လျှပ်စစ်မီးမလာတာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြသလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာမှာ လူဦးရေ ၆ သန်းလောက်နေထိုင်တဲ့ ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့ လျှပ်စစ်မီးပြတ်တာက ပိုဆိုးလာပါတယ်။
အခုဧပြီလလယ်ပိုင်းကစလို့ တချို့မီးလာရမယ့် အလှည့်ကျချိန်ဟာ ခေါက်ဆွဲပြုတ်ချိန်လောက်ပဲကြာပြီး ပြန်ပြတ်သွားလေ့ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။
“မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ မီးလာချိန်အတွင်း ၁ နာရီကြာအောင်တောင် မီးမရလိုက်ပါဘူး “လို့ ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဥ်မြို့တော်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
မီးပြတ်တဲ့ရက်နဲ့ ကာလတွေကြာရှည်လာတော့ နေ့စဥ်လူမှုဘဝတွေအပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။
တိုက်ခန်းတွေများတဲ့ ရန်ကုန်မှာမီးမလာတော့ ရေတင်ဖို့မလွယ်သလို ညဘက် တိုက်ခန်းအပူချိန်က အဲကွန်းလေအေးပေးစက်မရှိဘဲ တိုက်ခန်းမှာနေဖို့ ခက်ခဲလှပါတယ်။
ဒါ့အပြင် ဖုန်းအားသွင်းဖို့ ၊ရေတင်ဖို့၊ ရာသီပူတော့ ပန်ကာဖွင့်ဖို့ ၊ အဲကွန်းဖွင့်ဖို့ စတဲ့ ကိုယ်အိမ်မှုကိစ္စတွေပါ လျှပ်စစ်မီး ပုံမှန်မရတော့တာကြောင့် အခက်အခဲဖြစ်လာနေပြီး ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖြေရှင်းလာရပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ နေအိမ်မီးရှို့ မှုတွေ မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားနေသလို နေ့စဥ်မြင့်တက်နေတွေ ကုန်စျေးနှုန်း၊ စက်သုံးဆီစျေးနဲ့ အလုပ်အကိုင်ရှားပါးမှုတွေ အပါအဝင် နောက်ဆုံးမီးပြတ်တဲ့ ပြဿနာနဲ့ ရာသီဥတု အပူဒဏ်က လူတွေကို ဘူးလေးရာဖရုံဆင့် ဖြစ်နေပါတယ်။
မြန်မာနိုင်ငံအတွင်း သာမန်လူတွေ နေ့စဥ်သူတို့ကြုံတွေ့ရင်ဆိုင်နေရတဲ့ မီးပြတ်တဲ့ပြဿနာနဲ့ နောက်ဆက်တွဲတွေ ဖြေရှင်းကြပုံကို ဘီဘီစီကို သူတို့က ပြောပြခဲ့ကြပါတယ်။
ဖုန်းအားသွင်းဖို့ဘယ်လိုဖြေရှင်းကြသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လျှပ်စစ်မီးက အခုရက်ပိုင်း တစ်ခါလာရင် ၁၅ မိနစ်လောက်ပဲလာပြီး ပြတ်သွားလေ့ရှိလို့ လျှပ်စစ်မီးနဲ့ဖုန်းအားသွင်းဖို့ မဖြစ်နိုင်တော့ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။
အဲဒီတော့ ကျွန်တော်တို့ ဖုန်းအားသွင်းဖို့ကို ဆိုလာနဲ့ဖုန်းအားသွင်းတဲ့ နိုင်သလို မီးထွန်းနိုင်တဲ့ အားသွင်းစက်ကလေးတွေ ဝယ်သုံးရတယ်လို့ သူကပြောပါတယ်။
