ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘိန်းခင်းတွေ ဖျက်ဆီးပစ်တဲ့ တာလီဘန်တွေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲ
- ရေးသားသူ, ယိုဂီတာ လီမာယေး
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ အာဖဂန်နစ္စတန်
AK-47 မောင်းပြန်သေနတ်ကို သူ့ဘယ်ဘက်ပုခုံးပေါ်မှာ လွယ်ထားရင်း အဗ္ဗဒူလ် ဟာ ညာဘက်လက်မှာ ကိုင်ထားတဲ့ တုတ်ချောင်းရှည်ကြီးနဲ့ ဘိန်းပင် အဖူးတွေကို လိုက်ရိုက်ချနေပါတယ်။
ဘိန်းပင်ရိုးတွေရော၊ ဘိန်းပန်းအဖူးက အစေးတွေပါ လေထဲလွင့်ကုန်ပြီး စိမ်းရွှေရွှေ ဘိန်းစိမ်းနံ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ အဗ္ဗဒူလ်နဲ့ တခြား လူဆယ်ယောက်ကျော်လောက်ရဲ့ လက်ချက်နဲ့ အဲဒီစိုက်ခင်းမြေအပြည့် ဘိန်းပင်တွေ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။
အဲဒီနောက်မှာ အာဖဂန်ရိုးရာ အင်္ကျီလက်ရှည်၊ ဘောင်းဘီပွပွ ဝတ်ထားကြတဲ့ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ အဲဒီလက်နက်ကိုင်တွေဟာ ထရပ်ကားတစ်စင်းပေါ် စုပြုံတက်သွားခဲ့ကြပြီး နောက်စိုက်ခင်းတစ်ခုဆီ ထွက်သွားခဲ့ကြပါတယ်။
ဒီလူတွေဟာ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်က တာလီဘန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု အမြစ်ဖြုတ် နှိမ်နင်းရေး ကင်းလှည့်စစ်ဆေးမှုမှာ သူတို့နဲ့အတူ လိုက်ကြည့်ဖို့ ဘီဘီစီကို ကြုံတောင့်ကြုံခဲ ခွင့်ပြုခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ်တောင်မရှိသေးတဲ့ ကာလတုန်းက ဒီလူတွေဟာ လက်နက်ကိုင် သူပုန်တွေအဖြစ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ဖို့ တိုက်ခဲ့ကြတာပါ။ အခုတော့ သူတို့ဘက်က အနိုင်ရသွားခဲ့ပြီး တိုင်းပြည် အုပ်ချုပ်နေတဲ့ သူတို့ ခေါင်းဆောင်ရဲ့ အမိန့်အာဏာ အတိုင်း လုပ်ဆောင်နေကြပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလမှာ တာလီဘန် ခေါင်းဆောင် ဟိုင်ဘက်တူလာ အက်ခွန်ဇာဒါက ဘိန်းဖြူထုတ်ရာမှာ အဓိကပစ္စည်းဖြစ်တဲ့ ဘိန်းပင်စိုက်ပျိုးမှုတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ဖို့ အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဒီတားမြစ်မှုကို ကျူးလွန်တဲ့သူမှန်သမျှရဲ့ စိုက်ခင်းတွေ ဖျက်ဆီးခံရမှာ ဖြစ်ပြီး ရှာရီယာ ဥပဒေအရ အပြစ်ပေးခံရမယ်လို့ ဆိုပါတယ်။
