဲ့လည်း တွေ့ပါတယ်။

လူငယ်တပ်သားတွေရဲ့ တပ်မှူးဖြစ်ပြီး စခန်းတ၀ိုက်မှာ ကတုတ်ကျင်းတွေ တူးနေကြပါတယ်။

အပစ်ရပ်ကာလအတွင်း စစ်တပ်က မြေပြင်၊ ဒရုန်းနဲ့ ဂျက်လေယာဉ် စတဲ့ နည်းပေါင်းစုံသုံးပြီး ဆက်တိုက်နေတုန်းလို့လည်း စစ်တပ်စခန်းနဲ့ ပေ ၃၀၀ ကျော် ဝေးတဲ့ နေရာက ကတုတ်ကျင်းထဲမှာ သူက ရှင်းပြပါတယ်။

"ဒီဘက်ကို ဒရုန်းနဲ့ လက်နက်ကြီးတွေ သုံးပြီး တိုက်လေ့ရှိတယ်၊ မိုးရွာရင် ရာသီဥတုကို အခွင့်ကောင်းယူပြီး စစ်သားတွေ တက်လာတယ်" လို့ သူက ပြောပါတယ်။

အပစ်ရပ်စဲရေးက ဟာသပဲလို့လည်း သူက ပြောပါတယ်။

" စစ်ကောင်စီကို အစကတည်းက မယုံသလို အခုလည်း မယုံဘူး၊ နောင်လည်း ယုံမှာ မဟုတ်ဘူး " လို့ စတက်ဖနိုက ပြောပါတယ်။

KNDF တပ်မှူး စတက်ဖာနို

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, အပစ်ရပ်စဲရေးက ဟာသပဲလို့ စစ်ကောင်စီကို တော်လှန်နေတဲ့ ၂၃ နှစ်သား စတက်ဖနိုက ပြော
ဗုံးခွံကိုင်ထားတဲ့ ကျေးရွာသား

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဓာတ်ပုံ ပုံစာ, စစ်တပ် လေကြောင်းတိုက်ခိုက်မှုက ကျန်ခဲ့တဲ့ ဗုံးခွံ သတ္တုအပိုင်းအစနဲ့ ကျေးရွာသား

ကျွန်တော်တို့ စကားပြောပြီး နောက်နေ့မှာပဲ စစ်တပ်က လက်နက်ကြီးအား၊ လူအင်အားနဲ့ တော်လှန်ရေး ရှေ့တန်းခံစစ်တွေကို ၀င်တိုက်ပါတယ်။ ရှေ့တန်းကို ကျွန်တော်တို့ သွားနေတုန်းမှာပဲ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေ၊ မော်တာသံတွေကို ကြားနေရပါတယ်။ မြေပြင်မှာလည်း ဒရုန်းတွေကျပြီး ကျင်းတွေ ဖြစ်နေပါတယ်။

အနားမှာတော့ တော်လှန်ရေးတပ်စခန်းဘက်ကို ၀င်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရပါတယ်။ အပစ်ရပ်စဲရေးကာလမှာ တိုက်ပွဲတွေ အားလုံး ရပ်ထားပြီး သူတို့ကို လာတိုက်ရင် ပြန်ပစ်မယ်ဆိုပြီး တော်လှန်ရေးတပ်သားတွေက ပြောပါတယ်။

ကရင်နီ အမျိုးသားတပ်က တပ်မှူးတယောက်ကတော့ သူ့ဖုန်းပေါ်က ပုံတွေကို ပြပါတယ်။ "ကျွန်တော်တို့ မြင်တော့ ပစ်လိုက်တာ၊ တယောက် မှန်သွားပြီး နောက်တယောက် ထွက်ပြေးတယ်" လို့ ဒီတပ်မှူးက ပြောပါတယ်။

စစ်တပ်က တော်လှန်ရေးအင်အားစုတွေကိုပဲ ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ ယာတောဘက်ကို လှမ်းပစ်လို့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတယောက် သေဆုံးခဲ့ပါတယ်။ ဒီကို မော်တာကျည် လေးလုံး ကျပြီးနောက် ကျွန်တော်တို့ ရောက်လာပါတယ်။ ဗုံးကြဲရာက ကျန်တဲ့ ဗုံးခွံနဲ့ သတ္တုအပိုင်းအစတွေနဲ့ ကလေးတွေ ဆော့ကစားနေကြပါတယ်။

ဒဏ်ရာရသူတွေကို အနားက ဆေးရုံတွေဆီ ခေါ်သွားပါတယ်။ ဒီရှေ့တန်းနဲ့ ဝေးတဲ့ တောနက်ထဲမှာတော့ အပစ်ရပ်စဲရေး ပျက်ပြားတဲ့ သက်သေတွေ ပိုတွေ့ရပါတယ်။ စစ်လေယာဉ်တွေနဲ့ ဒရုန်းတွေဘေးက ကင်းတဲ့ တောနက်ထဲမှာ ဆေးရုံတွေ ရှိပါတယ်။

