လျှပ်စစ်မီးပြတ်တောက်မှု ပိုဆိုးရွားလို့ ကြုံရတဲ့အခက်အခဲတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း လက်ရှိအချိန်ဟာ နိုင်ငံတဝန်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုကို ကြုံနေရချိန် ဖြစ်ပါတယ်။
အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ နေရာအနှံ့ အပြားမှာ လျှပ်စစ်မီးက တစ်ရက် ၂၄ နာရီမှာ အချိန်ပြည့်နီးပါး ပြတ်တောက်နေတဲ့ နေရာဒေသတွေရှိသလို နာရီပိုင်းလောက်ပဲ လျှပ်စစ်မီးလာတဲ့ နေရာဒေသတွေလည်း ရှိနေပါတယ်။
ရန်ကုန် ၊ မန္တလေးလို မြို့ကြီးတွေမှာတော့ လျှပ်စစ်မီးက အလှည့်ကျ အုပ်စုနဲ့ လာသလို အခုရက်ပိုင်းမှာလည်း နှစ်ရက်အကြာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မယ်လို့ YESC က ထုတ်ပြန်ထားတဲ့အတွက် လူထုအကြား အဆင်မပြေမှုတွေ ကြုံတွေ့နေကြရပါတယ်။
အခုလို လျှပ်စစ်မီးက တစ်ရက်တာအချိန်ရဲ့ လေးပုံ တစ်ပုံလောက်ပဲ လာတဲ့အတွက် အသေးစား အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ အပေါ် ကြီးကြီးမားမား သက်ရောက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
မန္တလေးမြို့မှာဆိုရင် ဒီရက်ပိုင်းအတွင်း လျှပ်စစ်မီးတွေ ပြတ်တောက်မှု အချိန်ကြာမြင့်တာတွေ တွေ့ကြုံရပြီး ခွဲတမ်းပေး မီးလာချိန်မှာ အချိန်မှန်မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးမလာတာကြောင့် တနိုင်တပိုင် လုပ်ငန်းတွေကအစ စီးပွားရေးလုပ်ငန်းငယ်အများစုလည်း ရပ်နားထားရတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်း စားသောက်ကုန် လုပ်ငန်းရှင်တဦးက ကုန်ကြမ်းထုတ်လုပ်ရာမှာ လျှပ်စစ်မီးမလာတာကြောင့် အမှာတွေ ရောင်းမပေးနိုင်သလို အခါ သင်္ကြန်တွင်း နီးလာလို့ ပို့ဆောင်ရေးကားဂိတ်တွေ ရပ်နားမယ့်ရက်တွေ ကန့်သတ်လိုက်တာကြောင့်လည်း အခက်အခဲတွေနဲ့ တွေ့ရတယ်လို့ ပြောပါတယ်။
" နေ့တိုင်းမလာတာ များတော့ ဘယ်အချိန်လာမှန်းမသိ မှန်းလို့ကို မရတာ။ ဝေဖာစက်တွေဆို မီးမလာလို့ မရတော့ဘူး။ ရခိုင်ဘက်ဆို ၅ ရက်နေ့ ကားလိုင်းပိတ်မှာဆိုတော့ အလျင်မီအောင် လျှပ်စစ်မီးအားကိုးလို့မရတော့ ဖယောင်းတိုင်နဲ့ အိတ်ပိတ်ရတာပေါ့"လို့ မုန့်မျိုးစုံကို အိတ်ပိတ်နေရင်း ပြောပါတယ်။
မတ်လကုန်ပိုင်းက မန္တလေးမြို့မှာ တရက်တာအတွင်း လျှပ်စစ်မီးလာချိန် ၂ နာရီဝန်းကျင်သာ ရှိခဲ့တဲ့ ရက်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
မြို့ဒေသခံ ထက်ဝက်လောက်ဟာ စည်ပင်ရေကို အားထားရတာကြောင့် စည်ပင်ရေပေးဝေချိန်မှာ သုံးစွဲဖို့ လျှပ်စစ်မီးလာချိန် ရေတင်ရတာ ဖြစ်ပါတယ်။
ရေအားမကောင်းတဲ့ နေအိမ်တွေမှာ ရေစုပ်တင်ရတာကြောင့် အဲဒီလိုအချိန်မှာ လျှပ်စစ်မီးလိုအပ်တာ ဖြစ်ပါတယ်။ လျှပ်စစ်မီးလာချိန်နဲ့ ရေပေးဝေချိန် တူမှ သုံးစွဲဖို့ ရေ အဆင်ပြေတာကြောင့် အခုလို လျှပ်စစ်မီးလာချိန် မမှန်တာကြောင့် သောက်သုံးရေ ရရှိဖို့ပါ အခက်အခဲရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မတ်လ ၂၈ ရက်ကစလို့ သုံးရက်ဆက်တိုက် စည်ပင်ရေမလာတာနဲ့ လျှပ်စစ်မီးပျက်တာကို တွေ့ကြုံရတယ်လို့ ချမ်းမြသာစည်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
"ကန်လှယ်တာလား မသိဘူး။ ရေက တစက်မှကိုမလာတာ။ မနေ့ည ရေလာတော့လည်း ည ၁ နာရီကျော်မှ လာတယ်။ ရပ်ကွက်ထဲ အုန်းအုန်းနဲ့ပဲ။ ဓမ္မာရုံမှာ ရေခပ်ရတယ်။ မိသားစုတစုသုံးဖို့ကို မလုံလောက်ဘူး။ လျှပ်စစ်မီးကလဲ ၁၂ ပျက်မယ်ဆို ၁၁ ဝန်းကျင် ပျက်ခါနီးမှ အလာပြတယ်။ တနေ့ကဆို မိနစ်ပိုင်းလေးပဲ။ အလာပြ။ အပျက်ပြတာ"လို့ ရပ်ကွက်အတွင်း သုံးရေကအစ ပျက်လက်လို့ ဓမ္မာရုံက နာရီပိုင်းလှူတဲ့ ရေကို ရပ်ကွက်ဒေသခံတွေ လုခပ်နေရကြောင်းလည်း သူက ပြောပါတယ်။
လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကတော့ ဒီနေ့ဧပြီ ၁ ရက်နေ့မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC က ကြေညာချက်ထုတ်ပြန်ထားသလို နွေရာသီရောက်ရှိလာပြီဖြစ်လို့ ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျနေတာ၊ ၂၄ နာရီ ပတ်လုံးဓာတ်အားထုတ်ပေးနိုင်တဲ့လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေက မဟာဓာတ်အားလိုင်းတွေ အကြိမ်ကြိမ် ဖောက်ခွဲခံရပြီး အချိန်မီ ပြုပြင်နိုင်ဖို့အတွက် လုံခြုံရေးအခက်အခဲတွေကြောင့် အခုလို လျှပ်စစ်မီးကို အချိန်မှန် မပေးနိုင်တော့တာလို့ ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် YESC ကလည်း ဒီကနေ့ ဧပြီလ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၇ ရက်နေ့က ၂၃၀ ကေဗီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းက တာဝါတိုင် ၂ တိုင်ဖေါက်ခွဲဖျက်ဆီးခံရတဲ့အတွက် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကနေ နိုင်ငံတော်ဓာတ်အားစနစ်ကို ၈၀ မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ ဓာတ်အား ဖြန့်ဖြူးမှုကို ထိခိုက်စေတယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PYT
စီးပွားရေးအကြံပေး ပညာရှင်တချို့ကတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် ရောက်ရှိလာခဲ့တဲ့ ဟောင်ကောင်နိုင်ငံအခြေစိုက် V Power Group က LNG ဓာတ်ငွေ့သင်္ဘောကလည်း ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားတာကလည်း အကြောင်းတစ်ချက်ဖြစ်သလို မဂ္ဂါဝပ် ၁၀၀၀ လောက် လျော့သွားတဲ့အတွက် လျှပ်စစ်မီးက အရင်ကထက်ပိုပြီး အခြေအနေ ဆိုးလာဖို့ပဲရှိတယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး အရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာ လျှပ်စစ်ဖြန့်ဖြူးရေးကိစ္စတွေနဲ့ နီးစပ်ခဲ့တဲ့ စီးပွားရေးအကြံပေးတစ်ဦးက အခုလို ပြောပါတယ်။
" ဒီနှစ်က ပိုဆိုးပြီ။ အရင်ခေတ်က LNG နဲ့ စာချုပ်ချုပ်တယ်။ အရေးပေါ်အတွက်။ အခုက LNG ဈေးတက်နေပြီး မြန်မာငွေကျတော့ ပိုပြီးဆိုးသွားတယ်။စာချုပ်ထဲ ပြင်မချုပ်နိုင်ဘူး ထင်တယ်။ စစ်ကောင်စီ အားပေးပါတယ် ပြောနေတဲ့ လုပ်ငန်းတွေကို ပိုထိခိုက်နိုင်တယ်။ လျှပ်စစ်က အဓိကပဲကိုး။ အချိန်တန်ပြသနာ မဖြေရှင်းနိုင်ရင် ထုတ်လုပ်ရေးပိုင်း တိုးမြှင့်ဖို့ဆိုတာကလည်း။ ပုဂ္ဂလိကခေါ်ရမယ်။ ရင်းနှီးမြှုပ်နှံရဲမှပေါ့။ နိုင်ငံက ပဋိပက္ခ တအားဖြစ်နေတော့ risk ရှိတယ်။ ဒီဘက်ကလည်း ပိုက်ဆံမရှိဘူး။ စီးပွားရေးကောင်းမှ ဖြစ်မှာ။"
အခုလို လျှပ်စစ်မီးက အကြောင်းကြောင်းတွေကြောင့် အဝင်နည်းသလို ဓာတ်အားပေးလိုင်းတွေ ဖောက်ခွဲခံရတာတွေကြောင့်လို့ YESC ကပြောပေမဲ့ လူထုကတော့ ဒီလိုဖောက်ခွဲခံရမှုတွေ ခပ်စိပ်စိပ်မဖြစ်လာခင် အာဏာသိမ်းပြီး နောက်တစ်နှစ်နီးပါးအကြာ ၂၀၂၂ နှစ်ဆန်းပိုင်းတည်းက မီးပြတ်ချိန် ပိုများလာခဲ့တာလို့ ပြောဆိုနေကြပါတယ်။
လျှပ်စစ်မီး ပြဿနာဟာ စီးပွားရေးလုပ်ငန်းတွေကိုလည်း တိုက်ရိုက်သက်ရောက်နေတဲ့အတွက် ဒီဇယ်ဓာတ်ဆီ အစားထိုးသုံးစွဲဖို့ရာမှာလည်း စျေးနှုန်းကြီးမြင့်မှုတွေ လိုသလောက်မရတာတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက ပုံမှန်အတိုင်းမဟုတ်ဘဲ အောက်ကို ထိုးဆင်းသွားနိုင်တဲ့ အလားအလာမှာ ရှိနေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။