ဘိန်းရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကြောင့်ရော၊ ဘာသာရေးအရ ဆန့်ကျင်နေတာကြောင့်ပါ ဘိန်းစိုက်ပျိုးမှု တားမြစ်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ တာလီဘန် ပြောခွင့်ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အရင်က ကမ္ဘာတစ်ဝန်း ဘိန်းစိမ်း ၈၀ ရာခိုင်နှုန်းကျော်ဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်တာပါ။ ဥရောပ ဘိန်းဖြူစျေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ အာဖန်နစ္စတန်နိုင်ငံကလာတဲ့ ဘိန်းစိမ်းတွေကနေ ထုတ်တဲ့ ဘိန်းဖြူတွေ ဖြစ်ပါတယ်။
အခုတော့ ဘိန်းစိမ်းစိုက်ပျိုးမှုကို တိုက်ရိုက်အရေးယူတားမြစ်တာတွေက ဘယ်လောက်ထိရောက်မှုရှိသလဲ ဆိုတာကို သိရဖို့ ဘီဘီစီက အာဖဂန်နစ္စတန်နိုင်ငံထဲ ဝင်ပြီး ဂြိုဟ်တုပုံရိပ်တွေနဲ့ လေ့လာသုံးသပ်ခဲ့ပါတယ်။
ဘိန်းစိုက်ပျိုးမှု တားဆီးနှိမ်နင်းရာမှာ တာလီဘန်ခေါင်းဆောင်တွေဟာ တခြားသူတွေထက် အများကြီး အောင်မြင်မှုရခဲ့ပုံ တွေ့ရပါတယ်။
ဘိန်းစိုက်ပျိုးမှု လျော့ကျ
ဘိန်းအဓိက စိုက်တဲ့ ပြည်နယ်တွေမှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် လျော့ကျသွားတာကို တွေ့ခဲ့ရပြီး မနှစ်တုန်းကထက် ဘိန်းစိုက်ပျိုးမှု ၈၀ ရာခိုင်နှုန်း လျော့ကျသွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဘိန်းခင်းတွေနေရာမှာ အမြတ်အစွန်း ပိုနည်းတဲ့ ဂျုံ၊ပြောင်း တွေကို အစားထိုး စိုက်ခဲ့ကြရတဲ့အတွက် စီးပွားရေး ထိခိုက်နေကြရတယ်လို့ တောင်သူအများအပြားက ပြောပါတယ်။
မြေပြင်အခြေအနေမှန်ကို သိနိုင်ဖို့ နန်ဂါဟာ၊ ကန်ဒါဟာနဲ့ ဟယ်လ်မန် အပါအဝင် ပြည်နယ်အတော်များများဆီ ဘီဘီစီက အရောက်သွားခဲ့ပါတယ်။
စိုက်ခင်းတွေဆီ ရောက်ဖို့ ချိုင့်တွေ၊ ရွှံ့တွေဖုံးနေတဲ့ လမ်းတွေကို ကားနဲ့ ဖြတ်မောင်းခဲ့ရသလို ချောင်းတွေဖြတ်ပြီး တောတောင်လျှိုမြောင် အထပ်ထပ် မိုင်ပေါင်းများစွာ ခြေလျင်လျှောက်ခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။
တာလီဘန်အစိုးရရဲ့ အမိန့်ဒီကရီဟာ ၂၀၂၂ ခုနှစ် ဘိန်းထွက်ရှိမှုနဲ့ မသက်ဆိုင်ခဲ့ပါဘူး။ အဲဒီနှစ်က ဘိန်းထွက်ရှိမှုဟာ ၂၀၂၁ ခုနှစ်ထက် ၃ ဆပိုများတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့ (UNODC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အခုနှစ်မှာတော့ အရမ်းကို ကွာခြားသွားပါပြီ။ မြေပြင်မှာ တွေ့ရတဲ့ အထောက်အထားတွေကို ဝေဟင်က ရိုက်ယူခဲ့တဲ့ ဂြိုဟ်တု ပုံရိပ်တွေကနေ အားဖြည့်သိခဲ့ရပါတယ်။
