ဟားဗတ် ရန်ပုံငွေထဲက ဒေါ်လာသန်း ၁၀၀ လောက် ပြန်နုတ်ဖို့ ထရမ့်အစိုးရ ကြိုးစား

    • ရေးသားသူ, ကေလာအပ်စတိုင်း နဲ့ ဘန်းဒ် ဒီဘတ်စ်မန်း

အမေရိကန်ရဲ့ သက်တမ်းအရှည်ဆုံး ဟားဗတ်တက္ကသိုလ်နဲ့ အိမ်ဖြူတော်ကြား အရှိန်တက်နေတဲ့ စစ်ခင်းပွဲမှာ ဒီကျောင်းကို ပေးတဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို ပြန်စစ်ဆေးဖို့ ထရမ့်အစိုးရက ပြည်ထောင်စု အဆင့် အေဂျင်စီတွေကို ညွှန်ကြားမှာပါ။ ဒီထောက်ပံ့မှုတွေ အဆုံးသတ်ဖို့ ဒါမှမဟုတ် ရန်ပုံငွေကို ပြန်ခွဲဝေဖို့တွေ ဖြစ်လာနိုင်ပါတယ်။

ဟားဗတ်တက္ကသိုလ်နဲ့ ချုပ်ဆိုထားတာတွေကို ဖော်ထုတ်ဖို့ တောင်းဆိုတဲ့ စာကို အေဂျင်စီတွေဆီ ဖြန့်ဝေဖို့ အမေရိကန်အစိုးရရဲ့ ဝန်ဆောင်မှုအေဂျင်စီ (GSA)က ပြင်ဆင်နေကြောင်း အိမ်ဖြူတော် အကြီးတန်း အရာရှိတယောက်က ပြောပါတယ်။ ဒီထောက်ပံ့မှုတွေကို ပယ်ဖျက်တာနဲ့ တခြားကို ပို့ပစ်တာတွေ လုပ်နိုင်သလားဆိုတာကိုပါ အေဂျင်စီတွေက ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

ထောက်ပံ့မှု ၃၀ လောက် - ဒေါ်လာ သန်း ၁၀၀ လောက် တန်တာကို ပြန်သုံးသပ်နိုင်ကြောင်း ထရမ့်အစိုးရက ခန့်မှန်းပါတယ်။

ဒီအကြောင်း မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာတော့ ဟားဗတ်တက္ကသိုလ်က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ဟားဗတ်ရဲ့ သမိုင်းတလျှောက် ဆေးပညာ၊ သိပ္ပံနဲ့ နည်းပညာ သုတေသနတွေမှာ ဗဟိုအစိုးရနဲ့ တခြား အဖွဲ့အစည်းတွေက ထောက်ပံ့ခဲ့ကြောင်း တက္ကသိုလ် ၀က်ဆိုက်မှာ ရေးထားပါတယ်။

အမေရိကန် ဗဟိုအစိုးရရဲ့ အကူအညီမပါရင် ကင်ဆာ၊ နှလုံးရောဂါ၊ ကူးစက်ရောဂါနဲ့ အဝလွန်မှု သုတေသနတွေ ရပ်သွားနိုင်တယ်လို့လည်း တက္ကသိုလ် ၀က်ဆိုက်မှာ သတိပေးထားပါတယ်။

ဒီရန်ပုံငွေတွေကို အိမ်ဖြူတော်က အလိုအလျောက် ပြန်ရုပ်မှာ မဟုတ်ပေမယ့် ဗဟိုအစိုးရဆီက ဟားဗတ်ရတဲ့ငွေတွေကို ပြန်သုံးသပ်ဖို့ ဖြစ်လာပါတယ်။

စံချိန်စံညွှန်းနဲ့ မကိုက်ညီရင် ဒီထောက်ပံ့မှု စာချုပ်တွေကို ရပ်ဆိုင်းဖို့ GSA က အေဂျင်စီတခုချင်းစီကို ညွှန်ကြားမှာဖြစ်ပြီး ဒီရန်ပုံငွေတွေကို တခြားနေရာတွေကို ပို့ဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။

ဒီဖြတ်တောက်မှုတွေကို မှန်ကန်ကြောင်း ထောက်ခံဖို့အတွက်လည်း ဟားဗတ်တက္ကသိုလ်ကို ခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်ရေးတွေနဲ့ ပတ်သက်နေတယ်ဆိုပြီး ဒီစာရဲ့ မူကြမ်းတစောင်က စွပ်စွဲထားပါတယ်။

