"အသည်းထဲမှာ ကြီးထွားနေတဲ့ ကလေးကို ဆရာဝန်တွေ တွေ့ရှိခဲ့"

ပါးလွှာတဲ့မွေ့ယာပေါ်မှာ သူ့အမျိုးသားက နောက်ကနေကျားကန်ပေးကာကူညီထားရတဲ့ ဆာဗက်စ်

ဓာတ်ပုံ ရင်းမြစ်, BBC/Prabhat Kumar

ဓာတ်ပုံ ပုံစာ, ဝမ်းဗိုက်ပိုင်းမှာ ၂၁ ချက်ချုပ်ထားရပြီး သက်သာလာအောင် အိပ်ရာပေါ်မှာ အနားယူနေရတဲ့ ဆာဗက်စ်
    • ရေးသားသူ, စုပေါင်းသတင်းခန်း (Collective Newsroom)
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား

"အန်တာ မပြတ်ဘူး။ ထိန်းထားလို့ကို မရဘူး။ အမြဲတမ်းလိုလို ပင်ပန်းနွမ်းလျှနေပြီး နာကျင်နေတယ်'' ဆာဗက်ရှ်က ဘီဘီစီကို ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် ဆာဗက်ရှ် တစ်ယောက် တရှောင်ရှောင် နေမကောင်းလည်း ဖြစ်ခဲ့ပြီးပါပြီ။ တစ်ခါတရံမှာတော့ ဖျားနာတာမျိုးလည်း ရှိခဲ့ပါတယ်။

"ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဖြစ်မှန်းလည်း မသိနိုင်ခဲ့ဘူး"

အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ဘူလမ်ရှာရာခရိုင်မှာနေတဲ့ ဆာဗက်ရှ်တစ်ယောက် ဆရာဝန်နဲ့ ပထမဆုံးသွားပြပြီး အာထရာဆောင်း ရိုက်ခဲ့ချိန်တုန်းကလည်း ဘာဆိုဘာမှ ပေါ်တာမျိုး မရှိခဲ့ပါဘူး။

ဒါကြောင့် အစာအိမ်မှာ ပြဿနာရှိတယ်လို့ထင်ပြီး သောက်လက်စ ပိုးသတ်ဆေးတွေကိုပဲ ဆက်သောက်ခဲ့ပါတယ်။

ဆေးသောက်ပြီး တစ်လကြာတဲ့အထိ အခြေအနေက မထူးခဲ့ပါဘူး။ ဒါကြောင့် ဆေးခန်းကိုနောက်တစ်ခေါက် ပြန်ပြပါတယ်။

ဒီတခါမှာတော့ ပေါ်လာတဲ့ဓာတ်ပုံကြောင့် ဆရာဝန်တွေတောင်် အတော်လေးကို ယုံရခက်ခက် ဖြစ်ခဲ့ကြရပါတယ်။

အိန္ဒိယနိုင်ငံ၊ မီရွတ်မြို့က လုပ်သက်နှစ် ၂၀ ရှိတဲ့ဓာတ်မှန်ဆရာဝန် ဒေါက်တာ ကေကေ ဂုတာကတောင် သူ့ရဲ့လူနာ ဆာဗက်ရှ်ရဲ့ အာထရာဆောင်းကို ကြည့်ပြီး ပထမဆုံးအကြိမ် အလွန်အံ့အားသင့်ခဲ့ရတယ်လို့ ပြောပါတယ်။

"သူ့အသည်းရဲ့ညာဘက်ခြမ်းမှာ သီတင်းပတ် ၁၂ ပတ်ရှိပြီဖြစ်တဲ့ သန္ဓေတည်နေပြီ'' လို့ သူက ပြောပါတယ်။ MRI ဓာတ်မှန်ကြည့်ရတဲ့သူ့သက်တမ်းတလျှောက် ဒါမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူးလို့ သူက ပြောပါတယ်။

"တကယ်ပဲ ကိုယ်ဝန်ရှိနေတာလားဆိုတာ အတိအကျ သိနိုင်အောင် ဓာတ်မှန်ကို အကျော့ကျော့ အပိုင်းပိုင်း ရိုက်ခဲ့သေးတယ်''