အာဖဂန်နစ္စတန် မူးယစ်ဆေးဝါးကုန်သွယ်မှုဆိုင်ရာ ကျွမ်းကျင်သူ ထိပ်တန်းပညာရှင် ဒေါက်တာ ဒေးဗစ် မန်းစ်ဖီးလ်ဒ်ဟာ ဂြိုဟ်တုပုံရိပ် လေ့လာစစ်ဆေးရာမှာ အထူးကျွမ်းကျင်တဲ့ ယူကေအခြေစိုက် Alcis ကုမ္ပဏီနဲ့ အတူပူးတွဲ လုပ်ဆောင်နေတာပါ။
“အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၂၂ ခုနှစ်က စိုက်ခဲ့တာထက် ၂၀ ရာခိုင်နှုန်း အောက်ပဲရှိမယ့်ပုံ ရပါတယ်။ ဒီလောက်အထိ လျော့နည်းသွားတာမျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးပါဘူး။” လို့ သူက ပြောပါတယ်။
တောင်သူအများအပြားက တာလီဘန်အစိုးရရဲ့ တားမြစ်မိန့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။ မလိုက်နာသူတွေရဲ့ ဘိန်းခင်းတွေကို တာလီဘန် လက်နက်ကိုင်တွေက လိုက်လံဖျက်ဆီးခဲ့ကြပါတယ်။
နန်ဂါဟာပြည်နယ်မှာ ဘီဘီစီအဖွဲ့အတူလိုက်ပါခဲ့တဲ့ တာလီဘန် ကင်းအဖွဲ့ရဲ့ ခေါင်းဆောင် တူရ်ခန်း က သူနဲ့ သူ့လူတွေ ဘိန်းခင်းတွေ လိုက်ဖျက်ဆီးနေတာ ၅ လနီးပါး ကြာခဲ့ပြီ ဖြစ်ပြီး ဘိန်းခင်းပေါင်း ဟက်တာ သောင်းနဲ့ချီ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
တောင်သူတွေရဲ့ ဒေါသ
ငါ့ရဲ့ စိုက်ခင်းကို နင်တို့ ဖျက်ဆီးပစ်တယ်။ နင်တို့အိမ်ကိုလည်း ဘုရားက ဖျက်ပစ်လိမ့်မယ်လို့ အမျိုးသမီးကြီး တစ်ယောက်က သူ့ဘိန်းခင်းကို ဖျက်ဆီးပစ်နေတဲ့ တာလီဘန် တပ်ဖွဲ့ဝင်တွေကို ဒေါသတကြီး အော်ဟစ် ပြောခဲ့ပါတယ်။
“ခင်ဗျားကို ကိုယ်တိုင်ဖျက်ဆီးပစ်ဖို့ ဒီမနက်ပဲ ကျွန်တော်ပြောခဲ့တယ်မို့လား။ အခု ခင်ဗျား မဖျက်တော့ ကျွန်တော်တို့ ဖျက်ရတာပေါ့။“ လို့ တူရ်ခန်းက ပြန်အော်ပြောခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီးလည်း သူ့အိမ်ထဲ ပြန်ဝင်သွားခဲ့ပါတယ်။
အဲဒီနောက် သူ့သားကို တာလီဘန်တွေ ဖမ်းသွားခဲ့ပါတယ်။ နာရီပိုင်းအကြာမှာတော့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒီဒေသမှာဆိုရင် ဒေါသထွက်နေကြတဲ့ ဒေသခံတွေဆီက အမိန့်မနာခံတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေတာကြောင့် တာလီဘန်တွေဟာ လက်နက်တွေကိုင်ပြီး လူအုပ်စုကြီးနဲ့ သွားရတတ်ပါတယ်။ ဘိန်းစိုက်ပျိုးမှု အမြစ်ဖြုတ် တားဆီးရေး ဆောင်ရွက်နေတုန်း ပစ်ခတ်မှုတစ်ခုအတွင်း အနည်းဆုံး အရပ်သားတစ်ဦး သေဆုံးခဲ့ပြီး တခြား အကြမ်းဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
