ဆူဒန်မှာ ဘယ်လို အရေးအခင်းတွေ ဖြစ်နေတာလဲ

sudan

ဓာတ်ပုံ ရင်းမြစ်, REUTERS/ABDULLAH ABDEL MONEIM

ဓာတ်ပုံ ပုံစာ, ယာယီ အပစ်ရပ်မှု ကြေညာထားတဲ့ကြားက အခုလို တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာဖြစ်ပြီး မြို့တွင်းမှာ လူတွေ သန်းနဲ့ချီပြီး ပိတ်မိနေ

ဆူဒန်မြို့တော် ခါတွမ်မှာ အစိုးရစစ်တပ်နဲ့ အစိုးရဆန့်ကျင်တဲ့ တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တခြားနိုင်ငံတွေကလည်း ဆူဒန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေကို ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ပါတယ်။

လက်ရှိ ဧပြီ ၃၀ ရက်နေ့ ညနေအထိ ယာယီ အပစ်ရပ်မှု ရှိခဲ့ရာမှာ နောက်ထပ် သုံးရက်တိုးမယ်လို့ နှစ်ဖက်လုံးက ကြေညာထားတဲ့ကြားက အခုလို တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာဖြစ်ပြီး မြို့တွင်းမှာ လူတွေ သန်းနဲ့ချီပြီး ပိတ်မိနေကာ အစားအစာလည်း မလုံမလောက် ဖြစ်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အပြီးမှာ လက်ရှိအချိန်အထိ လူ ၅၀ဝ ကျော် သေဆုံးခဲ့တယ်လို့ သတင်းပေးပို့မှုတွေ ရှိနေပြီး တကယ်တမ်း လူသေနှုန်းက အဲဒီထက် များနိုင်တယ်လို့ ဆိုပါတယ်။

ဆူဒန်စစ်တပ် ဗိုလ်ချုပ် အဘဒယ် ဖာတာ အယ်လ်ဘာဟန်နဲ့ အမြန်ထောက်ကူတပ် ဗိုလ်ချုပ် မာဟာမက် ဟမ်ဒမ် ဒဂယ်လို တို့ အာဏာလုကြရာက အခုလို ဖြစ်တယ်လို့ ဆိုပြီး RSF ကို စစ်တပ်အောက်ထဲ ထည့်သင့် မထည့်သင့် ဆွေးနွေးမှု မပြေလည်တဲ့အတွက် အခုလို ဖြစ်ကြတာလို့ ဆိုပါတယ်။

sudan

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆူဒန်ကို အနှစ် သုံးဆယ်နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ် ဘာရှားဟာ ၂၀၁၉ မှာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ပြုတ်ကျခဲ့

တိုက်ပွဲတွေ မဖြစ်ခင် ဆူဒန်ရဲ့ နိုင်ငံရေးအခြေအနေ

ဆူဒန်ဟာ အရှေ့မြောက် အာဖရိက နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ကာ ဧရိယာ ကီလိုမီတာ ၁.၉ သန်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။

မွတ်ဆလင် အများစုရှိပြီး အာရပ်နဲ့ အင်္ဂလိပ်စကားပြောတဲ့ ဆူဒန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ရာမှာ သူ့ လူဦးရေ ၄၆ သန်းဟာ တစ်နှစ် ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ သာ ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

၁၉၈၉ မှာ စစ်အာဏာသိမ်းပြီး ဆူဒန်ကို အနှစ် သုံးဆယ်နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ် ဘာရှားဟာ ၂၀၁၉ မှာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ပြုတ်ကျခဲ့ပြီး အရပ်သားနဲ့ စစ်တပ်က ဆူဒန်ကို ပူးပေါင်း အုပ်ချုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၂၁ အောက်တိုဘာမှာတော့ ဗိုလ်ချုပ် ဘာဟန် က ဦးဆောင်ပြီး ဆူဒန်ကို ထပ်မံ စစ်အာဏာသိမ်းလိုက်ပြန်ပါတယ်။

ဆူဒန်နိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဗိုလ်ချုပ် ဖာတာ အယ်လ်ဘာဟန်နဲ့ ဗိုလ်ချုပ် ဒဂယ်လိုတို့ ဦးဆောင်တဲ့ စစ်ကောင်စီက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ဆူဒန်ကို အရပ်သားပြန်လည် အုပ်ချုပ်ရေးနဲ့ နိုင်ငံ အနာဂတ်အပါအဝင် ဗိုလ်ချုပ် ဒဂယ်လိုရဲ့ RSF တပ်ဖွဲ့ဝင် တစ်သိန်းလောက်ကို စစ်တပ်အောက် ပူးပေါင်း ဖွဲ့စည်းတဲ့ ကိစ္စတွေမှာ ဘယ်သူက စစ်တပ်ကို ဦးဆောင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး နောက်ဆုံး တိုက်ပွဲဖြစ်တဲ့အထိ အငြင်းပွားတာလို့ ဆိုပါတယ်။

sudan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေရပ်ပြီး နှစ်ဖက် ဗိုလ်ချုပ်နှစ်ဦး ငြိမ်းချမ်းရေး စကားပြောဖို့အထိ ဖြစ်လာဖို့ဆိုရင် ပြင်ပက ဖိအားပေးမှ ဖြစ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆထား

နှစ်ဖက်တိုက်ခိုက်မှုနဲ့ လိုလားချက်များ

RSF တပ်ဖွဲ့ဝင်တွေ နိုင်ငံအနှံ့ ဖြန့်ချ ပြန်လည်တပ်စွဲမှုကို စစ်တပ်က သူတို့ကို ခြိမ်းခြောက်မှုလို့ ယူဆပြီး ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်း နိုင်ငံအနှံ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်လာရာမှာ အစိုးရတပ်က မြို့တော်ကို လေကြောင်း တိုက်ခိုက်မှုကြောင့်အပါအဝင် အရပ်သား သေဆုံးမှုတွေလည်း ရှိလာခဲ့ပါတယ်။

RSF ဗိုလ်ချုပ် ဒဂယ်လို ကတော့ ဗိုလ်ချုပ် ဘာဟန်ရဲ့ အစိုးရဟာ အစွန်းရောက် အစ္စလာမ္မစ် ဝါဒီတွေ ဖြစ်ပြီး RSF ကသာလျှင် ဆူဒန်ပြည်သူတွေ လွတ်မြောက်ရေးနဲ့ သူတို့လိုချင်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် တိုက်ပွဲဝင်ပေးနေတာလို့ ပြောဆိုထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ၂၀၁၃ မှာ စတင် ထူထောင်ခဲ့တဲ့ RSF ဟာ ဒါဖာမှာ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အထိ သူပုန်တွေကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တဲ့ ဂျန်ဂျဝိ စစ်သွေးကြွတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ဘာဟန် ဘက်ကတော့ သူ့အနေနဲ့ အရပ်သားအုပ်စိုးမှု ပြန်သွားဖို့ ထောက်ခံပေမယ့် ရွေးကောက်ခံ အစိုးရကိုသာ အာဏာလွှဲပေးမယ်လို့ ပြောဆိုထားပါတယ်။

sudan

ဓာတ်ပုံ ရင်းမြစ်, AFP VIA Getty Images

ဓာတ်ပုံ ပုံစာ, မြို့တော် ခါတွန်က ထွက်ပြေးလာသူတွေရဲ့ အဆိုအရ မြို့တွင်းမှာ RSF တပ်ဖွဲ့တွေက အနည်းငယ် အသာရနေပုံပေါ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တိုက်ပွဲ အခြေအနေ ဘယ်လို ဖြစ်လာနိုင်သလဲ

ဆူဒန်ရဲ့ နှစ်ခြမ်းကွဲနေတယ်လို့ ပြောလို့ရတဲ့ စစ်အစိုးရနှစ်ရပ်ရဲ့ တိုက်ပွဲဟာ လျင်လျင်မြန်မြန် ပြီးသွားဖို့တော့ မရှိတာတွေ့ရပြီး နှစ်ဖက်လုံးက ပဋိပက္ခ ဖြစ်စဉ် အဆင့်ဆင့်မှာ မတူညီတဲ့ အားသာချက်တွေ ရှိနေပါတယ်။

မြို့တော် ခါတွမ်က ထွက်ပြေးလာသူတွေရဲ့ အဆိုအရ မြို့တွင်းမှာ RSF တပ်ဖွဲ့တွေက အနည်းငယ် အသာရနေပုံပေါ် ပြီး သူတို့ရဲ့ ပြောက်ကျားတပ်ဖွဲ့ပုံစံက သမားရိုးကျ စစ်တပ်ပိုဆန်တဲ့ ဗိုလ်ချုပ် ဘာဟန်ရဲ့ တပ်ဖွဲ့တွေထက် မြို့တွင်းတိုက်ပွဲနဲ့ ကိုက်ညီနေတာကြောင့် ဖြစ်နိုင်ပါတယ်။

တစ်ဖက်မှာတော့ ဗိုလ်ချုပ် ဘာဟန်ရဲ့ တပ်ဖွဲ့တွေက တင့်ကားနဲ့ တိုက်လေယာဉ် သုံးနိုင်မှု အပါအဝင် လက်နက်အင်အား သာလွန်တဲ့ အားသာချက် ရှိတာကို တွေ့ရပြီး ဒေသတွင်းမှာ အီဂျစ်ရဲ့ ထောက်ခံပေးမှုကိုလည်း ရထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ RSF ဘက်ကလည်း အာရပ်စော်ဘွားများနိုင်ငံရဲ့ ထောက်ခံမှုကို ရထားရုံသာမက ရုရှားက ဗာဂနာ ကြေးစားစစ်သားအဖွဲ့နဲ့တကွ တခြား ဒေသတွင်း စစ်သွေးကြွတွေလည်း RSF ဘက်က တိုက်ခိုက်ပေးလာနိုင်ပါတယ်။