ဒီလို ဖြတ်တောက်တာတွေ လုပ်လာရင်လည်း ဟားဗတ်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ဆေးရုံတွေကို ထိခိုက်မှာ မဟုတ်ကြောင်း အမေရိကန် အစိုးရ အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

ဗဟိုအစိုးရရဲ့ ထောက်ပံ့မှုက အေဂျင်စီအဖွဲ့တခုရဲ့ လည်ပတ်မှုမှာ မရှိမဖြစ် အရေးကြီးတယ်ထင်ရင် ရန်ပုံငွေ ဆက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။

အိမ်ဖြူတော်နဲ့ ဟားဗတ်တက္ကသိုလ်ကြားမှာ နိုင်ငံရေး၊ ဥပဒေကြောင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ တိုက်ပွဲတွေကြား ပိတ်မိနေပြီး ပြီးခဲ့တဲ့ နှစ်လအတွင်း ပိုအရှိန်တက်လာခဲ့ပါတယ်။

ဟားဗတ်အတွက် ထောက်ပံ့မှုတွေကို ထရမ့်အစိုးရက ပိတ်ပင်ဖို့ ကြံတာ ခုမှ မဟုတ်ပါဘူး။ ဧပြီလတုန်းကလည်း အိမ်ဖြူတော်က ဗဟိုအစိုးရ ရန်ပုံငွေ ဒေါ်လာ ၂.၂ ဘီလျံကို ထိန်းချုပ်လိုက်လို့ တက္ကသိုလ်က တရားစွဲခဲ့ပါတယ်။

အရင်ပတ်ကပဲ ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံတကာ ကျောင်းသားလက်ခံခွင့်နဲ့ ပြည်ပသုတေသီ လက်ခံမှုတွေကို ထရမ့်အစိုးရက ရုပ်သိမ်းခဲ့လို့ ထောင်နဲ့ချီတဲ့ နိုင်ငံတကာကျောင်းသားတွေကြား ဝေဝါးစေခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပထမပြင်ဆင်မှု ရပိုင်ခွင့်တွေနဲ့ ပြည်ထောင်စု ဥပဒေကို ချိုးဖောက်မှုနဲ့ ဟားဗတ်တက္ကသိုလ်ကလည်း ထရမ့်အစိုးရကို တရားစွဲထားပါတယ်။

အခုနောက်ဆုံးလုပ်တဲ့ ရန်ပုံငွေ ဖြတ်တောက်မှု သတင်းမထွက်ခင်တုန်းကတော့ ဟားဗတ် တက္ကသိုလ်ကျောင်းသား အလန် ဂါဘာက ''သုတေသနပိုင်းအတွက် ရန်ပုံငွေကို ဘာလို့ ဖြတ်တောက်တာလဲ နားမလည်နိုင်ဘူး'' လို့ NPR သတင်းဌာနကို အင်္ဂါနေ့ မနက်အစောပိုင်းတုန်းက ပြောထားပါတယ်။

''ဒီလိုသုတေသနကို ပံ့ပိုးမှုတွေဟာ ပြည်ထောင်စုအစိုးရက ဦးစားပေးအဆင့်အနေနဲ့ မှတ်ယူထားတဲ့ သုတေသနလုပ်ငန်းတွေလုပ်ဖို့ သက်ဆိုင်ရာ တက္ကသိုလ်တွေဆီ သုတေသနအဖွဲ့တွေဆီ ရောက်တာလေ''

'' လိုချင်တာက ရလဒ်၊ အဲဒီအတွက်လည်း အလုပ်အတွက် ရန်ပုံငွေကိုထောက်ပံ့တာ''

ရန်ပုံငွေထောက်ပံ့မှုလျှော့ချတာကြုံရတဲ့ ဌာန တစ်ခုကတော့ ဟားဗတ်ဆေးကျောင်းက ဆင်ကလဲသုတေသနဌာဖြစ်ပါတယ်။ အဲဒီဌာနဟာ လူတွေ အသက်ကြီးရင့်မှုကို လေ့လာပြီဉာဏ်လျော့ကျမှု ရောဂါ အယ်လ်‌ဇိုင်းမား ရောဂါကို ဟန့်တားနိုင်ဖို့ နောက်ပြီး ကင်ဆာ၊ သားသမီးမထွန်းကားမှုနဲ့ ကိုယ်ခံစွမ်းအားမတည်ငြိမ်မှု အစရှိတဲ့ရောဂါတွေကို လေ့လာနေတာပါ။