တာလီဘန်ကင်းလှည့်အဖွဲ့ သူ့ဘိန်းခင်းကို ဖျက်ဆီးနေတာကို ကြည့်နေတဲ့ တောင်သူ အလီ မိုဟာမက် မီယာရဲ့ မျက်နှာက တင်းမာခက်ထန်နေပါတယ်။ ဖျက်ဆီးပြီးသွားချိန်မှာတော့ သူ့ဘိန်းခင်းတစ်ခုလုံးမှာ ကျိုးပဲ့နေတဲ့ ဘိန်းပင်ရိုးတွေ၊ ပန်းရောင်ဘိန်းပန်းတွေ၊ ဘိန်းဖူးစိမ်းတွေနဲ့ ဖုံးလွှမ်းသွားပါတယ်။
တားမြစ်မိန့် ထုတ်ထားတဲ့ကြားက ဘာ့ကြောင့် ဘိန်းစိုက်ခဲ့တာလဲ လို့ သူ့ကို မေးကြည့်ပါတယ်။
“အိမ်မှာ စားစရာ မရှိရင်၊ ကလေးတွေ ငတ်နေရင် ခင်ဗျားရော ဘာလုပ်မလဲ” လို့ သူက ပြောပါတယ်။
“ကျွန်တော်တို့မှာက မြေကွက်အကြီးကြီး မရှိဘူး။ ရှိတဲ့မြေလေးမှာ ဂျုံပြောင်း စိုက်ရင် ဘိန်းစိုက်လို့ ရတဲ့ ငွေရဲ့ မဆိုစလောက်တောင် ရမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။
အံ့သြစရာကောင်းတာက တာလီဘန်တွေက တုတ်ချောင်းတွေပဲ သုံးပြီး ဘိန်းခင်းတွေကို ဖျက်ဆီးသွားနိုင်တဲ့ အမြန်နှုန်း ဖြစ်ပါတယ်။ စတုရန်းမီတာ ၂၀၀ နဲ့ ၃၀၀ ကြားစီ ရှိတဲ့ ဘိန်းခင်း ၆ ခင်းကို နာရီဝက်အတွင်း သူတို့ ရှင်းလင်းဖျက်ဆီးသွားနိုင်ခဲ့တာပါ။
ထမင်းငတ်တော့မယ့် ကိုယ့်ပြည်သူတွေရဲ့ ဝင်ငွေရလမ်းကို ဖျက်ဆီးပစ်ခဲ့တာအပေါ် ဘယ်လိုခံစားမိသလဲလို့ တူရ်ခန်းကို မေးကြည့်ပါတယ်။
“ဒါက ကျွန်တော်တို့ ခေါင်းဆောင်ရဲ့ အမိန့်ပါ။ ကျွန်တော်တို့က သူ့အမိန့်ကို ဘယ်လောက်အထိ တသွေမတိမ်း နာခံသလဲ ဆိုရင် ကျွန်တော့်ကို ကြိုးကွင်းစွပ် သတ်ဖို့ ကျွန်တော့်ရဲဘော်ရဲဘက်ကို ခေါင်းဆောင်က အမိန့်ပေးခဲ့ရင် အဲဒီအမိန့်အတိုင်း ကျွန်တော့်ရဲဘော်ရဲဘက်ထံမှာ အညံ့ခံဖို့ အဆင်သင့်ပါပဲ။“လို့ သူက ပြန်ဖြေခဲ့ပါတယ်။
နိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဟယ်လ်မန်ပြည်နယ်ဟာ အရင်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဘိန်းအဓိက စိုက်ရာ နေရာ ဖြစ်ခဲ့ပြီး တစ်နိုင်ငံလုံးထုတ်တဲ့ ဘိန်းစုစုပေါင်းရဲ့ တစ်ဝက်ကျော်ကို အဲဒီကနေ စိုက်ပျိုး ထုတ်လုပ်ခဲ့တာပါ။ အခု အဲဒီကအခြေအနေကို ဘီဘီစီအနေနဲ့ အတိအကျ သိရဖို့ တာလီဘန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ မပါဘဲ လွတ်လွတ်လပ်လပ် ကိုယ်တိုင်သွားကြည့်ခဲ့ပါတယ်။
မနှစ်တုန်းက အဲဒီပြည်နယ်ကို ရောက်ခဲ့စဉ်တုန်းက မြေပြင်တစ်ခုလုံး ဘိန်းခင်းတွေနဲ့ ပြည့်နေခဲ့တာပါ။ အခုဒီတစ်ခေါက်မှာတော့ ဘိန်းခင်း တစ်ခင်းတလေမှတောင် ရှာမတွေ့ခဲ့ပါဘူး။
