ဘား နဲ့ ဖျော်ဖြေရေးတွေကို စစ်ကောင်စီ ဘာကြောင့် ဖိအားပေးသလဲ

စည်စည်ကားကားပွဲလမ်းတွေ များများစားစားမရှိတဲ့ စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ဧရာဝတီလမ်း က အစည်ကားဆုံးဖြစ်ပြီး ညဘက် ဆို ကားပါကင်တွေ အပြည့်ဖြစ်နေတတ်ပါတယ်။

Night Life အတွက် ရွေးချယ်စရာ ခပ်များများမရှိတဲ့ နေပြည်တော်မှာ ဧရာဝတီလမ်းက စားသောက်ဆိုင်တွေ၊ သီဆိုဖျော်ဖြေမှုတွေပါတဲ့ ဘားတွေ၊ KTV နဲ့ ကပွဲကြမ်းပြင်တွေပါတဲ့ ဆိုင်တွေ တစုတစည်းထဲ ရှိနေတဲ့ နေရာဖြစ်ပါတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်က စလို့ ဧရာဝတီလမ်းထဲက သီဆိုဖျော်ဖြေမှုတွေပါတဲ့ ဘားတွေ နဲ့ KTV တွေ ဆယ်ခုထက် မနည်းပိတ်သိမ်းခံလိုက်ရတယ် လို့ နေပြည်တော်မှာ စားသောက်ဆိုင် လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

'' နေပြည်တော် က နာမည်ကြီး ဘားမှာ အကောင်ကြီးကြီး တစ်ယောက်ရဲ့ သမီး DJ တွေ၊ တီးဝိုင်းတွေနဲ့ ပျော်ကြရင်း ဆေးသုံးရင်း လစ်သွားတာကနေ ဇူလိုင် ၁ ရက် ကနေ အကုန်လိုက်ပိတ်ခိုင်းနေတာ'' လို့ နေပြည်တော်မှာ ဘားနဲ့စားသောက်ဆိုင် လုပ်နေသူ တစ်ဦးက ပြောပါတယ်။

လူကြီးသမီးတစ်ယောက် ဆေးသုံးတဲ့ သတင်းကို နေပြည်တော်က ပြည်ထဲရေးလက်အောက်က အဖွဲ့အစည်းတချို့က အတည်မပြုပါဘူး။

ဒါပေမဲ့ ဘား နဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်‌တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged - တီးဝိုင်း တွေဟာ ဖျော်ဖြေရေးလိုင်စင် မရှိဘဲ လုပ်ကိုင်နေကြလို့ ပိတ်ခိုင်းထားတယ်ဆိုတာကိုတော့ အတည်ပြုပါတယ်။

‘’ဧရာဝတီလမ်းက ဘားတချို့မှာ သောက်လိုက်စားလိုက် မူးလိုက်၊ ဆိုကြ ကကြ ခုန်ကြ နဲ့ အရမ်းရုပ်ပျက်လာတယ်။ တချို့ဆို မူးယစ်ဆေးဝါးပါ သုံးလာကြတယ်။’’ လို့ နေပြည်တော်က ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဧရာဝတီလမ်းမှာ နာမည်အကြီးဆုံးဆိုင်ကတော့ Excellent ဘား ဖြစ်ပြီး နာမည်ကြီးအဆိုတော်တွေ ပုံမှန်လာရောက်သီဆိုနေတဲ့ နေရာဖြစ်ပါတယ်။

အဲဒီဘားလည်း အပိတ်ခံထားရတယ် လို့ ဧရာဝတီလမ်းထဲက ဆိုင်တချို့က အတည်ပြုပြီး ဘီဘီစီက Excellent ဘားကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

‘’သူတို့ ငွေညှစ်ချင်လို့ နေမှာပေါ့။ အခု ဆိုင်ရှင်လည်း ဆိုင်ပြန်ဖွင့်လို့ရအောင် လိုက်နေပြီလေ။’’ လို့ ဧရာဝတီလမ်းထဲမှာ ဖျော်ဖြေရေးနဲ့ တွဲဖွင့်ထားတဲ့ စားသောက်ဆိုင် ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

ဒါပေမဲ့ ဧရာဝတီလမ်းထဲက စားသောက်ဆိုင်တွေက စစ်တပ် နဲ့ နီးစပ်တဲ့သူတွေ ပါဝင်ပတ်သက်နေလို့ ငွေညှစ်ချင်ရုံနဲ့ အောက်ခြေက အခုလို ပိတ်ခိုင်းရဲမှာ မဟုတ်ဘူး လို့ နေပြည်တော်မှာနေထိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဆိုင်တွေကို ပိတ်ခိုင်းထားပေမဲ့ စစ်ကောင်စီ နဲ့ နီးစပ်သူတွေလာရင် တံခါးဖွင့်ပြီး အထဲမှာ သီးသန့်ဧည့်ခံပေးရတဲ့အကြောင်း ဧရာဝတီလမ်းက ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေပြည်တော်က ဂယက် ရန်ကုန်ကိုလည်း ရိုက်ခတ်