ဒီဆေးရုံတရုံမှာတော့ လူငယ် တော်လှန်ရေးတပ်သား တယောက်ကို ဝါးတဲ လူနာဆောင်က ညစ်ပေနေတဲ့ ကြမ်းပြင်မှာ ကုသပေးနေကြပါတယ်။ စစ်တပ်က ပစ်တဲ့ မော်တာကျည်စက သူ့လက်မောင်း လာစိုက်ပြီး သွေးတွေ အများကြီး ထွက်နေတယ်။

ဒီက တာဝန်ခံ ဆရာဝန်က ၃၂ နှစ် အရွယ် ဒေါက်တာ သီဟထွန်းပါ။ အပစ်ရပ်စဲရေး ကြေညာကတည်းက စစ်ပွဲက ဒဏ်ရာရလာတဲ့ လူ တဒါဇင်လောက်ကို ကုပေးခဲ့ရကြောင်း ဒေါက်တာ သီဟထွန်းက ပြောပါတယ်။ တော်လှန်ရေးတပ်သား လူနာ နှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

 ဆေးရုံကုတင်ပေါ်က စောင်ခြုံထားတဲ့ အမျိုးသားနဲ့ သူ့ဘေးက လူနာစောင့်

ဓာတ်ပုံ ရင်းမြစ်, BBC/Lee Durant

ဆရာဝန်ကတော့ စစ်တပ်ရဲ့ အလိမ်အညာတွေ ဆိုပြီး ပယ်ချပါတယ်။ " စစ်တပ်က သူတို့အကျိုးစီးပွားကိုပဲ ကြည့်တာ " လို့လည်း ပြောပါတယ်။ " သူတို့တပ်အကျိုးပဲ ကြည့်တာပါ၊ ဒီနိုင်ငံက ကျန်တဲ့သူတွေကို ဂရုမစိုက်ပါဘူး၊ လူငယ်၊ ကလေး၊ လူကြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး" လို့ ပြောပါတယ်။

ဒါကြောင့် စစ်ကို ဆက်တိုက်နေဖို့ပဲ ရှိတယ်လို့ ဒေါက်တာ သီဟထွန်းက ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တောင်ကုန်းထိပ်မှာတော့ ယေဇူးရွှေနှလုံးတော် ကက်သလစ်ဘုရားကျောင်း ရှိပါတယ်။ ဒီမှာ ငလျင်ကြောင့် ဘုရားကျောင်းအမိုး တပိုင်းတစနဲ့ ခေါင်မိုးချွန်ကြီး ပြိုကျပါတယ်။ ရောမက သယ်လာတဲ့ ခေါင်းလောင်းကိုလည်း ဖြုတ်ချထားရပါတယ်။ အပျက်အစီးတွေကို ပြင်ထားပေမဲ့ ဘုရားကျောင်းကို ပြန်ဆောက်ဖို့ လိုလာနိုင်ပါတယ်။

ဒီမှာ ခုထိ နောက်ဆက်တွဲ ငလျင်တွေက လှုပ်နေတာပါ။

ဝတ်ပြုဆုတောင်းသူတွေအတွက် အကြီးဆုံးအန္တရာယ်က မြေကြီးထဲက မလာဘူး၊ မိုးပေါ်က လာတာပါလို့ နယ်ခံ ဘုန်းတော်ကြီး ဖာသာဖိလစ်က မိန့်ကြားပါတယ်။ ဒီလူအများစုကလည်း စစ်ရှောင်တွေ ဖြစ်ကြပါတယ်။

"ကောင်းကင်မှာ တိုက်လေယာဉ်တွေ ဝဲလာပြီ ဆိုတာနဲ့ ဘယ်နေရာမှ မလုံခြုံတော့ဘူး၊ ကောင်းကင်ကနေ ဘာတွေ ကျလာမယ်ဆိုတာ မသိဘူး " လို့ ဘုန်းကြီးက မိန့်ပါတယ်။

မိုးဗြဲ ရှေ့တန်းမှာတော့ တိုက်ပွဲကြား ကာလတွေမှာ စတက်ဖနိုနဲ့သူ့လူတွေက လက်နက်တွေကို သန့်ရှင်းရေးလုလုပ်ပြီး သီချင်းတွေ ဆိုနေကြပါတယ်။

" လူတွေရဲ့ ဆုတောင်းသံ၊ ငိုကြွေးသံတွေကို ကြားနေရတယ်၊ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချမယ် " ဆိုပြီး သူတို့ ပြိုင်တူ သီဆိုကြပါတယ်။ စစ်တပ် ကျဆုံးမှ သူတို့ယုံကြည်တဲ့ အပစ်ရပ်စဲရေး ရမယ်လို့လည်း ပြောပါတယ်။

ဧပြီလကုန်မှာ အပစ်အခတ်ရပ်စဲရေးက ကုန်ဆုံးပြီ ဖြစ်ပေမဲ့ ဒီက လူအများစုအတွက် အပစ်အခတ်ရပ်စဲတဲ့အချိန်က ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။