ဟယ်လ်မန်ပြည်နယ်က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ၉၉ ရာခိုင်နှုန်းကျော် လျော့ကျသွားပြီလို့ Alcis ကုမ္ပဏီရဲ့ လေ့လာချက်က ဆိုပါတယ်။ “ဟယ်လ်မန်ပြည်နယ်ရဲ့ ထင်ရှားပြတ်သားတဲ့ ဂြိုဟ်တုပုံရိပ်တွေအရ မနှစ်က ဘိန်းခင်း ၁၂၉,၀၀၀ ဟက်တာ ရှိခဲ့ရာကနေ အခုအခါ ဘိန်းခင်း ဟက်တာ ၁,၀၀၀ တောင် မရှိတော့တာ တွေ့ရပါတယ်” လို့ ဒေးဗစ် မန်းစ်ဖီးလ်ဒ် က ပြောပြပါတယ်။
ဂျုံ စိုက်ပျိုးမှု
ဟယ်လ်မန်ပြည်နယ်ရဲ့ မြို့တော် လက်ရှ်ခါ ဂါးရဲ့ တောင်ပိုင်းမှာ ရှိတဲ့ မာဂျားခရိုင်က တောင်သူ နီယာမက်တူလာ ဒေလ်ဆော့ဇ် ကို သူ့စိုက်ခင်းမှာ ဂျုံတွေ ရိတ်နေတုန်း ဘီဘီစီက တွေ့ဆုံခဲ့ပါတယ်။ မနှစ်တုန်းက ဒီမြေကွက်မှာပဲ သူဘိန်းစိုက်ခဲ့တာပါ။ တာလီဘန်တွေ အခိုင်အမာ ထိန်းချုပ်ထားရာနေရာဖြစ်တဲ့ ဟယ်လ်မန်ပြည်နယ်က တောင်သူတွေအနေနဲ့ ဘိန်းစိုက်ပျိုးမှု တားမြစ်မိန့်ကို မဖြစ်မနေ လိုက်နာရုံပဲ ရှိတယ်လို့ သူက ပြောပြပါတယ်။
တောင်သူ အနည်းအပါးလောက်က သူတို့ ခြံဝင်းထဲက ဝင်းထရံတွေနောက်မှာ ဘိန်းတွေ ဖွက်ပြီး စိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ တာလီဘန်တွေ ရှာတွေ့ခဲ့ပြီး ဖျက်ဆီးပစ်လိုက်တယ် လို့ နီယာမက်တူလာ က ပြောပါတယ်။
ဂျုံတွေ ရိတ်သိမ်းနေတဲ့ အသံနဲ့ ငှက်တွန်သံတွေက လွဲလို့ ဒီစိုက်ခင်းမှာ တိတ်ဆိတ်နေပါတယ်။ စစ်ပွဲကာလအတွင်းတုန်းကတော့ ဒီစိုက်ခင်းနေရာက ရှေ့တန်းစစ်မြေပြင် ဖြစ်ခဲ့ပါတယ်။ ဟယ်လ်မန်ပြည်နယ်ဟာ ယူကေတပ်ဖွဲ့ဝင်တွေရဲ့ အခြေစိုက် စခန်းရှိရာ နေရာ ဖြစ်ခဲ့ပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
နီယာမက်တူလာ ဟာ အသက်၂၀ စွန်းစ သာ ရှိပါသေးတယ်။ ဗုံးနင်းမိမှာ မကြောက်ရဘဲ အပြင်ကို ရဲရဲ ထွက်နိုင်တာ သူ့ဘဝမှာ ဒါပထမဆုံးပါ။ ဒါပေမဲ့ စစ်ပွဲရှည်ကြီးကြောင့် ဘဝနာခဲ့ကြရသူတွေအတွက် ဒီဘိန်းစိုက်ပျိုးမှု တားမြစ်မိန့်ကြောင့် နောက်ထပ် အထိနာခဲ့ကြရပြန်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ စီးပွားရေး ပြိုပျက်မှုကြောင့် လူတိုင်းနီးပါး ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရချိန်မှာပဲ ဒီတားမြစ်မိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာဖဂန် လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာ သူတို့ နောက်တစ်နေ့ ထမင်းစားရ မစားရဆိုတာ မသေချာလှပါဘူး။