ကျပ် နှစ်သောင်းကျော်က နေ ကျပ် သုံးသောင်းကျော် အထိစျေးပေါက်တဲ့ ဒီအားသွင်းစက်ကတော့ လူကြိုက်များလွန်းလို့ ရောင်းမလောက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒီ စက်ကရောက်တာနဲ့ ကုန်ဖြစ်နေလို့ ဆိုင်မှာ ဝယ်မရဘူးလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။
ဆိုလာနဲ့ဖုန်းအားသွင်းတဲ့ အားသွင်းစက်တလုံးကို ရန်ကုန်မှာ ကျပ် နှစ်သောင်း ခြောက်ထောင်ကျပ်နဲ့ ရောင်းကြတယ်လို့ ပြောပါတယ်။
နယ်ဘက်မှာတော့ အဲဒီ အားသွင်းတဲ့စက်က ဝယ်မရလို့ ဆိုလာနဲ့ ဒီစီအားသွင်းစက်ကို ချိတ်ဆက်ပြီးစျေးကွက်မှာ ရောင်းတာလူကြိုက်များတယ်လို့ ကလေးမြို့က လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဆိုလာ 20 W၊ 25 W၊ 35 W၊ လေးတွေ ကို DC phone Charger နဲ့ တိုက်ရိုက်ဆက်ပြီးရောင်းတယ်။ 12 Volt ကနေ 24 Volt ထိအဝင်ခံနိုင်တဲ့ DC phone Charger ကို ဆိုလာကြိုးမှာ တိုက်ရိုက် ဆက်ပေးလိုက်တယ်။
ဆိုလာလေးတွေက ၃၅၀၀၀ လောက်ကျပြီး Charger လေးတွေက ၅၀၀၀ လောက်ရှိတယ်။ ၄၀၀၀၀ လောက်နဲ့ ဖုန်းနဲ့ ပါဝါဘမ့်အား သွင်းဖို့အဆင်ပြေသွားတယ်” လို့ ကလေးမြို့က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က ပြောပါတယ်။
ပခုက္ကူဘက်မှာတော့ တစ်ရက် ၂၄ နာရီကို ၆ ရပ်ကွက် မီးအလှည့်ကျပေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပခုက္ကူမှာ ၂၄ နာရီတစ်ရက်ကို မီးက ၄ နာရီပဲ ရတော့တယ်လို့ သူက ပြောပါတယ်။
မီးက အချိန်နည်းနည်းဆက်တိုက်ပိုရတဲ့ နေရာတွေမှာတော့ ပါဝါဘမ့်လေးတွေအားဖြည့်ထားပြီး ဖုန်းအားပြန်သွင်းကြတယ်လို့ ပြောပါတယ်။
တချို့မီးစက်နိုးပေးတဲ့နေရာတွေမှာ ဖုန်းအားသွင်းဖို့နေရာလေးတွေ လုပ်ပေးထားပြီး ပြန်လည် ပြီးအားသွင်းကြတာလည်းရှိပါတယ်။
ဒါ့အပြင် ဘယ်ဘက်ထရီနဲ့ မဆို ကလစ်ညှပ်ချိတ်ပြီး အားသွင်းလို့ ရတဲ့ ဖုန်းအားသွင်းလို့ရတဲ့ ပစ္စည်းတွေလည်း စျေးကွက်ထဲမှာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
မီးထွန်းတာ နဲ့ ပန်ကာဖွင့်တာ ဘယ်လိုဖြေရှင်းကြသလဲ
မီးပြတ်တာနဲ့ နောက်ဆက်တွဲပြဿနာက စံချိန်တင်အောင်ပူနေတဲ့ အခုရက်ပိုင်းမှာ အပူဒဏ်သက်သာအောင် ပန်ကာတွေ၊ လေအေးစက်တွေ မီးမရလို့ ဖွင့်မရတဲ့ ဒုက္ခဖြစ်ပါတယ်။
ပန်ကာနဲ့ လေအေးပေးစက်မရှိရင် ရန်ကုန်မြို့က တိုက်ခန်းတွေမှာ ညအိပ်ဖို့က မလွယ်ပါဘူး။
တစ်နေ့ကုန်ပူတဲ့ အပူက ညဘက်မှာ ပြန်ပြီးတော့ တရှိန်ရှိန်နဲ့ ပူတော့ တိုက်ခန်းမှာ ညအိပ်ရတာ ပန်ကာတို့ လေအေးပေးစက်တို့ကို မီးမလာဘဲ ဖွင့်လို့ရအောင် လူတွေက နည်းလမ်းရှာရပါတယ်။