''ကျွန်တော်တို့ဌာနဟာ ရောဂါတွေနဲ့ တစ်ရှူးပျက်စီးမှုတွေလို ဖြစ်စဉ်တသီကြီးအတွက် ကုထုံးပေါ်လာအောင် အခံရောဂါဖြစ်တဲ့ အသက်ကြီးရင့်လာမှုဖြစ်စေတဲ့အကြောင်းရင်းခံတွေကို နားလည်နိုင်ဖို့ လုပ်ပါတယ်'' လို့ မျိုးဗီဇပညာရှင် ဒေးဗစ် ဆင်ကလဲက ဘီဘီစီကို အီးမေးလ်ကနေ တဆင့် ဖြေပါတယ်။

ထရမ့်အစိုးရလက်ထက်မှာ ဒီသုတေသနဌာနဟာ အမျိုးသားကျန်းမာရေးအင်စတီကျူ့တွေကို ပေးတဲ့ ထောက်ပံ့ရေး မရတော့သလို မှတ်ဉာဏ်လျော့ကျမှုဆိုင်ရာရောဂါတွေကို တိုက်ဖျက်ရေး လေ့လာတဲ့ သုတေသီ ကယ်လီရစ်ချ် တို့လို သုတေသနသမားတွလည်း အလုပ်လမ်းကြောင်း တိမ်းစောင်းခဲ့ရပါတယ်။ ဟားဗတ်တက္ကသိုလ်အနေနဲ့ နိုင်ငံတကာသုတေသနသမားတွေကို လက်ခံနိုင်တဲ့အခြေအနေကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့ အိမ်ဖြူတော်ရဲ့ခြေလှမ်းကြောင့် အဲဒီဓာတ်ခွဲခန်းက ဝန်ထမ်းတစ်ဝက်ဖြစ်တဲ့ လူ ၆ ဦးအပေါ် သက်ရောက်ခဲ့ပါတယ်။

'' ရန်ပုံငွေ မရတော့တာဟာ လုပ်လက်စ စမ်းသပ်မှုတွေကို ပြန်မစနိုင်တော့တာတင်မဟုတ်တော့ဘဲနဲ့ ဓာတ်ခွဲခန်းလည်ပတ်ရေးနဲ့ နိုင်ငံသုတေသနလုပ်ငန်း ရှေ့ရောက်ရေးမှာအရေးပါတဲ့နိုင်ငံတကာက ပညာရှင်တွေရဲ့ ကာယဉာဏ္ဏအားလည်း ဆုံးရှုံးတာဖြစ်ပါတယ်'' လို့ ဒေါက်တာ ဆင်ကလဲက ပြောပါတယ်။

ဟားဗတ်တက္ကသိုလ် ကျောင်းသားဟောင်းလည်းဖြစ်၊ ကျောင်းဝင်ခွင့်အကြံပေးလုပ်ငန်းလည်း လုပ်နေတဲ့ အဒမ် ငုယင်ကတော့ အခုအခြေအနေဟာ ကျောင်းပြီးသွားသူတွေနဲ့ ပါရဂူတန်း ကျောင်းသားတွေအပေါ် အတော်လေးရိုက်ခတ်လိမ့်မယ်လို့ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပြည်ပကလာတဲ့ ပညာရှင်တွေဟာ သူတို့သုတေသနအတွက် ပြင်ပကနေရတဲ့ ရန်ုံငွေကို အားထားရတာကြောင့်ဖြစ်ပါတယ်။

'' ရန်ပုံငွေ ဖြတ်တောက်တာတွေ ဖြစ်လာရင် အလုပ်မရှိတော့ဘူး'' လို့ မစ္စတာ ငုယင်က ပြောပါတယ်။ ''ရိုးရိုးလေးပါပဲ။ သူတို့သုတေသနအတွက် ထည့်ဝင်မယ့် ငွေကြေးမရတော့ဘူးလေ။ အခုဆို ဘွဲ့ရကျောင်းသားအများစုဟာ လုပ်နေတဲ့အလုပ်ကနေ ရပ်တန့်စာ၊ အလုပ်ဖြုတ်ခံရတာ၊ လူလျှော့တဲ့အထဲပါတာတွေကြုံနေရပြီ''