“ကျွန်တော်တို့ အရမ်း ဒေါသထွက်တယ်။ ဂျုံစိုက်လို့ ရတဲ့ဝင်ငွေက ဘိန်းစိုက်တုန်းက ရတဲ့ ငွေရဲ့ လေးပုံပုံရင် တစ်ပုံလောက်တောင် မရှိဘူး။ ကျွန်တော့်မိသားစုရဲ့ လိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘူး။ ငွေချေးပြီး ကျွေးရတယ်။ ငတ်မွတ်မှုက အထွတ်အထိပ် ရောက်နေပြီ။ အစိုးရဆီကလည်း ဘာအကူအညီမှ မရဘူး။” လို့ သူက ပြောပါတယ်။
ပြည်သူတွေကို အကူအညီပေးဖို့ အစိုးရက ဘာတွေလုပ်နေသလဲလို့ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီယူလာ မူဂျာဟိဒ် ကို ဘီဘီစီက မေးကြည့်ပါတယ်။
“လူတွေ အရမ်းဆင်းရဲနေပြီး ဒုက္ခတွေ ရောက်နေကြတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဘိန်းစိုက်ပျိုးမှုရဲ့ ဆိုးကျိုးက ကောင်းကျိုးထက် အများကြီး ပိုများနေပါတယ်။ လူဦးရေ ပြည်သူ ၃၇ သန်းထဲက ၄ သန်းလောက်ဟာ မူးယစ်ဆေးဝါး စွဲနေကြပါတယ်။ ဒါက အတော့်ကို များတဲ့အရေအတွက်ပါ။” လို့ သူက ရှင်းပြပါတယ်။ “ဘိန်းအစား တခြား အသက်မွေးဝမ်းကြောင်း လုပ်ငန်း အစားထိုး လုပ်နေကြတဲ့အတွက် ဆုံးရှုံးနစ်နာနေတဲ့ အာဖဂန်ပြည်သူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီပေးစေလိုပါတယ်”
အနောက်အုပ်စုနိုင်ငံ တပ်ဖွဲ့ဝင်တွေနဲ့ အရင် အာဖဂန်အစိုးရကို လက်နက်စွဲကိုင် တိုက်နေချိန်တုန်းက တာလီဘန်တွေအတွက် အဓိကဝင်ငွေက ဘိန်းကနေ ရခဲ့တာ ဆိုပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တခြားနိုင်ငံအစိုးရတွေရဲ့ အခိုင်အမာ ပြောဆိုနေတာတွေကို သူက ငြင်းဆိုခဲ့ပါတယ်။
တာလီဘန်အစိုးရက အာဖဂန်နစ္စတန်နိုင်ငံထဲက NGO အဖွဲ့အစည်းတွေအားလုံးမှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့တာကြောင့် နိုင်ငံတကာက သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်ချိန်မှာ နိုင်ငံတကာဆီက အကူအညီရဖို့ သူတို့ ဘယ်လိုမျှော်လင့်နိုင်မှာလဲ လို့ မေးကြည့်ခဲ့ပါတယ်။
“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေးကိစ္စတွေကို နိုင်ငံရေးနဲ့ မရောယှက်သင့်ဘူး” လို့ မူဂျာဟိဒ် က ပြန်ဖြေခဲ့ပါတယ်။
“ဘိန်းဟာ အာဖဂန်နစ္စတန်နိုင်ငံကိုတင် မကပါဘူး။ တစ်ကမ္ဘာလုံးကို ထိခိုက်စေတာပါ။ ဒီမကောင်းဆိုးဝါး ဘိန်းအန္တရာယ်ကနေ ကမ္ဘာကြီးကို ကယ်တင်ပေးနေတာဆိုတော့ အပြန်အလှန်အနေနဲ့ အာဖဂန်ပြည်သူတွေလည်း အကူအညီ ပြန်ရသင့်ပါတယ်။ ဒါက မျှတတယ်လို့ ဆိုနိုင်ပါတယ်။”
ဘိန်းစျေးမြင့်တက်