"ဆိုလာနဲ့ ပန်ကာ ထပ်ပြီးဝယ်ရတယ် တစ်လုံးကို ကျပ် ၇၀၀၀၀ ကျော် ကျတယ်"လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
"ဒီ ဆိုလာပန်ကာ တစ်ခုတည်းလည်း မရဘူး။ မီးလာရင် အားသွင်းပြီး ဖွင့်လိုရတဲ့ ပန်ကာ၊ ဘက်ထရီပန်ကာ၊ ပါဝါဘန့်နဲ့ ဖွင့်လို့တဲ့ ပန်ကာ စတာတွေပါ ဝယ်ရတယ် "လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။
အိမ်မှာ မီးလင်းဖို့ကတော့ ဆိုလာပါတဲ့ ဒီစီအားသွင်းမီးလုံးလေးတွေရှိပြီးတော့ တစ်လုံးတစ်သောင်းကျပ်နဲ့ သုံးလို့ရနိုင်ပါတယ်။
အဲဒီ ဆိုလာမီးလုံးလေးတွေက နေ့ဘက်နေပြထားပြီး ညဘက် အဆင်ပြေသလို ချိတ်ထွန်းကြပါတယ်။
ဒါ့အပြင် ဆိုလာမီးအိမ်လေးတွေလည်း စျေးကွက်ထဲမှာဝင်လာပြီး တစ်လုံးကို ကျပ်နှစ်သောင်းလောက်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘက်ထရီနဲ့ ဖွင့်လို့ရတဲ့ ပန်ကာတွေက လည်းစျေးကွက်ထဲမှာ ဝင်လာပါတယ်။
"မီးလာတဲ့အချိန်မှာ ချက်ပြုတ်၊ ရေတင်၊ ဖုန်းအားသွင်း၊ မီးပူတိုက်တွေ ပြီးအောင်ဆက်တိုက်လုပ်ရတာ၊ အဲဒါတွေ ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် အတော်တော်တဲ့ ငါပါလား ဆိုပြီး ချီကျူးရတဲ့ ဘဝဖြစ်နေတာ" လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရေ ပြဿနာကို ဘယ်လိုရှင်းကြသလဲ
မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့အတူ ရေတင်လို့ မရတာကြောင့် လူမှုကူညီရေးအဖွဲ့တွေက သုံးရေပေးဝေနေရတယ်လို့ ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးမလာတဲ့အတွက်ပြီးခဲ့တဲ့ တစ်ပတ်အတွင်းကစပြီး မန္တလေးမြို့ပေါ်မှာ သုံးရေပေးဝေနေရတယ်လို့ သိရပါတယ်။
အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေမှာ ရေလိုအပ်လို့ အကူအညီတောင်းသူတွေ အများဆုံးရှိခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
ရန်ကုန်မှာလည်း ရေလာချိန်နဲ့ မီးလာချိန်မတူလို့ ရေဒုက္ခ ပြဿနာ အမြဲဖြစ်နေရတယ်လို့ ယုဇန ဥယျာဥ်မြို့တော်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။
"မီးလာချိန်နဲ့ ရေလာချိန်တူတဲ့အခါကျတော့ အားလုံးက မော်တာတွေ ဝိုင်းဆွဲကြတော့ မီးက ခဏနေ သွားရော။ အီးပီစီကလည်း ပြောပါတယ် ထရန်စဖော်မာလောင်သွားခဲ့ရင် အသစ်လဲပေးစရာမရှိဘူးလို့ ပြောပါတယ်"လို့ သူက ရှင်းပြပါတယ်။
