စစ်အသုံးစရိတ် တိုးမြင့်လိုက်တဲ့ တရုတ် - မတ် ၅ ရက် ညနေခင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ရေးအသုံးစရိတ် တရုတ် ပိုမိုတိုးမြှင့်
တရုတ်နိုင်ငံဟာ သူတို့ရဲ့ စစ်ရေး အသုံးစရိတ်ကို ဒီနှစ်မှာ ၇ ရာခိုင်နှုန်းကျော် တိုးမြှင့်သွားမယ်လို့ဆိုပြီး တိုက်ခိုက်ရေး အခြေအနေတွေ အောက်မှာ လေ့ကျင့်ရေးတွေ ပိုမို လုပ်ဆောင်ကြဖို့ ဝန်ကြီးချုပ် လီကွတ်ချန် Li Keqiang က တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ လွှတ်တော် အဖွင့် မိန့်ခွန်းပြောကြားရာမှာ မစ္စတာ လီက တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်တွေဟာ အရှိန်မြင့်လာနေတယ်လို့ ပြောပါတယ်။
ဒါကြောင့် စိန်ခေါ်ချက်တွေကို ပြည့်မီစေဖို့ သင့်တော်တဲ့ ဆောင်ရွက်ချက်တွေကို တရုတ်နိုင်ငံက လုပ်ဆောင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။
ခေတ်သစ်တခုအတွက် စစ်တပ်နဲ့ စစ်ရေး ဗဟာဗျူဟာတွေ အားကောင်းလာစေဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ယူဆချက်တွေကို ကျွန်တော်တို့ အပြည့်အဝ အကောင်အထည် ဖော်သင့်တယ်လို့လည်း ပြောပါတယ်။
ဒေါ်လာ ဘီလီယံ ၂ဝဝ ကျော်ရှိတဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေး အသုံးစရိတ်ဟာ သူ့ထက် လေးဆလောက် ပိုမိုများပြားတဲ့ အမေရိကန်နဲ့ ယှဥ်ရင် အတော်လေး နည်းနေပါသေးတယ်။
ဒါပေမဲ့ စီးပွားရေး တိုးချဲ့မှုထက် ပိုပြီး စစ်ရေး အသုံးစရိတ်ကို တိုးမြှင့်ဖို့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ စစ်တပ်ကို ပိုမိုအားကောင်းလာစေဖို့ သန္နိဌာန် ဖြစ်မယ်လို့တော့ ယူဆရပါတယ်။
ဂျပန်နိုင်ငံလို တခြား ဒေသတွင်း အင်အားကြီးနိုင်ငံတွေကလည်း သူတို့ရဲ့ စစ်ရေး အသုံးစရိတ်တွေကို တိုးမြင့်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟောင်ကောင် နိုင်ငံရေး ဆန္ဒပြပွဲ ဖျက်သိမ်း
ဒီနှစ်ပိုင်းတွေအတွင်း တက်ကြွလှုပ်ရှားသူတွေရဲ့ အရေးအကြီးဆုံး စုဝေးမှုတခု ဖြစ်လာမယ့် ဟောင်ကောင်က နိုင်ငံရေး ဆန္ဒပြပွဲတပွဲကို ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။
ဒီဆန္ဒပြပွဲကို နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ဖို့ စီစဥ်ထားပေမယ့် အခမ်းအနား မစတင်ခင် နာရီပိုင်းအလိုမှာ စီစဥ်သူတွေက ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။
စီစဥ်သူတွေဘက်က အကြောင်းပြချက် မပေးပေမယ့် ရဲတပ်ဖွဲ့ဘက်ကတော့ ဟောင်ကောင်ရဲ့ တင်းကျပ်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေတွေကို ဘယ်သူမှ မချိုးဖောက်အောင် လုပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။
ဘေကျင်းဘက်က ချမှတ်ထားတဲ့ အဲဒီ စည်းမျဥ်းတွေကြောင့် အခုတော့ အစိုးရကို ဝေဖန်ဖို့ အင်မတန် ခက်ခဲလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း
ဖမ်းဝရမ်းထုတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခမ်းကို ထောက်ခံသူတွေက လာဟိုးမြို့မှာ ရှိတဲ့ သူ့နေအိမ် အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။
မစ္စတာ ခမ်းဟာ နိုင်ငံခြားခေါင်းဆောင်တွေဆီက လက်ဆောင်တွေ ရယူခဲ့တဲ့အကြောင်း မမှန်မကန် တင်ပြခဲ့မှုနဲ့ ဆက်စပ်တဲ့ အမှုကိစ္စမှာ တရားရုံးကို လာရောက်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်က တရားသူကြီးတဦးက ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။
သူဟာ အာမခံလည်း မရနိုင်ပါဘူး။
ဒီအမှုဟာ နိုင်ငံရေး စေ့ဆော်မှုပါတယ်လို့ မစ္စတာခမ်းက ပြောဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဘက်ကတော့ သူဟာ ဖမ်းဆီးမှုကနေ ရှောင်တိမ်းနေပြီး အိမ်ထဲမှာလည်း မရှိဘူးလို့ ဆိုပါတယ်။
မစ္စတာ ခမ်းကို ဖမ်းဆီးတာဟာ ပါကစ္စတန် နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဆိုးရွားလာလိမ့်မယ်လို့ သူ့ရဲ့ ပါတီက သတိပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်သူတွေကို ဂရိဝန်ကြီးချုပ် တောင်းပန်
ပြီးခဲ့တဲ့ အင်္ဂါနေ့က ရထားတိုက်မိခဲ့မှုတွေအတွင်း သေဆုံးခဲ့တဲ့ မိသားစုဝင်တွေကို ခွင့်လွှတ်ဖို့ ဂရိ ဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကီစ် Kyriakos Mitsotakis က ပန်ကြားလိုက်ပါတယ်။
လာရစ်ဆာ Larissa မြို့အနီးမှာ ရထားနှစ်စင်း အပြင်းအထန် တိုက်မိခဲ့မှုကြောင့် လူ ၅၇ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဖေ့ဘုတ်စ်ပေါ်က တစ်ဆင့် နိုင်ငံကို တင်ပြတဲ့ ထုတ်ပြန်ချက်တခုမှာ မစ္စတာ မစ်ဆိုတာကိစ်က သူ လူတိုင်းကို တောင်းပန်တယ်၊ အထူးသဖြင့် သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေကို တောင်းပန်အပ်ပါတယ်လို့ ရေးသားထားပါတယ်။
ခရီးသည်တင် ရထားနဲ့ ကုန်တင် ရထားတစင်း မတော်တဆ တိုက်မိခဲ့မှုကြောင့် နိုင်ငံတစ်ဝန်း အမျက်ဒေါသထွက်ခဲ့ကြပါတယ်။
ကျောင်းသား ထောင်ချီနဲ့ ဆန္ဒပြ ရထားဝန်ထမ်းတွေဟား အေသင်မြို့က လွှတ်တော်အနီးမှာ ဆန္ဒပြနေကြပါတယ်။