ဘိန်းထုတ်ရာ အရင်းအမြစ်ကို တားမြစ်ပိတ်ပင်လိုက်တာရဲ့ ရိုက်ခတ်မှုအဖြစ် ဘိန်းစျေးတွေ ထိုးတက်သွားတာကို ထင်ထင်ရှားရှား တွေ့နေရပါပြီ။ တာလီဘန်တွေရဲ့ ဘာသာရေး အခြေစိုက်ရာ နေရာဖြစ်သလို အရင်က ဘိန်းအဓိက စိုက်ပျိုးထုတ်လုပ်ရာ နေရာဖြစ်တဲ့ ကန်ဒါဟာပြည်နယ်မှာ တောင်သူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူက မနှစ်က သူစိုက်လို့ ရခဲ့တဲ့ ဘိန်းထုတ်လေး နှစ်ထုတ်ကို ကိုင်ထားပါတယ်။ ပလတ်စတစ်အိတ် နှစ်အိတ်ထဲမှာ အနံ့ပြင်းတဲ့ ဘိန်းစေး မည်းမည်း တွေ ဘောလုံးတစ်လုံးစာစီ ထည့်ထားပါတယ်။ သူ့ကို ကာကွယ်တဲ့အနေနဲ့ သူ့အမည်ကို မဖော်ပြပါဘူး။
“မနှစ်တုန်းက တားမြစ်မိန့် မထုတ်ခင်လေးမှာပဲ ဒီလို ဘိန်းတစ်အိတ်ကို အခုရတဲ့ စျေးရဲ့ ငါးပုံ တစ်ပုံလောက်နဲ့ ရောင်းခဲ့ရပါတယ်။ စျေးတွေ ပိုတက်အောင် စောင့်နေပါတယ်။ ဒါမှ ကျွန်တော့်မိသားစုကို ပိုကြာကြာ ဆက်ထောက်ပံ့နိုင်မှာမို့ပါ။ ကျွန်တော်တို့ရဲ့ အခြေအနေက အရမ်းကို ဆိုးနေပါပြီ။ အခုဆိုရင် ငွေချေးပြီး အစားအသောက်နဲ့ အဝတ်တွေ ဝယ်ခဲ့ရပါတယ်။ ဘိန်းက အန္တရာယ်ဖြစ်စေတယ်ဆိုတာ သိတာပေါ့ဗျာ။ တခြားရော ဘာလုပ်နိုင်မှာလဲ” လို့ သူက ပြန်မေးခဲ့ပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း အဆင့်ဆင့်ကနေ ဘိန်းဖြူသမားတွေလက်ထဲ ရောက်တဲ့ အရောင်းအဝယ် စျေးနှုန်းကို ရိုက်ခတ်နိုင်ဖို့က အချိန်ကြာကောင်း ကြာနိုင်ပါလိမ့်မယ်။
“ဘိန်းစိမ်းနဲ့ ဘိန်းဖြူ စျေးတွေက အနှစ် ၂၀ အတွင်း အမြင့်ဆုံးမှာ ရှိနေပေမဲ့ အခုနှစ် ဘိန်းစိုက်ပျိုးမှု ဒီလောက်တောင် ကျသွားတဲ့ကြားက ပြီးခဲ့တဲ့ ၆ လအတွင်းမှာ စျေးတွေ ထိုးကျလာနေပါတယ်။ လို့ မန်းစ်ဖီးလ်ဒ် က ပြောပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘိန်းမှောင်ခိုစနစ်ကြီးမှာ ဘိန်းတွေ အကြီးအကျယ် သိုလှောင်ထားတယ်၊ ဘိန်းဖြူ ထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုတွေ ဆက်လုပ်နေတယ်ဆိုတာကို ပြနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေမှာ မူးယစ်ဆေးဝါး သိမ်းဆည်းမိနေတာတွေကို ကြည့်ရင်လည်း ဘိန်းဖြူ ပြတ်လပ်ဖို့ ချက်ချင်းကြီး မဖြစ်နိုင်သေးဘူးဆိုတာကို ပြနေပါတယ်။”
UNODC တာဝန်ရှိပုဂ္ဂိုလ်ဟောင်း မိုက်ခ် ထရေ့စ် ဟာ အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန် ဦးဆောင်ပြီး ဝင်မတိုက်ခင် တစ်နှစ်အလို ၂၀၀၀ ခုနှစ်တုန်းက ပထမ တာလီဘန်အစိုးရက ဘိန်းစိုက်ပျိုးမှု တားမြစ်ပိတ်ပင်ခဲ့ချိန်မှာ ယူကေေအစိုးရရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးပေါ်လစီ ထိပ်တန်း အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။
