ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၆ မြန်မာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ဘာလို့ မရတာလဲ
အာဏာသိမ်းပြီးကတည်းက အာဆီယံရဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ကို တစ်ကြိမ်သာ တက်ရောက်ခွင့်ရခဲ့ပြီး နောက်ပိုင်း ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့် မရတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ၅ ရက်နေ့က နောက်ထပ်ကြီးမားတဲ့ အလှည့်အပြောင်းတခုကို ထပ်ကြုံခဲ့ရပါတယ်။
ဒါကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း အက္ခရာစဥ်အရ နှစ်စဥ်အလှည့်ကျတာဝန်ထမ်းရတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံတာဝန်ယူရမယ့် ၂၀၂၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံကို အာဆီယံကအစားထိုးပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အက္ခရာစဥ်အရဆိုရင် လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနဲ့ မလေးရှားနိုင်ငံ ၂၀၂၅ မှာ အလှည့်ကျဥက္ကဋ္ဌ ၊ မြန်မာက ၂၀၂၆ မှာ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပြီး မြန်မာပြီးမှ ဖိလစ်ပိုင်က တာဝန်ယူရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံ ပထမနေ့မှာပဲ ၂၀၂၆ ခုနှစ်မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးနေရာကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးပြီး ထွက်ပေါ်လာတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက်နေ့က ယေဘုယျဆန်ဆန် ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌရာထူးတာဝန် ထမ်းဆောင်ခွင့် မပေးဖို့ အခုလိုဆုံးဖြတ်ချက်ဟာ နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့လည်း အာဆီယံရေးရာကျွမ်းကျင်သူ ရှေ့ပြေးသံအဖွဲ့ရဲ့ ဒါရိုက်တာ မခင်ဥမ္မာက ပြောပါတယ်။
“အာဆီယံက မြန်မာစစ်ကောင်စီကို ကိုယ်စားပြုခွင့် မပေးဘူးဆိုတာ ပြလိုက်တာဖြစ်တယ်”လို့ မခင်ဥမ္မာက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကလည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို တာဝန်မထမ်းဆောင်နိုင်သေးလို့ အခုလိုအလှည့်ကျော်ခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ပထမဆုံး တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံမှာ အာဆီယံအစည်းအဝေးတွေ လက်ခံကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူဖို့အတွက် မြန်မာနိုင်ငံဘက်က ပထမဆုံး အဆိုပြုခဲ့တာလို့လည်း အာဆီယံ အထွေထွေအတွင်းရေးမှူး အိုကင်မ်ဟုန်က ညီလာခံအပြီးမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ရဲ့အလှည့်ကျ ဥက္ကဋ္ဌနေရာကို လာမယ့် ၂၀၂၆ ခုနှစ်မှာ ရယူရမယ့် မြန်မာနိုင်ငံက ထမ်းဆောင်မှာမဟုတ်ဘူးဆိုတာ မှန်ပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအရ မြန်မာနိုင်ငံတွင်း လက်ရှိအခြေအနေရော၊ အနာဂတ်အခြေအနေပါ မရေမရာ ဖြစ်နေပါတယ်။
နေပြည်တော် အနီးတစ်ဝိုက်အပါအဝင် စစ်ကိုင်း၊ ကရင်၊ ကယားစတဲ့ တိုင်းနဲ့ ပြည်နယ်တွေနဲ့ မြန်မာနိုင်ငံတောင်ပိုင်း မြောက်ပိုင်းတို့မှာပါ တိုက်ပွဲတွေရှိနေပါတယ်။
အာဏာသိမ်းလိုက်ကတည်းက စစ်ကောင်စီဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလ က ဂျာကာတာမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ချခဲ့ပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ရှိနေခဲ့တဲ့ အဲဒီ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက် ဂျာကာတာ အစည်းအဝေးကနေ
၁။ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး
၂။ သက်ဆိုင်သူတွေ တွေ့ဆုံ ဆွေးနွေးရေး
၃။ အဲဒီလို( တွေ့ဆုံ ဆွေးနွေးရေး) ဒိုင်ယာလော့ဂ်တွေ ဖြစ်လာဖို့ အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး
၄။ အာဆီယံကတဆင့် စာနာမှု အကူအညီတွေ ပေးရေးနဲ့
၅။ အာဆီယံ အထူးသံ မြန်မာပြည်ကို လာပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး
ဆိုတဲ့ ဘုံသဘောတူမှု ၅ ချက် ရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ၂ နှစ်ကျော်ရှိလာတဲ့ချိန်အထိ မြန်မာ့အရေးကို အာဆီယံက မဖြေရှင်းနိုင်သေးသလို မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ၊ လေကြောင်းကတိုက်ခိုက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ အာဆီယံဘုံသဘောထား ငါးရပ်က အလုပ်မဖြစ်သလို စစ်ကောင်စီကလည်း လိုက်နာအကောင်အထည်ဖော်တာမရှိတာကြောင့် မြန်မာ့အကျပ်အတည်း အဖြေရှာရာမှာ တိုးတက်မှုမရှိဘူးလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့အပါအဝင်၊ နိုင်ငံတကာနဲ့ မြန်မာက မြန်မာအရေးလှုပ်ရှားဆောင်ရွက်သူတွေက ဝေဖန်နေကြတာဖြစ်ပါတယ် ။