အခုလို အနေအထားတွေကြောင့်သာ ဆူဒန်တိုက်ပွဲ အခြေအနေ ရှည်ကြာသွားနိုင်တာ မဟုတ်ပါဘူး။

ဆူဒန်ကို ဆယ်စုနှစ် သုံးခုနီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ်ဘာရှားဟာ ဒေသတွင်း လူမျိုးစု အသီးသီးအကြားမှာ တင်းမာမှုတွေဖြစ်အောင် သွေးခွဲမှုတွေ လုပ်ခဲ့ပြီး လက်နက်အင်အားကောင်းတဲ့ လူမျိုးစု တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။

အခုလို အနေအထားမှာ ဆူဒန်ပြည်တွင်း ပဋိပက္ခအခြေအနေက ရှိရင်းစွဲထက် အများကြီး ပိုမို ကျယ်ပြန့် ရှည်ကြာသွားနိုင်ပြီး နှစ်ဖက် တိုက်နေတဲ့ ဗိုလ်ချုပ်တွေကလည်း ဒါကို သူတို့အကျိုးအတွက် အသုံးချချင်လို့ လူမျိုးရေး လှုံ့ဆော်တဲ့ စကားမျိုးတွေ ပြောထားခဲ့တာ တွေ့ရပါတယ်။

sudan
ဓာတ်ပုံ ပုံစာ, လက်ရှိ ဆူဒန် ပဋိပက္ခက ဒေသတွင်းနိုင်ငံတွေကို တနည်းနည်းနဲ့ ပျံ့နှံ့သွားမှာကို နိုင်ငံတကာက စိုးရိမ်နေကြ

နိုင်ငံတကာက ဘယ်လို ဖြေရှင်းပေးဖို့ ကြိုးစားနေသလဲ

ဆူဒန်မှာ တိုက်ပွဲတွေ စဖြစ်ပြီး မကြာခင်မှာပဲ ကင်ညာ၊ တောင်ဆူဒန်နဲ့ ဂျီဘူတီ သမ္မတ သုံးဦးက ဆူဒန်ကို သွားရောက် စေ့စပ်ဖို့ စီစဉ်ခဲ့ပေမယ့် တကယ်တမ်း မဖြစ်မြောက်ခဲ့ပါဘူး။

တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့အချိန်မှာ အနည်းဆုံး အရပ်သားတွေ ဘေးလွတ်ရာ ပြေးနိုင်အောင် လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ရပ်မှု လုပ်ဖို့ ကုလသမဂ္ဂနဲ့တကွ အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်နဲ့ ယူကေတို့က ဝင်ရောက် စေ့စပ်ပြီး သဘောတူခဲ့ကြပေမယ့် မြို့တော်မှာ တိုက်ပွဲတွေက ဆက်ဖြစ်နေခဲ့ပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကတော့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပစ္စည်း ၈ တန်လောက် ပါဝင်တဲ့ လေယာဉ်တစ်စီး ဆူဒန်ဆိပ်ကမ်းမြို့ကို ရောက်ရှိလာပြီ ဖြစ်ပြီး ဒီ အကူအညီတွေ ပေးနိုင်ဖို့အတွက် စစ်ဖြစ်နေတဲ့ နှစ်ဖက်စလုံးက ကြက်ခြေနီ အဖွဲ့ဝင်တွေကို လုံခြုံရေး အာမခံချက် ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ပြီး နှစ်ဖက် ဗိုလ်ချုပ်နှစ်ဦး ငြိမ်းချမ်းရေး စကားပြောဖို့အထိ ဖြစ်လာဖို့ဆိုရင် ပြင်ပက ဖိအားပေးမှ ဖြစ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ယူဆထားကြပြီး လောလောဆယ်မှာ နှစ်ဖက်စလုံးက နောက်ဆုတ်မယ့် အလားအလာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆူဒန်ဟာ တည်နေရာအားဖြင့်လည်း နိုင်ငံရေး မတည်ငြိမ်လှတဲ့ အိမ်နီးချင်းနိုင်ငံတွေက ပတ်လည်မှာ ရှိနေတဲ့အတွက် လက်ရှိ ဆူဒန် ပဋိပက္ခက ဒေသတွင်းနိုင်ငံတွေကို တစ်နည်းနည်းနဲ့ ပျံ့နှံ့သွားမှာကို နိုင်ငံတကာက စိုးရိမ်နေကြပြီး ရုရှားကလည်း ဆူဒန်ဆိပ်ကမ်းမြို့မှာ စစ်စခန်းဆောက်ဖို့အထိ ကြိုးစားနေတာ ဖြစ်တဲ့အတွက် ဆူဒန်အရေးဟာ နိုင်ငံတကာအတွက် အရေးပါနေပါတယ်။