“အဲဒီတုန်းက အနောက်အုပ်စုနိုင်ငံတွေမှာ ဘိန်းစျေးနဲ့ စျေးကွက်တွေအပေါ် ချက်ချင်းကြီး အကြီးအကျယ် ရိုက်ခတ်တာမျိုး မရှိခဲ့ပါဘူး။ ဒါက မူးယစ်ဆေးဝါး မှောင်ခိုတဲ့ လမ်းကြောင်းတစ်လျှောက်မှာ မူးယစ်ဆေးတွေကို အကြီးအကျယ် သိုလှောင်စုဆောင်းထားလို့ ဖြစ်ပါတယ်။ ဒါက မူးယစ်ဆေးဝါး စျေးကွက်မှာ လုပ်နေကျ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာလည်း အခြေခံအားဖြင့် ပြောင်းလဲသွားတာမျိုး မရှိပါဘူး” လို့ သူက ပြောပါတယ်။
အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ
တာလီဘန်တွေအတွက် ငွေကြေးထောက်ပံ့ရာ အရင်းအမြစ်ကို ဖြတ်တောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဘိန်းထုတ်လုပ်မှုနဲ့ မှောင်ခိုရောင်းဝယ်မှုကို အမြစ်ဖြုတ် ချေမှုန်းပစ်ဖို့ အာဖဂန်နစ္စတန်မှာ ရှိတဲ့ အမေရိကန်က ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးခဲ့ပါတယ်။
တာလီဘန်တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာ ရှိတဲ့ ဘိန်းခင်းတွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဘိန်းသိုလှောင်ရုံတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဘိန်းစက်ရုံတွေကိုလည်း ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် ထောက်ခံအားပေးတဲ့ အရင် အာဖဂန်အစိုးရ ထိန်းချုပ်တဲ့ ဒေသတွေမှာလည်း ဘိန်းတွေ လွတ်လွတ်လပ်လပ် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါကို တာလီဘန်တွေ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မှာ ဘီဘီစီက မျက်မြင် တွေ့ခဲ့ရပါတယ်။
အခုတော့ အနောက်အုပ်စု မလုပ်နိုင်ခဲ့တာကို အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အကောင်အထည်ဖော် လုပ်နိုင်ခဲ့ပုံ တွေ့ရပါတယ်။ ဒါပေမဲ့ သူတို့ဘယ်လောက်ကြာကြာ ဆက်လုပ်နေနိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
ယူကေနဲ့ ကျန်တဲ့ ဥရောပနိုင်ငံတွေမှာ ဘိန်းဖြူစွဲမှုနှုန်းအရ ပြောရမယ်ဆိုရင် အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် လျော့ကျသွားရင် မူးယစ်ဆေး အမျိုးအစား ပြောင်းသုံးလာကြမယ့်ပုံမျိုး တွေ့လာရနိုင်တယ်လို့ မိုက်ခ် ထရေ့စ်က ပြောပါတယ်။
“ဘိန်းထက် အများကြီး ပိုဆိုးနိုင်မယ့် ဓာတုမူးယစ်ဆေးဝါးတွေဘက်ကို လူတွေ လှည့်လာမယ့်ပုံမျိုး ရှိပါတယ်”
အင်မိုဂျန် အန်ဒါဆန်နဲ့ ရေချယ် ရိုက်တို့ အားဖြည့် ပါဝင် သတင်းရေးသားထားပါတယ်။