လျှပ်စစ်မီးပြဿနာက အသေးစားလုပ်ငန်းတွေကို ခြိမ်းခြောက်လာ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်မှာ လျှပ်စစ်မီးပုံမှန်မလာတဲ့အပြင် ပျက်တဲ့အချိန်က ပိုများလာတာကြောင့် လျှပ်စစ်မီးကို အားပြုပြီး လုပ်နေရတဲ့ အသေးစားနဲ့ အလတ်စား SME လုပ်ငန်းတွေအတွက် အခက်ကြုံနေရပါတယ်။

မီးစက်မောင်းပြီး လုပ်ငန်းလုပ်ရတဲ့အခါ ရေရှည်မှာ လောင်စာဆီ‌စျေးနှုန်း မတတ်နိုင်တာကြောင့် လုပ်ငန်း ရပ်နားသွားရသူတွေလည်း ရှိနေပါတယ်။

အောက်တိုဘာလဆန်းကတည်းက မီးပျက်တာတွေ ပိုများလာသလို မီးက လာချင်သလိုလာပြီး ပျက်ချင်တဲ့အချိန် ပျက်နေတယ်လို့ မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို အခက်ကြုံနေရတဲ့ လုပ်ငန်းတွေထဲမှာ ရပ်ကွက်တွေထဲက မိတ္တူကူးတဲ့ လုပ်ငန်း၊ စာစီစာရိုက်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနဲ့ တခြားအသေးစားလုပ်ငန်းတွေ ပါဝင်ပါတယ်။

ကျောက်တံတား၊ လမ်းမတော်၊ လသာနဲ့ ဗဟန်း စတဲ့ မြို့တွင်းမြို့နယ်တချို့မှာတော့ မနက် ၉ နာရီပျက် နေ့လယ် ၁ နာရီလာ၊ နေ့လယ် ၁နာရီပျက်ရင် ညနေ ၅ နာရီလာနဲ့ တစ်ရက်ကို မီးပျက်ချိန် ၄ နာရီ အလှည့်ကျစနစ်နဲ့ ကျန်တဲ့အချိန် ပုံမှန် လျှပ်စစ်မီး ရရှိနေတယ်လို့ ဆိုပါတယ်။

ပုဇွန်တောင်၊ တာမွေ နဲ့ မင်္ဂလာတောင်ညွှန့် စတဲ့ မြို့နယ်တချို့ကတော့ တစ်ရက်ကို ၂ ကြိမ် ၈နာရီ မီးပျက်ပြီး ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒလ၊ ဒေါပုံ၊ သာကေတ၊ နဲ့ ရွှေပြည်သာစတဲ့ မြို့နယ်တချို့ကတော့ အလှည့်ကျစနစ်မဟုတ်ဘဲ မီးလာချင်တဲ့အချိန်လာပြီး ပျက်တဲ့အချိန်ပျက်တာလို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လျှပ်စစ်မီးကို မှီခိုရတဲ့လုပ်ငန်းတွေအားလုံး အခက်အခဲတွေ့

အခုလို လျှပ်စစ်မီးကို မြို့နယ်အလိုက် တန်းတူ အလှည့်ကျစနစ်နဲ့ မဟုတ်ဘဲ ခွဲခြားပြီး ပျက်နေတာကြောင့် မီးပျက်တာပိုများလို့ မီးစက်မောင်းပြီး အလုပ်လုပ်ရတဲ့ SME လုပ်ငန်းလုပ်ကိုင်သူတွေ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

မီးကပျက်တာ များလွန်းလို့ ဘယ်အချိန်ပေးတယ်ဆိုတာကိုတောင် မှတ်မထားတော့ဘူးလို့ အရှေ့ဒဂုံက အသေးစား နဲ့ အလတ်စား လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ မိတ္တူဆိုင်တွေမှာ မိတ္တူကူးရင် မီးလာရင် တစ်မျက်နှာ ၁၀၀ ကျပ်၊ မီးမလာရင် တော့ ၃၀၀ ကျပ်၊ တစ်နေရာနဲ့ တစ်နေရာ မတူကြဘူး”လို့ မိတ္တူကူးစက်လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

မီးစက်ဆီဖိုး နဲ့ မလုပ်နိုင်တဲ့ ဆိုင်တွေကတော့ ဒီအတိုင်းထိုင်နေကြရပြီး မီးလာတဲ့အချိန် အလုပ်လုပ်၊ မလာရင်လည်း ဆိုင်ပိတ်ပြီး အိမ်ပြန်နေကြတယ်လို့ မိတ္တူနဲ့ စာစီစာရိုက်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါတယ်။

