ဆူဒန် စစ်တပ်က သူတို့ ဖြုတ်ချထားတဲ့ ဝန်ကြီးချုပ်ကို ပြန်လည် ခန့်အပ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆူဒန်မှာ ပြီးခဲ့တဲ့ လက စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတဲ့ ဝန်ကြီးချုပ် အဗ်ဒဲလာ ဟမ်းဒေါ့ကို ရာထူးပြန်လည် ခန့်အပ်လိုက်ပါတယ်။
ဝန်ကြီးချုပ်ကို တီဗီဖန်သားပြင်ပေါ်မှာ တွေ့မြင်ခဲ့ရပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ်ဒဲလ် ဖာတာ အယ်လ် ဘာဟင်နဲ့အတူ အာဏာခွဲဝေမှု သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့၂နှစ်တုန်းက မစ္စတာ ဟမ်းဒေါ့ကို ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့တဲ့ အရပ်သား ညွန့်ပေါင်း အစိုးရကတော့ စစ်တပ်နဲ့ ချုပ်ဆိုခဲ့တဲ့ အာဏာခွဲဝေရေး သဘောတူညီမှုကိုတော့ အသိအမှတ် မပြုသေးပါဘူး။
စစ်တပ်နဲ့စာချုပ်ချုပ်ဆိုဖို့ ဆူဒန် ဝန်ကြီးချုပ်ရဲ့ဦးခေါင်းကို သေနတ်နဲ့ တေ့ပြီး ခြိမ်းခြောက်စေခိုင်းခဲ့တာ ဖြစ်တယ်လို့လည်း အရပ်သား ညွန့်ပေါင်း အစိုးရ ပြောရေးဆိုခွင့် ရှိသူက ဘီဘီစီကို ပြောပါတယ်။
ဆူဒန်ရဲ့ အနာဂတ်ကို မြေပြင်မှာရှိနေတဲ့ လူငယ်တွေကသာ အဆုံးအဖြတ် ပေးနိုင်မှာဖြစ်တယ်လို့လည်း အရပ်သား ညွန့်ပေါင်း အစိုးရ တာဝန်ရှိသူ ဆာဒစ် အဗ်ဒူ ဖောဝက်ဇ် က ဘီဘီစီရဲ့ သတင်း အစီအစဥ် တစ်ခုမှာပြောဆိုထားပါတယ်။
လောလောဆယ် ဆူဒန်မြို့တော်မှာရှိတဲ့ သမ္မတ နေထိုင်ရာ နေရာအထိ ချီတက် ဆန္ဒပြနေသူတွေရှိနေပြီး စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ ထွက်ခွာပေးဖို့ တောင်းဆိုနေသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲမှုတွေလုပ်နေပါတယ်။
အောက်တိုဘာ ၂၅ရက်နေ့က ဆူဒန်မှာ စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး အရပ်သား အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် အနည်းဆုံး လူ၄၀လောက်သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် အကြမ်းဖက်မှုတွေရပ်တန့်ဖို့အတွက် အခုလို စစ်တပ်နဲ့ သဘောတူခဲ့တာလို့ ဝန်ကြီးချုပ်က ပြောကြောင်း ရိုက်တာ သတင်းဌာနက ကိုးကားရေးသားခဲ့ရာမှာ" ဆူဒန်နိုင်ငံသားတွေရဲ့သွေးတွေဟာ တန်ဖိုးရှိပါတယ်။ သွေးချောင်းစီးမှုတွေ ရပ်တန့်ပြီး၊ လူငယ်တွေရဲ့ အင်အားကို တိုင်းပြည် တည်ဆောက်ရေးနဲ့ ဖွံဖြိုးရေးမှာ အသုံးချရအောင်ပါ" လို့ပြောဆိုခဲ့ပါတယ်။
ဆူဒန် စစ်တပ် အနေနဲ့ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေကို ဘယ်လောက်အထိ အာဏာခွဲဝေ ပေးမှာလဲ ဆိုတာကိုတော့ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
ဆူဒန်မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ နိုင်ငံတကာ နဲ့ ပြည်တွင်းက ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပြီး၊ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားဖို့ တိုက်တွန်းခံနေ ရပါတယ်။
၂၀၁၉ ခုနှစ်မှာ ဆူဒန်ရဲ့ အထင်ကရ ခေါင်းဆောင် အိုမာ အယ်လ် ဘာရှားဟာ တစ်နိုင်ငံလုံးက ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး နောက်မှာ ဆူဒန် စစ်တပ်ဟာ အာဏာခွဲဝေမှု သဘောတူညီချက်မှာ ပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု သဘောတူညီချက် အရ ဗိုလ်ချုပ်ကြီး အဗ်ဒဲလ် ဖာတာ အယ်လ် ဘာဟင် ဟာ နိုင်ငံ့အကြီးအကဲရာထူးကနေ ဆင်းပေးဖို့ ရှိပြီး ဒီလထဲမှာတင် အရပ်သားတစ်ဦးဦးကို ဒီရာထူးနေရာကို အာဏာလွှဲပေးမယ်လို့ သဘောတူညီချက်ထဲမှာပါဝင်နေပါတယ်။
နိုင်ငံရေး သမားတွေဟာ ပြည်တွင်းစစ်ဖြစ်ဖို့ လှုံ့ဆော်နေပြီး စစ်တပ် အနေနဲ့ ဒီ အန္တရာယ်ကို တားဆီးဖို့ အတွက် အာဏာသိမ်းယူခဲ့တာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး အဗ်ဒဲလ် ဖာတာ အယ်လ် ဘာဟင် က ဆိုပါတယ်။
စစ်တပ်နဲ့ ဆူဒန်ဝန်ကြီးချုပ်တို့ အာဏာခွဲဝေရေး သဘောတူ စာချုပ် ကို စောင့်ကြည့်ခဲ့ကြတဲ့ အသိပညာရှင်တွေ၊ သတင်းစာဆရာတွေနဲ့ နိုင်ငံ ရေးသမားတွေကတော့ ဒီသဘောတူညီမှုကြောင့် ဆူဒန်ဟာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည် ရောက်ရှိနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ဘယ်လောက်အထိ ရိုးသားမှု ရှိသလဲ ဆိုတာကိုတော့ လူတွေက မေးခွန်းထုတ်နေကြတယ်လို့ ဘီဘီစီ အာဖရိက သတင်းဌာနက အယ်ဒီတာ မေရီဟာပါ က ပြောပါတယ်။
ဆူဒန်က မတည်ငြိမ်မှုတွေကြောင့် အာဖရိကရဲ့ လုံခြုံရေး အခြေအနေ ကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။