"မြန်မာ့အရေးကို ဖြေရှင်းနိုင်မှသာ အာဆီယံအနေနဲ့ အင်ပြည့်အားပြည့်ရှေ့ဆက်နိုင်မယ်။ ဘုံသဘောတူညီချက် ၅ ချက်ကို ဘယ်လောက်အကောင်အထည်ဖော်နိုင်ထားပြီလဲဆိုတာ ဘက်စုံထောင့်စုံ ပြန်လည်သုံးသပ်မှာဖြစ်ပြီး ဘာတွေလုပ်သင့်တယ်ဆိုတဲ့အကြံပြုချက်တွေကို အာဆီယံခေါင်းဆောင်တွေကို တင်ပြသွားမယ်'' လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီကပြောပါတယ်။
အာဆီယံဥက္ကဋ္ဌ ဖြစ်တာဝန်ယူပါက မြန်မာနိုင်ငံဟာ ဒေသတွင်း ၁၀ နိုင်ငံအရေးကိစ္စများကို ပါကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရမယ့် တာဝန်ကိုယူရမှာလည်း ဖြစ်ပါတယ်။
ဒေသတွင်း ဆင်းရဲချမ်းသာကွာခြားချက်တွေ၊ အင်အားကောင်းတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေ၊ လူဦးရေ သန်း ၃၀၀ ကျော်ခန့်ရှိတဲ့ မွတ်ဆလင်နိုင်ငံတွေ၊ အရှေ့တောင်အာရှက လူဦးရေအများဆုံး ခရစ်ယာန်နိုင်ငံတို့ ပါဝင်တဲ့ယဉ်ကျေးမှုမျိုးစုံတဲ့ ဒေသ ၁၀နိုင်ငံအဝန်းအဝိုင်းတစ်ခု ဦးတည်ချက်တွေကို ပုံဖော်ဖို့ ပဲ့ကိုင်ရမှာလည်းဖြစ်ပါတယ်။
အခုလက်ရှိ အာဆီယံက အကြီးမားဆုံး အခက်အခဲ ပြဿနာက မြန်မာ့အရေးဖြေရှင်းဖို့လည်းဖြစ်ပါတယ်။
ဒါအပြင် ဒေသတွင်း အဖွဲ့ဝင်နိုင်ငံအချို့နဲ့ တရုတ်နိုင်ငံကြား အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ် ပင်လယ်ပြင်ကိစ္စလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးကို အာဆီယံဘက်ကနေ ကိုင်တွယ်ဖြေရှင်းဖို့ အားထုတ်မှုတစ်ခုအနေနဲ့ အလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနဲ့ နောင်အလှည့်ကျဥက္ကဋ္ဌနိုင်ငံတို့ ပူးပေါင်းပြီး ''နိုင်ငံရေးဦးဆောင်ဦးရွက်သုံးဦးတွဲဖက်အဖွဲ့'' ထူထောင်ဖြေရှင်းမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကို အခုလို အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုကျော်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ ကိုယ်စားပြု တဲ့ ခေါင်းဆောင်မပါဘဲ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ကမ္ဘောဒီးယား ဥက္ကဋ္ဌ အဖြစ်တာဝန်ယူချိန်က ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို အာဆီယံရဲ့ မူ ၂ ခုနဲ့ မကိုက်ဘူးလို့ စစ်ကောင်စီက ကန့်ကွက်ခဲ့ပါတယ်။
အဲဒါကတော့ ''အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ချန်လှပ်ထားပြီး အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီခဲ့ခြင်းဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမဟုတ်'' ဆိုပြီး ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ကာယကံရှင်နိုင်ငံ ပါဝင်ခြင်းမရှိတဲ့ ဆွေးနွေးဆုံးဖြတ်ချက်ကို မြန်မာဘက်က လက်မခံပယ်ချလေ့ရှိပေမယ့် အခုအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ကို အလှည့်ကျော်လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီက တိုက်ရိုက်ကန့်ကွက်တာမျိုး မတွေ့ရသေးပါဘူး ။
အာဆီယံ အဖွဲ့ကြီးကို အရှေ့တောင်အာရှ ၆ နိုင်ငံ နဲ့ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ နိုင်ငံနဲ့ လာအိုနိုင်ငံတို့ဟာ ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံအဖွဲ့ဝင် ဖြစ်လာပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံစလုံးအဖွဲ့ဝင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေကြား စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံအချို့က စစ်ခေါင်းဆောင်တွေကို ညီလာခံတက်ခွင့်မပေးဘဲထားတာကြောင့် မြန်မာနိုင်ငံပြဿနာကို မဖြေရှင်းနိုင်တာဖြစ်ကြောင်းပြောပြီး မြန်မာစစ်ခေါင်းဆောင်ကို ညီလာခံတက်ခွင့်ပေးသင့်ကြောင်း အဆိုပြုတာတွေ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့တွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ရှိနေပြီး အင်ဒိုနီးရှားက မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုလားပြီး ထိုင်းနိုင်ငံကတော့ အာဆီယံညီလာခံတွေ တက်ခွင့်မပြုဖို့ ဆုံးဖြတ်ထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေက ပြဿနာတွေ စိန်ခေါ်ချက်တွေ အများကြီးဖြစ်ပြီး နိုင်ငံအနေနဲ့ ပြည်တွင်းရေး ပြဿနာတွေ မရှင်းနိုင်သေးခင်မှာ အာဆီယံတာဝန်ယူဖို့ အဆင့်သင့် မဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ၂၀၂၆ အလှည့်ကျ တာဝန်ကို နောက်ဆုတ်လိုက်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။