သူတို့ရွာက အိမ်အပြင်ဘက်မှာခုံနဲ့ထိုင်နေတဲ့ ဆာဗက်ရဲ့ခင်ပွန်း

ဓာတ်ပုံ ရင်းမြစ်, BBC/Prabhat Kumar

ဓာတ်ပုံ ပုံစာ, ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ အခုသန္ဓေတည်မှု အခြေအနေကြောင့် မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပိုင်းကိုပါ အလွန်အမင်းစိန်ခေါ်မှုဖြစ်ခဲ့တယ်လို့ ဆာဗက်ခင်ပွန်း ပရမ်ဗီယားက ပြောပါတယ်

မျိုးအောင်သွားတဲ့ မျိုးဥဟာ သားအိမ်ထဲမဟုတ်ဘဲ တခြားနေရာတစ်ခုမှာ ကပ်ပြီး အခြေတည်တဲ့အခါ သားအိမ်ပြင်ပ နေရာလွဲမှား သန္ဓေအောင်တဲ့ဖြစ်ရပ် ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်မှုဖြစ်ရပ် ၈၀ မှာ သားအိမ်ပြင်ပ နေရာလွဲမှား သန္ဓေအောင်မှု ဖြစ်လေ့ရှိပြီး တချို့ဖြစ်ရပ်တွေမှာ မိခင်အတွက် အသက်အန္တရာယ်ရှိပါတယ်။

ဆာဗက်ရှ်ရဲ့ဖြစ်ရပ်မှာတော့ သားအိမ်ထဲမှာ သန္ဓေတည်ရမယ့်အစား ဝမ်းတွင်းသန္ဓေသားဟာ သူ့ရဲ့ အသည်းထဲမှာ ကြီးထွားခဲ့တာပါ။

အသည်းဟာ လူ့သွေးတွင်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတာကို အဓိကလုပ်ဆောင်တဲ့အရာဖြစ်ပြီး သွေး မခဲအောင်နဲ့ သွေးတွင်း သကြားဓာတ်ထိန်းပေးရာမှာ အရေးပါပါတယ်။

ပုံမှန်မဟုတ်တဲ့ အသည်းအတွင်းမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ အလွန်ကို ရှားပါးပါတယ်။ ရှားပါးဖြစ်ရပ်မို့လို့ ဆာဗက်ရှ်ရဲ့ကိုယ်ဝန်အခြေအနေကို နိုင်ငံတကာဆေးပညာအသိုင်းအဝိုင်းကနေ အာရုံစိုက်မှုလည်း ရရှိခဲ့ပါတယ်။

MRI ရိုက်ကူးထားမှု ရလဒ်ကို ကွန်ပျူတာမှာကြည့်နေတဲ့ အိန္ဒိယ၊ မီရွတ်က လုပ်သက်နှစ် ၂၀ ရှိတဲ့ ဓါတ်မှန်ဆရာဝန် ဒေါက်တာကေကေ ဂုတာ

ဓာတ်ပုံ ရင်းမြစ်, BBC/Prabhat Kumar

ဓာတ်ပုံ ပုံစာ, ဆာဗက်ရှ်ရဲ့ဖြစ်စဥ်ဟာ ဆယ်စုနှစ်နဲ့ချီပြီး အတွေ့အကြုံရှိတဲ့ဆရာဝန်တွေကိုတောင် အံ့သြ မင်သက်စေခဲ့ပါတယ်

ပြန်သက်သာလာခြင်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆာဗက်ရှ်တို့ ဇနီးမောင်နှံကတော့ ပြီးခဲ့တဲ့ ၃ လအတွင်း သူတို့ရဲ့ ဘဝဖြတ်သန်းရမှု အထွေထွေဟာ မိသားစုတစ်ခုလုံးအတွက် တကယ့်ကို ခက်ခဲသလို ငွေရေးကြေးရေးအပိုင်းမှာလည်း ဖိအားတွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဆာဗက်ရှ်တို့နဲ့တွေ့ဆုံဖို့ သူ့ရဲ့ရွာ ဒက်စ်ကျူရာကို ဘီဘီစီက သွားခဲ့ပါတယ်။ ချုပ်ရာ ၂၁ ချက်ရှိတဲ့ သူရဲ့ဝမ်းဗိုက်ညာဘက်ပိုင်း အစာအိမ်နားတစ်ဝိုက်ကို ကျယ်ပြန့်တဲ့ ပတ်တီးတွေနဲ့ စည်းထား ရပါတယ်။ သူ အိပ်ရာပေါ်မှာ အနားယူနေပြီး နာကျင်မှုကို ခံစားနေရတုန်းပါ။