ဇွန်လ နောက်ဆုံးပတ်ကတည်းက နေပြည်တော်မှာ ဖြစ်နေတဲ့ ဘားတွေပိတ်ခိုင်းတဲ့ ကိစ္စဟာ ရန်ကုန်ကိုလည်း ကူးစက်လာပါတယ်။

ရန်ကုန် က ဘား နဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်‌ တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ ယဉ်ကျေးမှုက ကျယ်ပြန့်လာနေပြီး ဝါရင့်အနုပညာရှင်တွေရော တက်သစ်စ အနုပညာရှင်တွေပါ သီဆိုဖျော်ဖြေနေကြတာ ဖြစ်ပါတယ်။

နိုက်ကလပ်၊ KTV၊ ဘား၊ Unplugged နဲ့ စင်တင်တေးဂီတ တွေ ကို ခွင့်ပြုထားတဲ့ လုပ်ငန်းလိုင်စင်တွေ အတိုင်းသာ ဖွင့်လှစ်ဖို့ နဲ့ ခွင့်ပြုမိန့်မရဘဲ လုပ်နေသူတွေ ဇူလိုင် ၅ ရက်က စပြီး ပိတ်သိမ်းကြဖို့ ရန်ကုန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတချို့က ညွှန်ကြားလာပါတယ်။

သတ်မှတ်လိုင်စင်အတိုင်း ဆောင်ရွက်တာမရှိတဲ့ ဆိုင်တွေကို စိစစ်တွေ့ရှိရင် ဆိုင်ကို ထိရောက်ပြင်းထန်စွာအရေးယူပိတ်သိမ်းပြီး ချိပ်ပိတ်မယ်လို့ ‌ဆိုပါတယ်။

'' ရန်ကုန်က နာမည်ကြီးဘားတွေ၊ လှိုင်တို့ ရန်ကင်းတို့ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ တို့က တကယ့်နာမည်ကြီးဘားတွေက စပြီး စင်တင်ဆိုင်တွေ ရော အကုန်တီးဝိုင်းတွေ ဖြုတ်ရတယ်။ ချထားပေးတဲ့ လိုင်စင်အရ ဆိုရင် အရက် နဲ့ ဘီယာပဲ သီးသန့်ရောင်းခိုင်းတာမျိုးဖြစ်တယ် ။ ခေတ်မကောင်းလို့ စီးပွားရေးတွေမပြေလည်ကြရတဲ့အထဲ ဒီလို ညွန်ကြားချက်တွေကြောင့် အလုပ်လက်မဲ့ပါဖြစ်ကုန်ပြီ'' လို့ ရန်ကုန် ၊ ရန်ကင်းမြို့နယ်က ဘားဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

‘’နာမည်ကြီးအဆိုတော်တွေတောင် ဘားတွေမှာ သီချင်းဆိုပြီး စားဝတ်နေရေးဖြေရှင်းနေကြရတာ။ ဒီညွှန်ကြားချက်ကြောင့် အကုန်အခက်တွေ့ကုန်မှာပဲ’’ လို့ ရန်ကုန်က ဘား မန်နေဂျာတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန် မှာ နာမည်ကြီးတဲ့ ညလုံးပေါက်ဖွင့်တဲ့ နိုက်ကလပ်တွေနဲ့ ည အချိန်လွန် အိမ်မပြန်ဘဲ ဆက်နေကြတဲ့ After party တွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်း ကတည်းက ၂ ပတ်ကြာ ပိတ်ခိုင်းထားတယ်လို့ နိုက်ကလပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲဒီညွှန်ကြား‌ချက် နောက်ဆက်တွဲနောက်မှာတော့ Unplugged - တီးဝိုင်း မှာ သီဆိုဖျော်ဖြေမယ့် ဘယ်သူမဆို မြန်မာနိုင်ငံ ဂီတအစည်းအရုံး အသင်းဝင် အဖြစ်လျှောက်ထားရမှာဖြစ်သလို တီးဝိုင်းနဲ့ ဖျော်ဖြေရေး ထည့်ချင်တဲ့ ဘား နဲ့ စားသောက်ဆိုင်တွေအနေနဲ့ Entertainment -ဖျော်ဖြေရေးလိုင်စင် သီးသန့် လျှောက်ထားရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ။

