မီးပြတ်၊ရေပြတ် နေ့စဥ်တိုက်ပွဲများ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

မနေ့က ည ၁၁ နာရီခွဲ မီးရုတ်တရက်လာချိန်မှာ ထပြီး ရေတင်လိုက်နိုင်တဲ့အတွက် ကိုဟိန်းက ဂုဏ်ယူနေပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံးက သူနေတဲ့မြို့နယ်မှာ ရေဝယ်ရရင် အခုဆို ရေတစ်စည်ကို ကျပ် ၃၅၀၀ စျေးပေါက်ပါတယ်။

အိမ်က ရေစည် ၇ စည်လောက်ဆန့်တဲ့ရေကန်ကို ရေ အပြည့်နီးပါးရောက်အောင်ရေတင်လိုက်နိုင်တဲ့ အတွက် သူတို့ အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို ခံစားနေရတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အိမ်နီးနားချင်းတချို့ကတော့ သူတို့လို ရေမတင်လိုက်နိုင်လို့ ရေပြတ်ရင် ရေတစ်စည်ကို အပြင်က ကျပ် ၃၅၀၀ နဲ့ ဝယ်သုံးရတော့မှာ ဖြစ်မှာပါတယ်။

“တော်သေးတယ် ညက ရေရလိုက်လို့” ဆိုပြီး သူက ပြန်ပြောပြပါတယ်။

 မီးမလာလို့ ရေမရတဲ့ပြဿနာက နောက်ဆက်တွဲကြုံလာရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မီးမလာလို့ ရေမရတဲ့ပြဿနာက နောက်ဆက်တွဲကြုံလာရပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာတချိန်က စံနမူနာ ယူစရာ အခြေခံအဆောက်အအုံတွေ ရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒါပေမဲ့ အခုအခါမှာတော့ နိုင်ငံသား သန်းပေါင်းများစွာသော လူတွေရဲ့ နေ့စဥ်ဘဝကို အရိပ်ထိုးပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေက ဆိုးရွားလာနေပါတယ်။

နေဝင်တာနဲ့ အမှောင်ထုဟာ တိုင်းပြည်ကို ဖုံးလွှမ်းသွားပြီး နိုင်ငံအနှံ့မှာ မရေမရာမှုတွေနဲ့ လူတွေ ဆက်လက်အသက်ရှင်နေကြရပါတယ်။

မီးမလာလို့ ရေဘယ်အချိန်ရမလဲ မသိရသလို ပူလောင်တဲ့ ရာသီဥတုမှာအိပ်စက်ဖို့ ပြဿနာကလည်း နေ့စဥ်ရက်ဆက်ဖြစ်လာနေလို့ လူတစ်ဦးချင်း မိသားစုများနဲ့ လူ့အဖွဲ့အစည်းတွေ အပေါ်မှာ ရိုက်ခတ်မှုတွေ နေ့စဥ်ဖြစ်လာနေပါတယ်။

“အိပ်ရေးပျက်တာတွေများတော့ လူတွေလည်း ငူတူတူတွေ ဖြစ်နေကြတယ်”လို့ ဒလမြို့နယ်ကဒေသခံတစ်ဦးက ပြောပါတယ်။

သူ့မိတ်ဆွေတစ်ဦးဆိုရင် ပူအိုက်တဲ့ အခုလိုရာသီမှာ ရေမရလို့ ရေမချိုးရတာ ၅ ရက်ရှိပြီလို့ပြောပါတယ်။

မုန်တိုင်းဒဏ်သင့်တဲ့ ရခိုင်မှာလည်း တစ်ပြည်နယ်လုံး မီးပြတ် ရေပြတ်ဖြစ်နေသလို မန္တလေး၊ ရန်ကုန်စတဲ့မြို့ကြီးတွေမှာလည်း မီးပြတ်၊ရေပြတ်ပြဿနာတွေကို တနေ့တခြား ပိုပြီးဆိုးလာနေပါတယ်။