သူ့ရဲ့လစဥ်ရာသီစက်ဝန်းဟာ ပုံမှန်ရှိနေတာကြောင့် ဆရာဝန်ပြောခဲ့တဲ့ သူ့အနေနဲ့စိုးရိမ်စရာ ကောင်းတဲ့အခြေအနေဆိုတာကို သူက အထူးသဖြင့် ယုံကြည်နိုင်ဖို့ကို ခက်ခဲနေတယ်လို့ ဆာဗက်ရှ်က ပြောပါတယ်။

''အခုလို ပုံမှန်မဟုတ်တဲ့နေရာမှာ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးတွေဟာ အကြီးအကျယ်ကို သွေးသွန် ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ဝန်ရှိမှန်းသိဖို့ အချိန်ယူရတယ်" လို့ ဒေါက်တာ ကေကေ ဂုတာက ရှင်းပြပါတယ်။

ကျန်းမာရေးစိစစ်မှုတွေ အတော်များများပြုလုပ်ပြီးတဲ့နောက်မှာတော့ သန္ဓေသားလောင်းကို ခွဲပြီးတော့ ထုတ်လိုက်တဲ့နည်းလမ်းက လွဲပြီး ဘာမှမရှိတော့ဘူးလို့ သူ့ရဲ့ ဆရာဝန်က ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လို့ အဲဒီသန္ဓေသားလောင်းဟာ ဆက်ပြီး ကြီးထွားနေမယ်ဆိုရင် သူ့ရဲ့အသည်းဟာ ပေါက်ထွက်ပြီး သူဟာ အသက်ဆုံရှုံးရမယ့် အခြေအနေဖြစ်ပါတယ်။

ခွဲစိတ်မှုက ရှုပ်ထွေးလွန်းတာကြောင့် ဒေလီမှာ ခွဲစိတ်ဖို့အတွက် သူတို့ ဇနီးမောင်နှံကို အကြံပေးခဲ့ပေမဲ့လည်း ကုန်ကျစရိတ်ကို ကျခံနိုင်စွမ်းသူတို့မှာ ရှိမနေပါဘူး။

"ကျွန်တော်တို့မှာ ဆင်းရဲလို့ ဒေလီကို သွားပြီး ဆေးကုသဖို့ရာ မဖြစ်နိုင်ခဲ့ဘူး'' လို့ ပရမ်ဗီယားက ပြောပါတယ်။

ဆာဗက်ရှ်ဟာ နာကျင်မှုတွေကို သုံးလလောက် ခံစားခဲ့ရပြီး နောက်ဆုံးမှာတော့ မီရွတ်က ပုဂ္ဂလိက ဆေးရုံရဲ့ဆရာဝန်အဖွဲ့ ဟာ သူ့ကို ခွဲစိတ်ကြဖို့ သဘောတူခဲ့ပြီး မိနစ် ၉၀ ကြာခွဲစိတ်ခဲ့ပါတယ်။

ပြတင်းပေါက်ရှေ့မှာ ဗီဒီယိုကောပြောနေတဲ့ ဒေါက်တာ မိုနီကာ အာနတ်

ဓာတ်ပုံ ရင်းမြစ်, BBC/Prabhat Kumar

ဓာတ်ပုံ ပုံစာ, ပုံမှန်မဟုတ်တဲ့နေရာမှာ သန္ဓေတည်တာဟာ ကိုယ်ဝန်ဆောင်သူတွေရဲ့ ၁ ရာခိုင်နှုန်း လောက်ပဲရှိတာလို့ ဒေါက်တာမိုနီကာ အာနတ် က ပြောပါတယ်