Unplugged - တီးဝိုင်း မှာ သီဆိုဖျော်ဖြေသူတစ်ဦးကလည်း ဒီသတင်းတွေကြားတဲ့အကြောင်း အတည်ပြုပါတယ်။

ဘီဘီစီအနေနဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးဌာနတွေက ဘား နဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်‌တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged - တီးဝိုင်း တွေကို ပိတ်သိမ်းခိုင်းတဲ့ အကြောင်း နဲ့ ဖျော်ဖြေရေးလိုင်စင် သီးသန့် လျှောက်ထားရမယ်ဆိုတဲ့ သတင်းတွေအပေါ် တိတိကျကျ သိရဖို့ ရန်ကင်း နဲ့ လှိုင် က ထွေအုပ်ရုံးတွေကို ဖုန်းဆက် မေးမြန်းပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာမရှိ‌ခဲ့ပါဘူး။

ထွေအုပ်က ပို့လိုက်တဲ့ အမိန့်စာ ရရှိတဲ့အကြောင်းကိုတော့ ရန်ကင်းမြို့နယ်က ဘားဆိုင်ပိုင်ရှင် တစ်ဦးကတော့ အတည်ပြုပါတယ်။

ဒါပေမဲ့ ဘားတွေအားလုံး ကို ပိတ်ခိုင်းတာ မဟုတ်ဘဲ လိုင်စင်မလျှောက်ထားတဲ့ လုပ်ငန်းတွေကို မလုပ်ဖို့ သတိပေးတာလို့ နားလည်တဲ့အကြောင်း သူက ပြောပါတယ်။

Unplugged - တီးဝိုင်းပါတဲ့ ဘားပိုင်ရှင်တစ်ဦးကတော့ သူတို့ဆိုင်ဟာ ဖျော်ဖြေရေးလိုင်စင် လျှောက်မထားဘဲဖွင့်ထားတာဖြစ်ပြီး လျှောက်ရမယ်လို့လည်း မသိရှိထားတဲ့အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်မြို့မှာ အနုပညာရှင်တွေပုံမှန်သီဆိုဖျော်ဖြေနေတဲ့ နားမည်ကြီးဘားတစ်ခုဖြစ်တဲ့ ရေဒီယို ဘား ကလည်း သူတို့ရဲ့ ဖျော်ဖြေရေး Live Band Music တွေ ခေတ္တရပ်နားထားမယ် လို့ ဒီကနေ့ ဇူလိုင် ၆ ရက်မှာ လူမှုကွန်ရက်က တဆင့် ကြေညာပါတယ်။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာပဲ အဲဒီကြေညာချက်ကို ပြန်ဖြုတ်သွားခဲ့ပါတယ်။

ရန်ကုန်မြို့လယ်က ဘားမန်နေဂျာတစ်ဦးကတော့ သူတို့ ဆိုင်တွေကို ရန်ကင်းကလို ညွှန်ကြားချက် မရောက်သေးပေမဲ့ ဆိုင်ကိုပုံမှန်ထက် စောပိတ်ဖို့ ထွေအုပ်က ညွှန်ကြားတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထဲက ဘား တချို့ကို စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမှုတချို့ ရှိခဲ့တယ် လို့အတည်ပြုပါတယ်။

စစ်ကိုင်းတိုင်း မုံရွာ မှာလည်း KTV နဲ့ စားသောက်ကုန် လုပ်ငန်းရှင်တွေကို ထွေအုပ်က ဇူလိုင် ၇ ရက်မှာ အစည်းအဝေးခေါ်ထားပြီး နေပြည်တော် နဲ့ ရန်ကုန်နည်းတူ သတိပေးမှုတွေ လုပ်မယ်လို့ နားလည်ရပါတယ်။

ရန်ကုန်၊နေပြည်တော် နဲ့ မန္တလေး က ဘားတချို့ ပြီးခဲ့တဲ့ နှစ်အတွင်းက ပစ်မှတ်ထားဖောက်ခွဲခံရမှုတချို့ ရှိခဲ့စဉ်ကတောင် စစ်ကောင်စီက ဘားတွေကို အခုလို ဖိအားပေးတာမရှိခဲ့ပါဘူး။

ရန်ကုန်မြို့က Unplugged - တီးဝိုင်းတစ်ခုမှာပါဝင်တဲ့ အနုပညာသမားတစ်ဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို နားမလည်နိုင်ဘူး လို့ ပြောပါတယ်။

‘’မြန်မာပြည်ထဲမှာ ပျော်ရွှင်မှုဆိုတာ တကယ်ရှားရှားပါးပါးပါ။ သူတို့က ကျွန်တော်တို့ကို သီချင်းပါ နားမထောင်စေချင်တော့တာလား’’ လို့ သူက မေးခွန်းထုတ်ပါတယ်။