 မီးပြတ်ရင် အရေးပေါ်သုံးရတဲ့ လျှပ်စစ်ပစ္စည်းများ အားသွင်းထားစဥ်
ဓာတ်ပုံ ပုံစာ, မီးပြတ်ရင် အရေးပေါ်သုံးရတဲ့ လျှပ်စစ်ပစ္စည်းများ အားသွင်းထားစဥ်

မန္တလေးမြို့မှာ ဒီရက်ပိုင်း လျှပ်စစ်မီးပြတ်ချိန်ကြာတာ ရေမရတာအပြင် မီးလိုင်းကြိုးတွေ ခိုးခံရတာ၊ ရပ်ကွက်က ထရန်စဖော်မာ ပေါက်လို့ ကိုယ်ထူကိုယ်ထ ငွေကြေးစိုက်ထုတ်သုံးစွဲရလို့ ထပ်ဆောင်းအပို ကုန်ကျ စရိတ်တွေ ကျပ်သိန်းချီကုန်ကျတာမျိုးတွေလည်းရှိလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စလို့ မန္တလေးမြို့မှာ လျှပ်စစ်မီး ရရှိချိန်က မြို့နယ်အလိုက် တရက်ကို အများဆုံး ၃ နာရီလောက်သာ ရပါတယ်။ တချို့နေရာတွေမှာတော့ တစ်နာရီလောက်ပဲရတယ်လို့ပြောပါတယ်။

“တစ်ခါတစ်လေ ကျွန်မတို့ဆီ တစ်ညလုံး မလာဘူး”လို့ ချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

လျှပ်စစ်မီးနဲ့ ဆက်စပ်တဲ့ စည်ပင်ကဖြန့်ဖြူးတဲ့ရေ အရပ်အခေါ် မီတာရေနဲ့ စက်ရေတွင်းတွေကလည်း မီးပြတ်တာကြောင့် သောက်သုံး ရေကအစ အခက်ခဲ‌တွေ ရှိလာပါတယ်။

ဒါကြောင့် ရေပြဿနာဖြေရှင်းဖို့ မီတာရေ ရှိသူတွေပါ ရေတွင်းတူးရပြီး ထပ်ဆောင်းကုန်ကျစရိတ်က သိန်း၂၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်တွေမှာ မီးစက်နဲ့ ဖုန်းအားသွင်းတဲ့ ဝန်ဆောင်မှု

ဓာတ်ပုံ ရင်းမြစ်, BNA

ဓာတ်ပုံ ပုံစာ, စစ်တွေမှာ မီးစက်နဲ့ ဖုန်းအားသွင်းတဲ့ ဝန်ဆောင်မှု

“အိမ်က သုံးထပ်ဆိုတော့ မီးမလာရင် အပေါ်ဆုံးထပ် လေဟာပြင် တက်အိပ်တယ်၊တစ်ခါတလေ ဟိုတယ်မှာ အိပ်ရတယ်၊ အိပ်ချိန်မီးလာရင်တော့ အဲကွန်းတစ်လှည့် အားသွင်းပန်ကာတစ်လှည့် “လို့ မန္တလေး ချမ်းမြသာစည်မြို့နယ်မှာနေသူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့က ကိုဟိန်းကတော့ အားသွင်းပန်ကာနဲ့ ညဘက်အိပ်ရကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ရခိုင်မှာတော့ မေလ ၁၄ ရက်နေ့ကတိုက်ခတ်သွားတဲ့ မိုခါမုန်တိုင်းကြောင့် ဓာတ်တိုင်တွေ အားလုံးလဲသွားလို့ မီးလာဖို့လနဲ့ချီပြီး ကြာဖို့ရှိတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို အခက်အခဲတွေဖြစ်နေချိန်မှာ မန္တလေးမြို့က မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာ ထရန်စဖော်မာကို ချိတ်ဆက်ထားတဲ့ မီးကြိုးတွေ အခိုးခံရတာ၊ ထရန်စဖော်မာအိုး ပေါက်တာ၊ မီတာမဆောင်လို့ စွပ်စွဲပြီး ရပ်ကွက်တခုလုံး မီးဖြတ်ပစ်တာတွေပါရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီလို ဖြစ်တဲ့အချိန် လျှပ်စစ်မီးမရရှိတာ အနည်းဆုံးတစ်ပတ်ရှိခဲ့ပြီး ဝယ်သုံးရတဲ့ ရေနဲ့ မီးဖိုးတွေက တစ်ရက်ကို ကျပ်တစ်သောင်းဝန်းကျင် ရှိလာတယ်လို့ သူတို့က ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါ့အပြင် လျှပ်စစ်မီး ပြန်လည်ရရှိဖို့ အပိုထပ်ဆောင်းအဖြစ် တစ်အိမ်ထောင်ကို အနည်းဆုံး ကျပ် ၅၀၀၀ သီးသန့်ပေးရတယ်လို့ သိရပါတယ်။ လျှပ်စစ်မီးကို မီတာမဆောင်တဲ့သူတွေများလို့ ရက် ၂၀‌ ကြာ နှစ်ခါ အဖြတ်ခံခဲ့ရတယ်လို့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဒေသခံတဦးက ပြောပါတယ်။