အသည်းထဲမှာ သန္ဓေတည်တာ ဖြစ်တောင့်ဖြစ်ခဲလား

အသည်းလို ပုံမှန်မဟုတ်တဲ့နေရာသန္ဓေတည်တာဟာ ဘယ်လောက်အထိ ရှားပါးတဲ့ဖြစ်စဉ်လဲ။

မျိုးဥအိမ်ကနေ မမျိုးဥကို ထုတ်လွှတ်လိုက်ပြီး သုတ်ပိုးနဲ့တွေ့ဆုံကာ သန္ဓေအောင်ရာကနေ များသောအားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာနိုင်တာလို့ ဗာရာဏသီ၊ BHU ဆေးပညာသိပ္ပံအင်စတီကျူ သားဖွားနဲ့ မီးယပ်ဌာန ဆရာဝန် ဒေါက်တာ မန်တ ဆင်းမ်က ရှင်းပြပါတယ်။

အဲဒီမျိုးအောင်တဲ့ဥဟာ သားဥပြွန်တလျှောက်ကနေ သားအိမ်ဆီကို ရွှေ့လျားသွားပြီး သန္ဓေသားလောင်းဟာ တွယ်ကပ်ပြီး ဖွံ့ဖြိုးလာတာပါ။

အချို့ဖြစ်စဥ်တွေမှာတော့ မျိုးအောင်တဲ့သားဥဟာ သားအိမ်ထဲကို ရောက်ရမယ့်အစား သားဥပြွန်အတွင်းမှာပဲ ကျန်နေခဲ့တာ ဒါမှမဟုတ် တစ်ခါတလေမှာ အခြားသောအင်္ဂါတွေရဲ့မျက်နှာပြင်မှာ ကပ်သွားတာမျိုးပါ။

ဆာဗက်ရှ်ဖြစ်စဉ်ကတော့ သူ့ရဲ့အသည်းမှာ သန္ဓေသားလောင်းက ကပ်တွယ်သွားတာပါ။ အသည်းရဲ့ သွေးလည်ပတ်နိုင်မှု လုပ်ဆောင်နိုင်စွမ်းကတော့ ကောင်းမွန်ပါတယ်။ ဒါကြောင့် အစောပိုင်းရက်တွေအတွင်း သန္ဓေသားအတွက် "ပေါက်ပွားနိုင်တဲ့နေရာ"လိုမျိုးဖြစ်ခဲ့တာပါ။

ကမ္ဘာတစ်ဝန်းလုံးမှာတော့ သားအိမ်မဟုတ်တဲ့ တခြားနေရာမှာ သန္ဓေတည်ခြင်း ဖြစ်နိုင်ခြေဟာ ကိုယ်ဝန်ဆောင်တွေရဲ့ ၁ ရာခိုင်နှုန်းအတွင်းမှာပဲ ရှိပါတယ်လို့ ပတ်နာ AIIMS သားဖွားနဲ့ မီးယပ်ဌာန ပါမောက္ခ ဒေါက်တာမိုနီကာ အာနတ်က ပြောပါတယ်။

"အဲဒီလို အသည်းအတွင်းကိုယ်ဝန်ရှိခြင်းက ကိုယ်ဝန်သည် ၇ သန်းကနေ ၈ သန်းရှိတဲ့အထဲမှာမှ တစ်ယောက်ဖြစ်တာလို့ ခန့်မှန်းပါတယ်" သူကပြောပါတယ်။

ဆာဗက်ရှ် မတိုင်ခင်ကဆိုရင် အသည်းအတွင်း ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဥ်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာမှ ၄၅ ခုပဲ ရှိခဲ့တာ။ အဲဒီထဲက ၃ ခုကတော့ အိန္ဒိယမှာ ဖြစ်တာပါ။ ပထမဆုံးဖြစ်စဥ်ကတော့ ၂၀၁၂ ခုနှစ်၊ ဒေလီအမျိုးသမီးအထူးအကျိုးဆောင် ဆေးပညာကောလိပ်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

အခုသတင်းကို ဘီဘီစီရဲ့ စုပေါင်းသတင်းခန်း (Collective Newsroom) ကနေ တင်ဆက်ပါတယ်။