“မီးစက်နဲ့ ကျတော့ လူတိုင်းက မိတ္တူမကူးကြဘူး၊ စျေးများလို့လေ။ မီးလာတဲ့ ရပ်ကွက်က ဆိုင်တွေဘက်ကို သွားကူးကြတော့ ဆိုင်က အရင်ထက်ပိုပြီး ဝင်ငွေနည်းလာတယ်”လို့ သူက ပြောပြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အမှောင်ထဲက မိတ္တူကူးစက်လုပ်ငန်းတစ်ခု
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရပ်ကွက်ထဲတင်သာမက စက်မှုဇုန်က ဝန်ထမ်းတွေ စက်ရုံတွေအားလုံးကတော့ လျှပ်စစ်မီးပေါ်မှာဘဲမူတည်ပြီး အလုပ်သွားနေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြပါတယ်။

“တချို့လုပ်ငန်းတွေက လုံးဝကို ရပ်သွားတဲ့ လုပ်ငန်းတွေရှိတယ်၊ ပုံနှိပ်လုပ်ငန်းတွေကတော့ ဒီလိုပဲ ကြိုးစားပြီး ရပ်တည်နေရတာပေ့ါ။ သူတို့ ဆီဖိုးပေးရင် ကျွန်တော်တို့ မီးစက်နဲ့ လုပ်ပေးတယ်။ ပုံနှိပ်ခပဲ ယူတာပေ့ါ။ တချို့သူတွေကတော့ စိတ်ကုန်ပြီး ရပ်သွားတာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ဘက်က အများကြီး စျေးတင်လိုက်လို့မရဘူး။ ဒီ့ထက်ဆိုးလာရင်တော့ ကျွန်တော်တို့လုပ်ငန်းက ပိတ်တဲ့အထိ ဖြစ်သွားနိုင်တယ်” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးပေးတဲ့ စနစ်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC ကို ဘီဘီစီက ဖုန်းဆက်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဆင်ခြေဖုံးမြို့နယ်တချို့မှာတော့ လျှပ်စစ်မီးလာတဲ့အချိန်မှာ မီးအားမပြည့်တာကြောင့် ထမင်းဟင်းတောင် ချက်လို့ မရဘူးလို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။

ဒ့ါအပြင် လျှပ်စစ်မီး အချိန်မမှန်တာကြောင့် အွန်လိုင်းကို အဓိကထား လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေအခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မီးပြတ်ရင် အရေးပေါ်သုံးရတဲ့ လျှပ်စစ်ပစ္စည်းများ အားသွင်းထားစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မီးပြတ်ရင် အရေးပေါ်သုံးရတဲ့ လျှပ်စစ်ပစ္စည်းများ အားသွင်းထားစဥ်

မီးမလာတာနဲ့ ဆက်စပ်ပြီး လုပ်ငန်းလည်ပတ်တဲ့ ကုန်ကျစရိတ်တွေ တက်လာသလို ကုန်ပစ္စည်း ကုန်ကြမ်းစတဲ့ သွင်းအားစုတွေကလည်း စျေးတွေတက်နေတဲ့ အတွက် အခက်အခဲတွေရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

“ပစ္စည်းဖိုးတွေကလည်း တက်တယ်၊ ကိုယ်က ပစ္စည်းဖိုးစျေးတက်လို့ စျေးပြန်ပြီးတော့ တက်လို့မရဘူး“ လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

ဒါအပြင် ဆိုင်ခန်းငှားခတွေကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ၆ လ တစ်ခါလောက် စျေးတက်နေလို့ စီးပွားရေးလုပ်ငန်းတွေမှာ အဘက်ဘက်က ကုန်ကျစရိတ်တိုးလာနေပြီး အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေမှာ လူသစ်တွေဝင်လာပြီး ရင်းနှီးမြုပ်နှံတာထက် ရှိပြီးသားလူတွေတောင် ထွက်သွားတာက များတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိမှာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ပြည့်မီအောင် ဖြည့်ဆည်းမပေးနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ကလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကလွဲရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေဟာ လျှပ်စစ်မီး အချိန်ပြည့်မရဘူး ဖြစ်နေပါတယ်။