"ရေကို မီးလာတဲ့ မိဘ ဆွေမျိုးအိမ်တွေအိမ် သွားချိုးရတယ်၊ နောက်ပြီး ရေလုံးဝပြတ်ပြီဆိုရင်တော့ ရေဝယ်ရတာပေါ့ ။ ရေ တစ်စည်ကို ကျပ် ၃၅၀၀ ။ ကျွန်တော့်အိမ်က တိုင်ကီက အပြည့်ဆိုရင် တစ်ခါတင်ရင် ၇ စည် ကျပ် ၂၀၀၀၀ ကျော်ဖိုး ဝယ်ရတယ်"လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့မှာတော့ ညနေပိုင်း မြစ်ဆိပ်မှာ ဆင်းချိုးကြတယ်လို့ မီးမလာရေမလာတဲ့ ပြဿနာဖြေရှင်းကြပုံကို ပြောပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ မန္တလေးတိုင်းဒေသကြီးကော်မတီ
ရေရှည်ဆိုရင် ဘယ်လိုဆက်လုပ်ကြမလဲ
“ပူတယ် ပူတယ် မီးပြတ်တော့ တောလည်းပူတယ်။ မြို့လည်းပူတယ်။ မီးကလည်းပြတ်လို့ လူတွေလည်း ကျွမ်းပြန်နေကြတယ်”လို့ ဒလမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ဘက်မှာ ကန်တွေလည်း ရေခန်း၊ ရေကလည်းမရလို့ ရေရှိတဲ့ အိမ်တွေ လိုက်ချိုးနေရတယ်"လို့ ဒလမြို့ခံတစ်ဦးက ပြောပါတယ်။
တချို့ ရေမချိုးရတာ ၅ ရက်လောက်ရှိတဲ့သူတွေရှိတယ်လို့လည်း ပြောပြပါတယ်။
“မီးက ညနေ ၅ နာရီလာရမယ့်နေ့ဆိုရင် ၅ နာရီတော့လာတယ် ၂ မိနစ်လောက်နေ ပြတ်သွားတယ်။ ည ၉ နာရီ ပြတ်တဲ့အချိန်အထိ ဆက်ပြတ်သွားရော။ ည ၁၂ နာရီလောက်တစ်ခါပြန်လာတယ်။ ၂ နာရီ ပြန်ပြတ်သွား ပြန်ရော။ နောက်မနက် ၄ နာရီလောက်ပြန်လာ၊ ၆ နာရီပြန်ပျက် နောက် တစ်နေ့ကုန် ပြတ်သွားရော” လို့ ဒလမြို့နယ်က မီးလာတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒလဒေသခံတစ်ဦးက ပြောပြပါတယ်။
"ကျွန်တော်တို့ဆီ နေ့ခင်းဘက်လူတွေကိုလာကြည့်ရင် ညဘက်မီးမလာတော့ ပူလို့အိပ်မရဘဲ ညောင်နာနာ ဖြစ်နေကြတယ်"လို့လည်း ပြောပြပါတယ်။
ထမင်းဟင်းချက်တာကိုတော့ အချို့က ဂတ်စ်ဘူးသုံးကြသလို မီးသွေးနဲ့လည်း ချက်ကြရတယ်လို့ ပြောပါတယ်။
ထမင်းတစ်အိုး ဟင်းတစ်အိုးဆိုရင် ဂတ်စတစ်ဘူး ကျပ် ၉၀၀ လောက် ကုန်တယ်လို့ပြောပြပါတယ်။
ရေရှည် မီးပျက်နေရင်တော့ ဒါတွေကို ဘယ်လို ရှင်းရမယ်ဆိုတာ သူတို့မှာ အဖြေမရှိဘူးလို့ ပြောပါတယ်။
"အခုလောလောဆယ် ကျွန်တော်ကုန်တာ ဆိုလာပန်ကာ အတွက် ၇ သောင်း၊ အားသွင်းတာက တစ်သောင်းခွဲ၊ နောက်ဆိုလာ ကွန်ပျူတာ သုံးတာ၊ မီးထွန်းတာက ၄ သိန်း၊ ပါဝါဘမ့်က ၅ သောင်း၊ ဆိုလာဖုန်းအားသွင်းတာက နှစ်သောင်း ကျော် သုံးရတာ၊ ၅ သိန်းကျော်နေပြီ မနည်းတော့ဘူး။ ဒါ ရေဖိုး မပါသေးဘူး "လို့ ရန်ကုန် ယုဇန ဥယျာဥ်မြို့တော် နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။
"ဆိုလာနဲ့ အဲကွန်းတစ်ကောင်ခွဲ၊ ရေတင် တီဗီကြည့်အတွက် တပ်မယ်ဆိုရင် သိန်း ၁၀၀ လောက်ကုန်မယ်။ အဲဒါတွေအတွက် မတတ်နိုင်သေးဘူး ရေရှည်မှာ ဘာဖြစ်မယ် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ကျွန်တော်တို့မှာ အဖြေမရှိဘူး"လို့ သူက ပြောပြပါတယ်။