လျှပ်စစ်မီး၊ သုံးစွဲတဲ့ရေနဲ့ ဆက်စပ်တဲ့ ထပ်ဆောင်းအပိုကုန်ကျစရိတ်ဟာ သာမန်လူနေမှုဝန်းကျင်မှာ တစ်လကို ကျပ်သုံးသိန်းကျော် အထိကို ရှိလာနေတယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အကြီးတန်းအရာရှိကြီးတစ်ဦးကတော့ လက်ရှိမီးမကြာခဏပြတ်နေတာတွေကို နည်းပါးသွားအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အခု မေလ နောက်ဆုံးပတ်တွေကစလို ရေအား လျှပ်စစ်ကနေ တစ်နာရီကို ယူနစ် သန်းပေါင်း ၁၀၀၀ အထိ ပြန်ရရှိလာလို့ လျှပ်စစ်မီးရရှိမယ့် အချိန်တွေထဲက ပြတ်တောက်မှုမျိုးတွေ အများအပြား မရှိနိုင်တော့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ အလှည့်ကျမီးပေးစနစ်နဲ့တော့ ဆက်လက်ဖြန့်ဖြူးပေးသွားဦးမှာလို့ သိရပါတယ်။ ဘဏ္ဍာနှစ် အလိုက် လျှပ်စစ်ပစ္စည်းတွေ ဝယ်ယူရတာဖြစ်တဲ့အတွက် ပျက်စီးမှုတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တာမျိုး မရှိတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။

ကိုဟိန်းကတော့ ပြီးခဲ့တဲ့လက သူရဲ့ဆိုလာနဲ့ချိတ်ထားတဲ့ ဘက်ထရီ ပျက်သွားတာကြောင့် မီးအားကြာကြာအသွင်းခံတဲ့ ပါဝါဘန့်ကို မနေ့က ကျပ် တစ်သိန်းတစ်သောင်းပေးပြီး ဝယ်လိုက်ရတယ်လို့ ဆိုပါတယ်။

ဒီပါဝါဘန့်ကလည်း သူရဲ့ ကွန်ပျူတာကို နှစ်နာရီလောက်သာ သုံးနိုင်တယ်လို့ ဆိုပါတယ်၊

မီးအတွက် ယာယီဖြေရှင်းဖို့ အဖြေရှိပေမဲ့ ရေအတွက်ကတော့ သူမှာ အဖြေ မရှိသေးဘူးလို့ ပြောပါတယ်။

“မီးလာတဲ့အချိန်ကို ရေကမပေး ရေလာပြီဟေ့ ဆိုတာနဲ့ မီးက ပြတ်ပြီဆိုတော့ ဒုက္ခက သံသရာလည်နေတာ ငွေ သိန်း ၃၀ လောက်သုံးပြီးရေတွင်းတူးမှ ဒီပြသာနက ပြေလည်ဖို့ရှိတယ်”လို့ မန္တလေး ဒေသခံတစ်ဦးကပြောပါတယ်။

‌”ရေပြတ် မီးပြတ်နဲ့ လူလိုနေရတယ်မရှိပါဘူး ဘဝက အတော်ဆိုးပါတယ်”လို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။